Tuesday, September 3, 2013

ဝှိုက်ကဒ်ပြဿနာ ၂၀၁၅ မတိုင်မှီ အဖြေရှာပေးပါ

,

သြဂုတ်လ ၂၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသားသတ်မှတ်ချက်ကို ပြင်ဆင်သည့်ဥပဒေကြမ်း ကို တင်သွင်းရာမှာ ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးရန်သင့်မသင့် လွှတ်တော်ဥက္ကဌက သဘောထားတောင်းခံရာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂ ) မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်တာ တွေ့လိုက်ရပါတယ်။ ဒါကြောင့် အဲ့ဒီနေ့ကဥပဒေကြမ်းကို လက်ခံသင့်မသင့် မဲခွဲဆုံးဖြတ်ဖို့ရာမှာ လူမစုံတဲ့အတွက် လွှတ်တော်ဥက္ကဌ က ရွှေ့ဆိုင်းလိုက်ပါတယ်။



သြဂုတ်လ (၂၆) ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဒီဥပဒေကြမ်းကို လက်ခံသင့် မသင့် မတ်တပ်ရပ်နည်းလမ်းနဲ့ မဲခွဲဆုံးဖြတ်လိုက်တာတွေ့ရပါတယ်။ ဒီမဲခွဲမှုမှာ ထူးခြားတာက အမျိုးသားလွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ်အားလုံး မတ်တပ်ရပ်ပြီး ထောက်ခံလိုက်တာပါဘဲ။ လွှတ်တော်တွင် အင်အားအကြီးဆုံး အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ ထောက်ခံတာမတွေ့ရပါဘူး။ ဒါဟာ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားရေးဆိုင်ရာ ဒီဝှိုက်ကဒ်ပြဿနာအပေါ် ဘယ်လိုရပ်တည်သလဲဆိုတာ မေးခွန်းထုတ်ဖို့ဖြစ်နေပါပြီ။



ဒါဟာဥပဒေကြမ်း အတည်ပြုဖို့ဆုံဖြတ်တဲ့အဆင့်မဟုတ်သေးပါဘူး။ လက်ခံဆွေးနွေးဖို့သင့်မသင့် ဆုံးဖြတ်တဲ့အဆင့်ဘဲရှိပါသေးတယ်။ အမျိုးသားရေးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်နေတာကြောင့် ဒီကိစ္စအပေါ် ငုတ်တုတ်ထိုင်နေတဲ့ ကိုယ်စားလှယ်များရဲ့ အမြင်ဘယ်လိုရှိတယ်ဆိုတာ သူတို့ပဲ သိမှာပါ။



ဒေါက်တာအေားမောင်တင်သွင်းတဲ့ ဒီကိစ္စဟာ ရခိုင်တစ်ပြည်နယ်ထဲရဲ့ အရေးလို့မယူဆပါဘူး။ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားအခွင့်အရေးဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံက နိုင်ငံသားအားလုံးရဲ့ အရေးအရာပါ။ နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားမပေးနိုင်သလို၊ နိုင်ငံသားတွေဟာလည်း နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေရပါမယ်။ ဒါဟာ တိုင်းရင်းသားအားလုံး ရဲ့ တူညီတဲ့ စိတ်ဆန္ဒပဲဖြစ်ပါ လိမ့်မယ်။



အခုဒေါက်တာအေးမောင်တင်သွင်းတဲ့ အရေးကိစ္စဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို ရွေးကောက်ပွဲတွေမှာတုန်းက ၀ှိုက်ကဒ်ဆိုပြီး ယာယီနိုင်ငံသားကဒ်များ ထုတ်ပေးခဲ့ပြီး မဲပေးခွင့်ပြုခဲ့တဲ့ ကိစ္စနဲ့တိုက်ရိုက်သက်ဆိုင်သလို တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ အခြားနိုင်ငံသားလူမျိုးခြားများ မှတ်ပုံတင်လိမ်လည် ထုတ်ယူ ကိုင်ဆောင်ထားတဲ့ ကိစ္စများနဲ့ပါဆိုင်ပါတယ်။



နိုင်ငံရေးပါတီထူထောင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ဆိုတာ နိုင်ငံသားများရဲ့ အရေးကြီးတဲ့အခွင့်အရေးများပဲဖြစ်ပါတယ်။ နိုင်ငံသားမဟုတ်သူ၊ မစီစစ်ရသေးသူများကိုပါ ပါတီထူထောင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ၊ ရွေးကောက်ပွဲ မဲပေးခွင့် စတာတွေ ပေးလိုက်ရင် နိုင်ငံသားစစ်စစ်များရဲ့ အခွင့်အရေး နစ်နာစေတယ်လို့ပဲ ယူဆပါတယ်။ ဒီဝှိုက်ကဒ်ပြဿနာဟာ အရင်စစ်အစိုးရလက်ထက်က စတင်ခဲ့တာပါ။



၂၀၀၈ဖွဲ့စည်းပုံဥပဒေထောက်ခံမဲပေးဖို့အတွက် တက်သုတ်ရိုက်ထုတ်ပေးခဲ့တာလို့သိရပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်မှာတင်ပဲ ၀ှိုက်ကဒ်ကိုင်ဆောင်ထားသူပေါင်း ငါးသိန်းကျော်ရှိနေတယ်လို့ သိရပါတယ်။ဒီအခြေအနေကို အခုအချိန်မှာ ဖွဲ့စည်းပုံဥပဒေ၊ တည်ဆဲ နိုင်ငံသားဥပဒေများနဲ့ ညီညွတ်မှုရှိမရှိ မဖြစ်မနေ ပြန်လည်သုံးသပ်ဖို့လိုတယ်လို့မြင်ပါတယ်။



ဒီနိုင်ငံသားမဟုတ်သူများကို နိုင်ငံသားအခွင့်အရေးပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ဆန်းစစ်ဖို့လိုတာက ဒီနိုင်ငံသားမဟုတ်သူများဟာ ဒီနိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိပါ့မလားဆိုတာပါဘဲ။ ကြာသိနေရတဲ့ သတင်းများအရ ဘင်္ဂါလီအများစုဟာ ပြည်ထောင်စုမြန်မာနိုင်ငံ အလံကိုတောင် အလေးပြုဖို့ ငြင်းဆန်နေတဲ့အခြေအနေတွေ့ရပါတယ်။ 



ဒါကြောင့် နိုင်ငံသားအဖြစ်အတည်ပြုထားတာမရှိသေးတဲ့ ယာယီလက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ ရွေးကောက်ခံပိုင်ခွင့် ၊ ရွေးကောက်မဲပေးပိုင်ခွင့် စတာတွေ ပေးလိုက်ရင် ရေရှည် တိုင်းပြည်ရဲ့ အနာဂတ်ကို ထည့်သွင်း မစဉ်းစားရာရောက်ပါလိမ့်မယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စလို့ပဲမြင်ပါတယ်။



နိုင်ငံရေးပါတီတည်ထောင်တာဟာ နိုင်ငံရေးအာဏာရရှိဖို့ရည်ရွယ်ရင်းပဲဖြစ်ပါတယ်။ နိုင်ငံသားမဟုတ်သူ များက ပါတီတည်ထောင်ပြီး နိုင်ငံရေးအာဏာရရှိသွားမယ်ဆိုရင် ဒါဟာပြည်ထောင်စုမြန်မာနိုင်ငံတော် အနာဂတ်အတွက်ရင်လေးစရာပါ။ ၀ှိုက်ကဒ်ပြဿနာဟာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင် ပြောသလို မျက်တောင်မွှေးလောက်ပဲကြည့်ပြီး လုပ်ခဲ့တဲ့ အဆင်ခြင်မဲ့လုပ်ရပ် ပဲဖြစ်ပါတယ်။ နောင်လာမယ့် အနှစ်ငါးဆယ်၊ တစ်ရာမှာ မြန်မာနိုင်ငံသမ္မတဟာ တိုင်းတပါးသားဖြစ်မလာနိုင်ဘူး လို့ ဘယ်သူပြောနိုင်မှာလဲ။



ယနေ့အမျိုးသားရေးလို့ဆိုရာမှာ မျက်ကန်းမျိုးချစ်စိတ်နဲ့ တဇောက်ကန်းဖို့မဟုတ်သလို၊ ကိုယ့်အမျိုးသားရေး ခိုင်မာအားကောင်းရေးကို ရေရှည်အတွက်ကြည့်ဖို့တော့လိုပါတယ်။ ရေတိုမှာ ငါ့ပါတီနိုင်ရင်ပြီးရော ကျန်တာဘာဖြစ်ဖြစ်ဆိုတဲ့ အမြင်မျိုးကတော့ စစ်မှန်တဲ့ အမျိုးသားရေးအမြင်မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးစုပေါင်းနေထိုင်ကြတာဖြစ်သလို၊ လူမျိုး၊ စာပေ၊ ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှုမတူကွဲပြားပေမယ့် အတူယှဉ်တွဲနေထိုင်လာကြတာဖြစ်ပါတယ်။ အမျိုးသားရေးမှာလည်း ပြည်ထောင်စု ဘုံအကျိုးစီးပွားကို အခြေခံတဲ့ စိတ်ထားရှိဖို့ပဲဖြစ်ပါတယ်။



ကျွန်တော်တို့မှာ လူမျိုး၊ ဘာသာကို ခွဲခြားပြီး ဆန့်ကျင်တဲ့ စိတ်မရှိပါဘူး။ သို့ပေမယ့် ကိုယ့်နိုင်ငံသားမဟုတ်သူ ရေမြောကမ်းတင် ခိုးဝင်လာသူတွေကိုလည်း နိုင်ငံသားအဖြစ်၊ တိုင်းရင်းသားများ အဖြစ် အသိအမှတ်ပြုပေးဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ပါဘူး။ နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်းဟာ ဒီလိုဘဲကျင့်သုံးမှာ ပဲဖြစ်ပါတယ်။ ဒါကိုနိုင်ငံငယ်၊ နိုင်ငံကြီး ခွဲခြားပြီး ဘယ်လိုအဖွဲ့အစည်းမျိုးကမှ မလျော်သြဇာသုံးလာတာကို လက်မခံနိုင်ပါဘူး။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံအတွက်ပြဌာန်းတဲ့ ကိုယ်ပိုင်ဥပဒေများရှိသလို မြန်မာနိုင်ငံမှာလည်း စနစ်တကျပြဌာန်းထားတဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာဥပဒေများ ရှိပါတယ်။



တည်ဆဲဥပဒေနဲ့ အညီမှတပါး အခြားဘယ်လိုပုံစံနဲ့မှ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့်ကို လုပ်ကြံယူလို့မရပါဘူး။ ဒီလိုလုပ်လာတာတွေကိုလည်း အမျိုးသားရေးစိတ်ဓာတ်နဲ့ ထောက်ပြ ကန့်ကွက်ရမှာပဲဖြစ်ပါတယ်။

အခုအမျိုးသားလွှတ်တော်မှာဒေါက်တာအေးမောင်တင်သွင်းတဲ့ ဒီဥပဒေပြင်ဆင်ရေးကိစ္စဟာ တိုင်းပြည် အနာဂတ်အတွက် ရေရှည်အမြင်နဲ့ကြည့်ရမယ့်ကိစ္စပါ။



အဂတိတပါးပါးကို လိုက်စားပြီး ရေငုံနှုတ်ပိတ် နေရမယ့်ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိဖို့သာမက ၊နိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို တစ်နည်းနည်းနဲ့ ထိပါးတဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အစားထိုးခြင်းများလုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးများကို ထိပါးတဲ့ ကိစ္စမှန်သမျှကို ရဲရဲဝံ့ဝံ့ ကန့်ကွက်ဆန့်ကျင်ဖို့မျှော်လင့်ပါတယ်။



အခုအချိန်မှာ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင်ကို ကျယ်ကျယ်ပြန့်ြ့ပန့်ဖွဲ့စည်းပြီး ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် လိုအပ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ပါ ဆောင်ရွက်ဖို့အခွင့်အရေးရှိနေပါတယ်။



ပြည်သူများကတော့ မိမိတို့ရဲ့ ဆန္ဒ၊ မျှော်လင့်ချက်များကို မီဒီယာများမှ တဆင့် တစ်နည်းနည်းနဲ့ လွှတ်တော်က အမတ်မင်းများသိအောင် ဆောင်ရွက်နေကြပေမယ့် လွှတ်တော်အတွင်းမှာ ပြည်သူ့ဆန္ဒများ အမှန်တကယ်ထင်ဟပ်ဖို့ရာကတော့ လွှတ်တော်တွင်းက အမတ်မင်းများရဲ့ မဲပေါ်မူတည်နေပါတယ်။ ဒါကြောင့်မိမိတို့ကိုယ်စားလှယ်များမိမိတို့သဘောထားကို ဖော်ဆောင်နိုင်တာရှိမရှိ စောင့်ကြည့်နေကြေ
ကြာင်းပါ။

မူရင်း = ၃.၉.၂၀၁၃ နေ့ရွှေနိုင်ငံသစ် သတင်းစာပါ ဆောင်းပါး
ရွှေသတင်းသစ်
http://shwenewnews.blogspot.com/

0 comments to “၀ှိုက်ကဒ်ပြဿနာ ၂၀၁၅ မတိုင်မှီ အဖြေရှာပေးပါ”

Post a Comment