မိတ္ထီလာ၊ စက်တင်ဘာ ၃
မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦဝင်းထိန် ၏ အသံလွှင့် မီဒီယာများနှင့် ပုံနှိပ်မီဒီယာတွင် ပြောကြားချက်များကို မကျေနပ်သော ဒေသခံ များက စက်တင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရန် လျှောက်ထားချက်မှာ ပယ်ချခံရကြောင်း ဆန္ဒပြရန် စီစဉ်ဆောင်ရွက်ခဲ့သော မိတ္ထီလာမြို့ ရန်မျိုးအောင် နယ်မြေ ၁၄တွင် နေထိုင်သူ ဒေါ်ကြည်ကြည်အေးက The Voice သို့ ပြောကြားသည်။
အဆိုပါ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခွင့်နှင့် ပတ်သက်၍ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ စက်တင်ဘာလ ၃ရက်နေ့စွဲပါ အမိန့်အမှတ်စဉ် (၄/၂၀၁၃) အရ ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ထုတ်ပြန်စာအရ သိရသည်။
မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ကို ကန့်ကွက်ဆန္ဒဖော်ထုတ်ရန်အတွက် တင်ပြထားသော စီတန်းလှည့်လည်မည့် လမ်းကြောင်းနေရာ များသည် ယာဉ်နှင့် လူများသွားလာမှုများသည့် မိတ္ထီလာမြို့ သီရိမင်္ဂလာ ဈေးကြီး၏ ပတ်ဝန်းကျင် နေရာများဖြစ်နေပြီး ပုဒ်မ ၁၄၄ထုတ်ပြန်ထားသည့် နယ်မြေဒေသ ဖြစ်နေခြင်းကြောင့် ဆန္ဒထုတ်ဖော် ခွင့် ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ -၅အရ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။
“ ကျွန်မတို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်မရဘူး။ ဒါကြောင့် သူ့ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူတွေ က သူ့ကိုပေးခဲ့တဲ့ ဆန္ဒမဲတွေကို ပြန်ပြီး ရုပ်သိမ်းဖို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်ကြည်ကြည်အေးက ဆိုသည်။
အဆိုပါ ဆန္ဒပြရန် ခွင့်ပြုမိန့် ထုတ်ပေးမှု ငြင်းပယ်ခြင်းကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ - ၉အရ အယူခံဝင်နိုင်ကြောင်း အဆိုပါထုတ်ပြန်စာအရ သိရသည်။
ယင်းသို့ ကန့်ကွက်ဆန္ဒပြရန် စီစဉ်မှုနှင့် ပတ်သက်၍ ရိုးသားစွာ ဆန္ဒဖော်ထုတ်မှုကို မကြောက် ဘဲ ရင်ဆို်င်ရန်အဆင်သင့်ရှိသော်လည်း ယခုပြုလုပ်မည့်ဆန္ဒပြပွဲ၏နောက်ကွယ်တွင် မရိုးသား မှုများ ရှိနိုင်ကြောင်း၊ မစ္စတာကင်တားနားခရီးစဉ် ကန့်ကွက်မှုတွင်လည်း လူအင်အား မြောက်မြားစွာ ပါဝင်လာသည့်အချက်ကို ၎င်းအနေဖြင့် အံ့သြမိကြောင်း၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။
မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို ကန့်ကွက်ဆန္ဒ ထုတ်ဖော် သည့် အကြောင်းအရင်းများတွင် မစ္စတာကင်တားနား ခရီးစဉ် အိတ်ဖွင့် ပေးစာ ပေးခြင်း လှုပ်ရှားမှု ဦးဆောင်သူများကို လူကြီးလူကောင်းမဆန်စွာ ရင့်သီးသော စကားလုံးများဖြင့် ပြောဆိုခဲ့ပြီး မိတ္ထီလာ အာဏာပိုင်များသည် တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ခြင်းမရှိဟု အသံလွှင့် ဌာနများသို့ ပြောကြားခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရန် စီစဉ်သည့် မိတ္ထီလာမြို့ဒေသခံအချို့က ပြောကြားသည်။
မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်သည် ပြီးခဲ့သည့် မတ်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒဂျာနယ်နှင့် အင်တာဗျူးရာတွင် “မိတ္ထီလာသားဖြစ်ရတာ ရှက်မိတယ်”ဟု ထည့်သွင်းပြောကြားခဲ့ပြီး မကြာသေးမီက မိတ္ထီလာ မြို့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် မိတ္ထီလာမြို့ဝန်းကျင်ရှိ ကျေးရွာ ဒေသခံများက လုယက်ခိုးယူမှုများ ပြုလုပ်ခဲ့သည်ဟု အခြေအမြစ်မရှိ ပြောကြားခဲ့သည်ဟု အဆိုပါ ဒေသခံ များက ဆိုသည်။
ယင်းသို့ ပြောကြားခဲ့ခြင်းများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျော်ညီခြင်း၊ မဲဆန္ဒရှင်များ၏ အကျိုးအတွက် မည်သည့်အရာမျှ ဆောင်ရွက်ခြင်းမရှိဘဲ မဲဆန္ဒရှင်များကိုစော်ကားခဲ့ခြင်းတို့အတွက် ဒေါ်ကြည်ကြည်အေး ဦးဆောင်သော ဆန္ဒဖော် ထုတ်မည့် မိတ္ထီလာဒေသခံများက စက်တင်ဘာ ၅ ရက်နေ့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ရန် စီစဉ်သူများထံမှ သိရသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုသည် စက်တင်ဘာလ ၅ရက်နေ့တွင် မိတ္ထီလာမြို့ သီရိမင်္ဂလာဈေး မြောက်ဘက် နာရီစင်မှ ဈေးနှင့် မြို့တွင်းသို့ ငြိမ်းချမ်းစွာ စုပေါင်း ဆန္ဒဖော်ထုတ်ပြီး တော်ဝင် နန်းခန်းမရှေ့တွင် လူစုခွဲမည့် အစီအစဉ်ဖြစ်ပြီး ဆန္ဒဖော်ထုတ် ခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက်နေ့က တင်ပြလျှောက်ထားခဲ့ကြကြောင်း အဆိုပါ ဆန္ဒဖော်ထုတ် ပွဲ စီစဉ်သူများက ပြောကြားသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်ထုတ် The Voice Daily သတင်းစာမှ ကူးယူဖော်ပြသည်