နေပြည်တော်၊ စက်တင်ဘာ ၅
၂၉-၈-၂၀၁၃ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာနေ လွင်ကမ်း(ခ)စိုးလွင်(၃၆)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်မီးဖိုဆောင်ဓနိမိုးကြားတွင် ၀ှက်သိမ်း ထားသည့် အစွန်းနှစ်ဘက်မှ မီးဖြင့်ပိတ်ထားသော အချိုရည်ပိုက်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ပုလောမြို့နယ်၊ ကျောက်ဖဲရွာနေ တင်ရှီ(၇၀)နှစ်ထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လွင်ကမ်း(ခ) စိုးလွင်နှင့် တင်ရှီတို့ ၂ ဦးအား ပုလောမြို့မရဲစခန်း မယ(ပ)၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
စစ်ဆေးချက်အရပုလောမြို့၊အမှတ်(၃)ရပ်ကွက်နေ၀င်းရှိန်(ခ)ချစ်တီးမှာမူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ တစ်ဦးဖြစ်ကြောင်းသိရှိရ၍ ၀င်းရှိန်(ခ)ချစ်တီး၏နေအိမ်အား စောင့်ကြည့်စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့စုံစမ်းနေစဉ် ၁-၉-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ၀င်းရှိန်(ခ)ချစ်တီးမှာ အထုပ်အပိုးများပြင်ပြီး ကားဖြင့်ထွက်ပြေးရန် ဆောင်ရွက်နေကြောင်းသိရှိရသဖြင့်ပုလောမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့်တပ်ဖွဲ့ဝင်များက ရပ်ကွက်(၁၊ ၂၊ ၃)အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ၀င်းရှိန်(ခ)ချစ်တီးမှာမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူတစ်ဦး ဖြစ်ကြောင်း သတင်းအတည်ပြုချက် ရရှိခဲ့သဖြင့်ဝင်းရှိန်(ခ)ချစ်တီး၏နေအိမ်အားသက်သေများနှင့်အတူဝင်ရောက်ရှာဖွေ ခဲ့သည်။ ထိုသို့ ၀င်ရောက်ရှာဖွေစဉ် ၀င်းရှိန်(ခ)ချစ်တီး၏ဇနီးဖြစ်သူ မဂင်စန်း(၄၀)နှစ်မှာ နေအိမ်အတွင်းရှိ ရေလောင်း အိမ်သာအတွင်းသို့ပြေးဝင်၍ မူးယစ်ဆေးဝါးများပစ်ချပြီး ရေလောင်းဖျောက်ဖျက်နေသဖြင့် ရှာဖွေရာ အိမ်သာခွက်ထဲ ပေါ်နေသည့် ပလပ်စတစ်အပြာရောင်အိတ်ငယ်တစ်ခုအတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၉ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ထို့နောက် ဆက်လက်ရှာဖွေရာ နေအိမ်အလယ်ခန်း ကုတင်ဘေးရှိဗီဒိုပေါ်မှ DOEVA စာတမ်းပါ အဖုံးမပါသည့် အဖြူရောင်ကော်ဗူး အတွင်း အဖြူရောင်ပလပ်စတစ်အိတ်ငယ်ဖြင့်ထည့်ထားသည့် ဘိန်းစာမှုန့်ဟု ယူဆရသော စိမ်းဝါရောင် အမှုန့်(၀.၀၃၂၆၅)ကီလိုပါ၁ထုပ်အားလည်းကောင်း၊ နေအိမ်မီးဖိုခန်းထမင်းပေါင်းအိုးအတွင်း နို့နှစ်ရောင်မှိုင်းခံ
စက္ကူဖြင့်ပတ်ထားသော အပြာရောင်ပလပ်စတစ်အိတ်ငယ်အထုပ်(၅)ထုပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၇၇ ပြားနှင့် အစိမ်းရောင် ၁၀ ပြားတို့အားလည်းကောင်း၊ နေအိမ်ရှေ့တွင်ရပ်တန့်ထားသည့် ၅င/xxxx တိုယိုတာစူပါကာစတန်ယာဉ်၏ ဒရိုင်ဘာခန်း ခြေနင်း ရာဘာပြားအောက်မှ အနီရောင်အအေးစုပ်ပိုက်အတွင်း ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၄ ပြားအားလည်းကောင်း၊ နေအိမ်မီးခံသေတ္တာအတွင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေကျပ်သိန်း(၉၀)၊မူးယစ်ဆေးဝါးရောင်းချရငွေဖြင့်ဝယ်ယူထားသည့် ရွှေထည်ပစ္စည်း(၁၀)မျိုး၊ တန်ဘိုး ငွေကျပ်(၆၆၆၅၀၀ိ/-)နှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၀င်းရှိန်(ခ)ချစ်တီးနှင့် မဂင်စန်းတို့ ၂ ဦးအား ပုလောမြို့မရဲစခန်း မယ(ပ)၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် ဆက်လက် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။