Sunday, September 29, 2013

ပညာရေးမူဝါဒစီးချင်းထိုးခန်း

,


ကိုကြီးသောင်း

၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ်ဝေသော ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၄ တွင် ဒေါက်တာသိန်းလွင်ရေးသားထားသော ဒီမိုကရေစီ ပညာရေးပြုပြင်ပြောင်းလဲမှု ပညာရေးဥပဒေမရေးမီ ပညာရေး မူဝါဒကို ဦးစွာဆွေးနွေးသင့်ပါသည် ဆိုတဲ့ ဆောင်းပါးကိုဖတ်မိပြီးသောအခါ ပညာရေးအပေါ်စိတ်ဝင်စားသော ကိုကြီးသောင်းတစ်ယောက် ပညာရေးအတွက် တော်တော်လေးစိတ်ပူမိသွားပါတယ်။ နှစ်ပေါင်းငါးဆယ်နီးပါး ရေစုန်မျောခဲ့ရတဲ့ မြန်မာပညာရေးဟာ ပြန်လည်ဦးမော့ဖို့အတွက် သက်ဆိုင်သူအားလုံးက စိတ်ရောကိုယ်ပါ နှစ်ပြီးဆောင်ရွက်နေကြတာကိုလည်း ၀မ်းသာအားရဖြစ်မိပါတယ်။ ပညာရေးတိုးတက်မှုမရှိသမျှ တိုင်းပြည် အတွက်ရော တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်သူအားလုံးရော ဘ၀အာမခံချက်မရေရာဘူး ဆိုတာလည်း သိကြတော့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ကိုလုပ်ရမယ်ဆိုတာကို မိန့်ခွန်းထဲမှာ ညွှန်ပြပြောဆိုခဲ့တော အတိုင်းအဆမရှိဝမ်းမြောက်ခဲ့ရတယ်။ ဆောင်းပါးရေးသားသူ ဒေါက်တာ သိန်းလွင်ဟာ ပညာရေးဆိုင်ရာပါရဂူဘွဲ့ကို အနောက်နိုင်ငံတစ်ခုမှရယူထားသလို ၄င်းဦးဆောင်ပြီးဆောင်ရွက် နေတဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်( Nationational Network for Education Reform-NNER)မှာလည်း အမျိုးသားပညာရေးမူဝါဒ(မူကြမ်း) ကို  ပညာရေးဆိုင်ရာပါရဂူဘွဲ့နှင့်ပညာရေး ဆိုင်ရာဘွဲ့အသီးသီးရရှိထားပြီး သော ရူပဗေဒပါရဂူ ပါမောက္ခဒေါက်တာတင်လှိုင်၊ ဒေါက်တာသန့်လွင်မောင်၊ ဒေါ်သူသူမာ တို့နှင့်အတူ ဦးဆောင်ရေးဆွဲခဲ့တယ်လို့သိရပါတယ်။ ၄င်းတို့အားလုံးဟာ ပညာရေးပြုပြင် ပြောင်းလဲမှုကို ဖော်ဆောင်ရန် ဦးဆောင်သူများထဲတွင်လည်း ထင်ရှားသူများဖြစ်ကြပါပြီး အဖွဲ့ဝင်ပေါင်း မြောက်များစွာဖြင့် နိုင်ငံလုံးအနှံ့ ပညာရေးဆွေးနွေးပွဲများကျင်းပကာ အမျိုးသားပညာရေးမူဝါဒ(မူကြမ်း) ကို  ရေးဆွဲပြီး ဇွန်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌများနှင့် ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်မှုကော်မတီသို့ တင်သွင်း ခဲ့ပြီးလို့ ဆိုပါတယ်။

NNER ကရေးဆွဲခဲ့တဲ့ မူကြမ်းကိုထောက်ခံကြတယ်တဲ့

ဆောင်းပါးရှင်ကဖော်ပြထားရာမှာ ၄င်းတို့ရေးဆွဲထားသော အမျိုးသားပညာရေးမူဝါဒ(မူကြမ်း) ကို ပညာရေး အဖွဲ့အစည်းများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအချို့၊ ကျောင်းသားသမဂ္ဂ၊ မသန်စွမ်းသူ များ၏ ပညာရေးဆောင်ရွက်သောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အချို့မှ ကြေညာချက်ထုတ်လည်းကောင်း၊ နှုတ်အားဖြင့်လည်းကောင်းထောက်ခံခဲ့တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ချီးမွမ်းပြောဆိုကြတယ်လို့ဆိုပါတယ်။ ယခုရေးဆွဲထားသော အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)ဟာ ကလေးသူငယ်ပညာသင်ကြားရေးမှ အဆင့်မြင့်ပညာအထိကဏ္ဍ ၁၃ခုတွင် မူဝါဒချမှတ်ရန် အကြံပြုချက်များပါတယ်လို့ဖတ်ရပါတယ်။ ဒါပေမည့် ကိုကြီးသောင်း စိတ်ထဲမှာ မချင့်မရဲဖြစ်ရတာကတော့ ဇွန်လကတည်းကရေးဆွဲပြီး သက်ဆိုင်ရာအသီးသီးကို တင်ပြခဲ့တဲ့မူကြမ်းကို လေးလလောက်ကြာခဲ့ပြီ ကိုကြီးသောင်းတို့ ပြည်သူပြည်သားများ အခုအချိန်အထိ စေ့စေ့ငုငုမသိရသေးတာပါဘဲ။ တကယ်ဆိုရင် မီဒီယာများအားကောင်းသောကာလမှ သတင်းစာ၊ ဂျာနယ်၊ အသီးသီးမှ အခန်းဆက်ဖော်ပြနိုင်ခဲ့ရင် သော်လည်းကောင်း၊ စာအုပ်စာတမ်းရိုက်နှိပ်ဖြန့်ဝေလျှင်သော်လည်းကောင်းသိပ်ကောင်းမှာဘဲလို့ တွေးမိတယ်။ ဘာကြောင့်လည်းဆိုတော့ ပညာရေးဆိုတာ လူတိုင်းနဲ့သက်ဆိုင်တယ်မဟုတ်လား။ အခုတော့ ကိုကြီးသောင်း တို့ပြည်သူပြည်သားများမှာ ဘယ်သူတွေက ကောင်းတယ်တဲ့၊ ဘယ်အဖွဲ့အစည်းကကောင်းလွန်းလို့ ထောက်ခံတယ်စတဲ့ကြားဖူးနားဝလေးတွေ၊ ရေးပြတာလေးတွေနဲ့ဘဲ ကျေနပ်နေရတာတော့  စိတ်ထဲမှာ မချင့်မရဲဖြစ်မိတယ်။ တကယ်ဆိုဖြစ်သင့် တာကတော့ တစ်နိုင်ငံလုံးကို ချပြပြီး  အမျိုးသားပညာရေး မူဝါဒ(မူကြမ်း) ကဏ္ဍ ၁၃ ခုမှာ ဘယ်အခန်းကဏ္ဍက ဘာအတွက်၊ ဘယ်အခန်းကဏ္ဍက ဘာကောင်းတာ ဆိုတာလေးတွေကို တိတိကျကျလေးရေးသား ပြောဆို နိုင်ရင်တော့ ၀မ်းသာအားရဖြစ်မိမှာပါ။ နိုင်ငံတကာနဲ့ ပြည်တွင်းပညာရေးအဖွဲ့အစည်းအသီးသီး၊ ပုဂ္ဂိုလ်အသီးသီးက ၀မ်းသာအားရကျေနပ်ထောက်ခံခဲ့သော အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)ကို အတည်ပြုခဲ့ရင် အကောင်အထည် ဖော်ကြမည့် ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်ရော၊  အခြေခံပညာမှ ဆရာဆရာမများလုံးဝမသိရသေးတော့ ပုံနှိပ်ပြီးအမြန်ဖြန့်ဝေပေးရင် ဒီထက်ပိုကောင်းတဲ့ အကြံပြုချက်တွေ ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အပြန်အလှန်လေးစားမှုရှိကြရမယ်

ဆောင်းပါးရှင်ကဖော်ပြရာမှာ ၂၀၁၃ ခုနှစ် ဇွန်လမှာ ဗြိတိသျှကောင်စီက ကြီးမှူးကျင်းပခဲ့တဲ့ အဆင့်မြင့် ပညာရေးဆွေးနွေးပွဲမှာ ပညာရေးမှ ဒုဝန်ကြီး၊ ပါချုပ်၊ ပါမောက္ခတွေ၊ လွှတ်တော်ပညာရေးဆိုင်ရာ အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့များနှင့် NNER  အဖွဲ့သားတွေလည်းတက်ရောက်ပြီး ၄င်းတို့ရေးဆွဲထားသော အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)တွင်ပါဝင်သည့် အဆင့်မြင့်ပညာရေးဆိုင်ရာမူဝါဒကို ရှင်းလင်းတင်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အင်္ဂလန်၊ သြစတေးလျနိုင်ငံများမှတက်ရောက်လာသော ပါမောက္ခများက ထောက်ခံကြပြီး ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက၀င်ရောက်ဆွေးနွေးမှုမရှိဘူလို့သိရပါတယ်။ အလွန် ၀မ်းနည်းစရာကောင်းတဲ့ကိစ္စပါ။ တိုင်းပြည်ပညာရေး ချွတ်ခြုံကျနေတဲအခြေအနေမှ ပြန်လည်ပြုပြင်ဖို့ ဆောင်ရွက်နေသူအချင်းချင်း သူ၊ ငါဆိုတာ ခွဲနေစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်းဟာ မြန်မာ့ဓလေ့လို့တောင်ဆိုရမလိုပါဘဲ။ ဒါဟာလည်း ပညာရေးနိမ့်ကျခဲ့ရခြင်းရဲ့ အမွေတစ်ခုလို့ဆိုရမှာပါဘဲ။ ဒီထက်ပိုဆိုးတာကတော့ ၂၀၁၃ခုနှစ် ဇူလိုင်လမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ  NNER အဖွဲ့ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ပညာရေးဝန်ကြီး၊ ဒုဝန်ကြီးနှင့် သမ္မတရုံး ၀န်ကြီးများဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့်အတူတွေ့ဆုံတဲ့နေရာမှာ သမ္မတကြီးက အမျိုးသား ပညာရေးမူဝါဒ(မူကြမ်း)ကို သူဖတ်ပြီးပြီဖြစ်ကြောင်း၊ အားလုံးကောင်းကြောင်းနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို ပညာရေးဝန်ကြီးဌာနနှင့်ညှိုနှိုင်းဆောင်ရွက်ရန်ပြောကြားတယ်လို့ဆိုပါတယ်။ NNER အဖွဲကလည်း ဦးစားပေး ဆောင်ရွက်ရန်အချက်များကိုတင်ပြပြီး နိုင်ငံတော်သမ္မတကြီးက ၀န်ကြီးများအား ဘာပြောရန်ရှိသလဲ ဟုမေးရာ ၀န်ကြီးများက ပြောရန်မရှိပါကြောင်း၊ နားထောင်ရန်အတွက်သာလာခြင်းဖြစ်ကြောင်း ဆိုတာလေးကို ဆောင်းပါးရှင် ရေးပြလိုက်တော့  မြန်မာပညာရေးအတွက် နိုင်ငံသားများအချင်းချင်း၊ အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းဟာ ကောင်းသောလက္ခဏာမဟုတ်ဘူးဆိုတာတော့ ထင်ရှားစေပါတယ်။

NNER အတွက် သမ္မတကြီးပေးသောအကြံ

တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်သမတကြီးမှNNER အဖွဲ့၏ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)ကို NLD လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် လွှတ်တော်တွင်ဆွေးနွေးရန် အကြံပြုတယ်လို့ ဆောင်းပါးမှာ ဖတ်ရပါတယ်။ NNER အဖွဲ့ကလည်း သမ္မတကြီးအကြံပြုချက်ကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရာမှာ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)ကို NLD မှ စတင်ဆွေးနွေးရန်ကိစ္စကို အလျင်စလိုမလုပ်ရန် ဆုံးဖြတ်တယ်လို့ရေးတာဖတ်လိုက်ရတော့ ကိုကြီးသောင်း တို့ပြည်သူတွေဟာ မျှော်လင့်ချက်မှန်သမျှ သဲထဲရေသွန်ဖြစ်ရပါတယ်။ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲဖို့ အချိန်နှင့်အမျှ အရေးကြီးနေတဲ့အချိန်မှာ ဒီလိုဖြစ်ရခြင်းဟာ ဒီအမျိုးသားပညာရေး မူဝါဒ(မူကြမ်း)ကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ကဘဲနှစ်သက်ပြီး ကျန်သောဗဟိုဦးစီးအဖွဲ့တွေက မနှစ်သက်လို့လား(သို့တည်းမဟုတ်) NNER ကရေးဆွဲ ထားတဲ့ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)ဟာ သူတို့ပါတီမူဝါဒနဲ့မကိုက်ညီလို့လား။ NLD ပါတီက အကြောင်းပြချက်ပေးတာကတော့  ပညာရေးဝန်ကြီးဌာန၏ သဘောထား မသိရခြင်း၊ လွှတ်တော်အတွင်းတွင် ကိုယ်စားလှယ်နည်းခြင်းဆိုတာပါ။ ကိုကြီးသောင်းအမြင်မှာတော့ မှန်ကန်တဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ NLD ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်နည်းတာ၊ များတာတစ်ပိုင်း၊ ထောက်ခံတာ၊ ကန့်ကွက်တာကတစ်ပိုင်း၊ မြန်မာတစ်မျိုးသားလုံးရဲ့ ဘ၀တွေနဲ့သက်ဆိုင်တဲ့ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)ကို လွှတ်တော်ကို အမြန်ဆုံးတင်ပြရမှာပါ။ ဒီလိုဆောင်ရွက်လို့ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သမိုင်းမှတ်တမ်းအရအမျိုးသားရေးတာဝန် ကျေပြွန်တာပါဘဲ။ ဒါပေမည့် ကိုကြီးသောင်းစဉ်းစားမိတာ တစ်ခုတော့ရှိပါတယ် သမ္မတကြီးပြောသည့်အထဲမှာလည်း ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကြပါ လို့ပြောသလို၊ NLD ပါတီကလည်း ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားသိမှလို့ ဆိုသည့်အတွက် အမျိုးသား ပညာရေး မူဝါဒ(မူကြမ်း) ကိုရေးဆွဲတဲ့နေရာမှာ  လက်တွေ့ အကောင်အထည် ဖော်မည့် လက်ရှိပညာရေး ၀န်ထမ်းများရဲ့  အတွင်းကျကျပူးပေါင်းဆောင်ရွက်မှုမပါသေးတဲ့ အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။ ပြောရရင်တော့ ပညာရေးရဲ့အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်းကို လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများက ပိုသိမယ်ဆိုတာကတော့ မလွဲပါဘူး။ တခါတခါ မူဝါဒကောင်းပင် ကောင်းသော်ငြား လည်း လက်တွေ့မှာအကောင်အထည်ဖော်ဖို့ခက်ခဲတတ်တယ်ဆိုတာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ဘူးသူ များမှ သိနိုင်တာပါ။

စီးချင်းထိုးကြပြီ

ဆောင်းပါးရေးသူ ဒေါက်တာသိန်းလွင်က ဆက်လက်ဖော်ပြရာမှာ NNER ကတင်သွင်းထားတဲ့ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း) ကို မဆွေးနွေးဘဲ ဒေါက်တာမောင်သင်းရေးသားပြုစုတဲ့ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း) ကိုတော့ ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်မှုကော်မတီမှာ စတင်ဆွေးနွေးနေပြီလို့ ဖော်ပြပါတယ်။ ဆက်လက်ပြီး ဒေါက်တာမောင်သင်းရေးသားတဲ့ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း) ရဲ့ အားနည်းချက်များကို ဆက်လက်ထောက်ပြပြီး တက္ကသိုလ်နှင့် ကျောင်းများ၏ ပညာရေးလွတ်လပ်ခွင့်မရှိဘူး၊ ဆရာ၊ ဆရာမများ၏ ပညာရေးလွတ်လပ်ခွင့်မရှိဘူး။  ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး လွတ်လပ်ခွင့်မရှိဘူး။ ဆရာ၊ ဆရာမများ၏အရည်အသွေးမြင့်တင်မှုနဲ့ စာမေးပွဲစနစ်ပြောင်းလဲမှုမရှိသေးဘူး။ တားမြစ်ချက်များတယ်။ ယခင်စစ်အစိုးရလက်ထက်ကအတိုင်းဘဲလို့ ဝေဘန်ရေးသားထားပါတယ်။ ပြီးတော့ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများဆန္ဒမပါဘဲရေးဆွဲတယ်ဆိုပြီးရေးသားပါတယ်။ ကိုကြီးသောင်းတို့တတွေ စဉ်းစားစရာတွေအများကြီးရှိလာတယ်။ ဒေါက်တာမောင်သင်းဆိုတာကလည်း ပညာရေးဆိုင်ရာပါရဂူဘွဲ့ရရှိထားပြီး၊ အဆင့်မြင့်ပညာရေးလောကမှာ ထင်ရှားတဲ့သုတေသနပညာရှင်၊ အမျိုးသားပညာရေးမူဝါဒမရှိရင် တိုင်းပြည် ပညာရေးအခြေမခိုင်နိုင်ဘူးဆိုတာကို ၂၀၁၂ခုနှစ်၊ လွှတ်တော်တွေစတင်ပြီး အစိုးရသစ်စတက်လာကတည်းက ပြည်သူ့ခေတ်ဂျာနယ်မှာ ပထမဦးဆုံး စတင်ရေးသားခဲ့သူ၊ ဒီနောက်မှာ ငါးဇွန်မြို့နယ် လွှတ်တော်အမတ် ဒေါက်တာမြဦးကအဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်မှ ထောက်ခံအတည်ပြုပြီး၊  ပညာရေးမြင့်တင်မှုကော်မတီရဲ့ သဘောတူတာဝန်ပေးထားချက် အရ ပညာရှင်များအများစုနဲ့ ပူးပေါင်းပြုစုရေးသားနေသူလို့သိရပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက် ပြဌာန်းခဲ့သော ပညာရေးဆိုင်ရာ ဥပဒေများရဲ့ အားနည်းချက်ကို ဖော်ထုတ်ရေးသားနေသူ၊ အခြေခံပညာ မှာရော၊ အဆင့်မြင့်ပညာရေးမှာရော ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ဖို့ ဂျာနယ်အသီးသီးမှာ စဉ်ဆက်မပြတ် ရေးသားနေတဲ့သူဖြစ်ပါတယ်။ ကိုကြီးသောင်းတို့ပြည်သူတတွေမှာ ဟုတ်သည်မဟုတ်သည်အပထား တွေဝေနေရပြီဖြစ်သလို၊ ဒေါက်တာမောင်သင်းရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ၊ အကြံပြုရေးသားနေတဲ့ အကြောင်းအရာတွေ၊ ပုံရိပ်တွေညှိုးနွမ်းသွားနိုင်တယ်ဆိုတာကိုတော့ ပညာရှိသတိဖြစ်ခဲ ဆောင်းပါးရှင် သတိပြုမိဟန်မတူပါဘူး။ နောက်တစ်ခုကတော့ ဆောင်းပါးရှင်က ပညာရေးမြင့်တင်မှုကော်မတီက ရေးဆွဲ နေသော အမျိုးသားပညာရေး မူဝါဒ(မူကြမ်း)လို့ ဖော်ပြရင်ရပါလျက်ကယ်နဲ့ ဒေါက်တာမောင်သင်းရေးသား ပြုစုသော ဥပဒေမူကြမ်းလို့ရေးသားခြင်းဟာ ပညာရှင်၊ ပညာရှိမပီသသလို နောင်တချိန်မှာပူးပေါင်း ဆောင်ရွက်ရမည့်သူအချင်းချင်း အမြင်တိမ်းစောင်းစေပါတယ်။ ညီညွတ်မှုလည်းပျက်စေပါတယ်။ ဆောင်းပါးရှင် ဒေါက်တာသိန်းလွင် အဓိကပေးချင်တဲ့အကြောင်းအရာကတော့ သူဦးဆောင်ပြီး  NNER ကရေးဆွဲနေတာက ကောင်းတယ်။ ဒေါက်တာမောင်သင်းနှင့် လက်ရှိအစိုးရ ရေးဆွဲနေတာကမကောင်းဘူးလို့ ရည်ညွှန်းတာလို့ ဘဲမြင်ပါတယ်။ ကိုကြီးသောင်းတို့ ပြည်သူအများစုကတော့ ယခုအချိန်အထိ အမျိုးသားပညာရေး မူဝါဒ(မူကြမ်း) နဲ့ပတ်သက်ရင် NNER က ရေးသားပြုစုတာရော ၊ ဒေါက်တာမောင်သင်းရေးသားပြုစုတာရော တစ်ခုမှ မဖတ်ဘူးသေးဘူး။ အမျိုးသားရေးနဲ့ပတ်သက်တဲ့အတွက်ကြောင်း နှစ်ခုစလုံးကိုကျယ်ကျယ်ပြန့်ပြန့် ပြည်သူ လူထုကြားမှာရော၊ ပညာရေးဝန်ထမ်းတွေ၊ ပညာရေးနဲ့ပတ်သက်သောအဖွဲ့အစည်းများကြား၊ ပါတီအဖွဲ့အစည်း အသီးသီးကြား၊ တိုင်းရင်းသားအဖွဲ့အစည်းများကြား ဖြန့်ချီဆွေးနွေးညှိနှိုင်း စေချင်တာကတော့အမှန်ပါဘဲ။ သေချာတာကတော့ ငါရေးတာကောင်းတယ် သူရေးတာမကောင်းဘူး ငြင်းခုန်နေရမည့်အချိန် မဟုတ်ဘူး ဆိုတာကိုတော့ ပညာရှင်များသတိပြုရမည့် အချိန်ရောက်ပြီလို့ ကိုကြီးသောင်း သတိပေးလိုပါတယ်။

ဒေါက်တင်သိန်းလွင် ပညာရေးတိုးတက်ဖို့ဆန္ဒပြင်းပြတာ ယုံကြည်ပါတယ် ။ 
ဒေါက်တာမောင်သင်း ပညာရေးတိုးတက်ဖို့ဆန္ဒပြင်းပြတာ ယုံကြည်ပါတယ် ။ 
NNER အဖွဲ့ ပညာရေးတိုးတက်ဖို့ဆန္ဒပြင်းပြတာ ယုံကြည်ပါတယ် ။
လွှတ်တော်ကိုယ်စားလှယ်များလည်း ပညာရေးတိုးတက်ဖို့ဆန္ဒပြင်းပြတာ ယုံကြည်ပါတယ် ။
ပြည်သူတစ်ရပ်လုံးကလည်း ပညာရေးတိုးတက်ဖို့ဆန္ဒပြင်းပြတာ ယုံကြည်ပါတယ်။

ဒီတော့ ကိုကြီးသောင်းဆိုလိုချင်တာကတော့ ပညာရှင်များပီပီ၊ မြန်မာ့ပညာရေးအတွက်၊ တိုင်းပြည် အတွက်ဆိုသော ဘုံသဘောတူညီချက်ရအောင် ပူးပေါင်းဆောင်ရွက်ရမည့်အစား ဆက်လက်ပြီး ငြင်းခုန် စီးချင်းထိုးနေမယ်ဆိုရင်တော့ ကိုကြီးသောင်းသေချာပေါက်ပြောရဲပါတယ် မြန်မာ့ပညာရေး အဝေးတစ်နေရာမှာ မှုန်ပြပြသာ …..။


                                                                                                          ကိုကြီးသောင်း
                                                                                                         ၂၈-၉-၂၀၁၃

0 comments to “ပညာရေးမူဝါဒစီးချင်းထိုးခန်း”

Post a Comment