ဥရောပသို့ ထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့ဥရောပ
နိုင်ငံများဖြစ်သော ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ချက်သမ္မတ
နိုင်ငံများသို့ စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် စတင်ထွက်ခွာခဲ့ကြောင်း
သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ယင်းနိုင်ငံများမှ သမ္မတ၊
ဝန်ကြီးချုပ် အပါအ၀င် နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံ
အောက်လွှတ်တော်ဥက္ကဋ္ဌ Madam Ewa Kopacz၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Mr. Bogdan
Borusewicz တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ စက်တင်ဘာ ၁၂ ရက်တွင်
ပိုလန်နိုင်ငံသမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး
ဝါဆောတက္ကသိုလ်တွင် Education and Politics ခေါင်းစဉ်ဖြင့်
ဟောပြောပို့ချမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနိုင်ငံ၌ သမ္မတ အပါအ၀င် အစိုးရ
ထိပ်ပိုင်းအရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး Corvinus University တွင်
From Revolution to Reconstruction ခေါင်းစဉ်ဖြင့် ပို့ချမည်ဖြစ်ကြောင်း
သိရသည်။
စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ချက်သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး
လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံသမ္မတ၊ နိုဘယ်ဆုရှင် တောင်အာဖရိက
သမ္မတဟောင်း မစ္စတာဒီကလပ်၊ တိဗက်ဘာသာရေးခေါင်းဆောင်
ဒလိုင်းလားမားတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာ
၁၈ ရက် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ယခု ဥရောပ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက်
ဥရောပခရီးစဉ်ဖြစ်ပြီး ၎င်းနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာမျိုးအောင်၊ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့
လိုက်ပါသွားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေ၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ပြင်သစ်နှင့်
အိုင်ယာလန် နိုင်ငံများသို့ ၂၀၁၂ ခုနှစ် ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ
ပထမဆုံးအကြိမ် ဥရောပခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့
သွားရောက်မည်ဖြစ်ပြီး Connecting Asia & The World သို့
တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။