Friday, October 11, 2013

ပြိုင်ကားနဲ့ ဖလား

,

Written By မာဂျေ
Thursday, 10 October 2013
ပြိုင်ကားလေးနဲ့ လွှားလွှားလွှားလွှား လုပ်တတ်သလို ပြိုင်ကားပေါ်မှာ မော်ဒယ်မလေးတွေတင်တင်ပြီး အိုက်တင်ပေးတတ်တဲ့ ငါ့တူ အနေအထိုင် ဆင်ခြင်ဖို့လိုတဲ့ကာလ ရောက်နေပြီလို့ပြောရင်လည်း ဦးလေးက ကျွန်တော့် ကားပေါ်က အလန်းလေးတွေကို မနာလိုလို့ ပြောတယ်ဆိုပြီး
မင်းက ပြန်ခွပ်ဦးမယ်။

ဦးလေးက မင်းအတွက်ရော၊ မင်းကားပေါ်ပါပါလာတတ်တဲ့ ဖလမ်းဖလမ်းလေးတွေရော၊ အကိတ်
ကြီးတွေရော အနေအစားမပျက်အောင် ကြိုသတိပေးတာ ဖြစ်တယ်။

မင်းသိတဲ့အတိုင်း မင်းတို့ပြိုင်ကားသမားတွေကို တဗြူးဗြူး တဗြဲဗြဲ မောင်းတာနဲ့တင် လူတွေက
စိတ်အချဉ်ပေါက်နေကြတာ။

ဒီကြားထဲမှာ ဟိုမယ်ကလေးက ပြိုင်ကားပေါ်က ဆင်းပြီး ဘောပွဲချန်ပီယံဆုဖလား ကိုင်လာတဲ့
ပုံလည်း ဖွဘုတ်ပေါ် တက်လာရော ၀ိုင်းပြီး အားပေးလိုက်ကြတာနည်းမှတ်လို့။

ဒါကြောင့် မင်းလည်း ကိုယ့်ထမင်းကိုယ်စားပြီး သူများတွေ သမတာ ခံရမှာစိုးလို့ ကြိုပြီး သတိပေး
လိုက်ရတာဖြစ်တယ်။

အဲဒီမယ်ကလေးလည်း ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုသလို ပေါ်ပြူလာဖြစ်မ
လားလုပ်မိပါတယ်၊ ၀ိုင်းပြီး ဝေဖန်လိုက်ကြတာ ဟို ပြေးလှူရ၊ ဒီပြေးလှူရ၊ ပြိုင်ပွဲပြီးရင် ဘာလုပ်ပါ
မယ်၊ ညာလုပ်ပါမယ် ပြောရနဲ့ ရထားတဲ့မယ်ဘွဲ့တောင် လှုပ်တဲ့အခြေအနေ ရောက်သွားတယ်။

မင်းသိတဲ့အတိုင်း ငါတို့လူမျိုးက အင်တာနက်ပေါ်မှာ လက်သီးပုန်းထိုးရမယ်ဆိုရင် ဟဲဗီးဝိတ်
ချန်ပီယံတောင် ရနိုင်တဲ့သူတွေလေ။

လောလောဆယ်တော့ မင်းက ဦးလေးကို ကျွန်တော် လိမ္မာပါတော့မယ်။

ပြိုင်ကားသမားတွေကို လမ်းမပေါ် မောင်းမယ့်အစား ပြိုင်ကားကွင်းထဲမှာပဲ မောင်းဖို့၊ ကားမောင်း
ပြိုင်ပွဲတွေ လုပ်ပြီး စီးပွားရှာ (အဲလေ) စနစ်တကျ ယှဉ်ပြိုင်နိုင်ဖို့ လုပ်နေပါတယ်ဆိုလို့ နည်းနည်း
တော့ ရင်အေးသွားတယ်။

ဒါပေသည့် မင်းကားပေါ် ပါပါလာနေတဲ့ မယ်တော်လေးတွေအတွက် အနေအထိုင် အပြောအဆို
မမှားရအောင် စကားလက်ဆောင်ပါးချင်တယ်။

ဒီစကားကလည်း ကိုယ်ပိုင် မဟုတ်ပါဘူး။

ဖွဘုတ်ပေါ်မှာ လူကြိုက်များနေတဲ့ မာမီသံရဲ့ ရေးသားချက်တွေကို မာမီသံဆီက တရားဝင်
ခွင့်ပြုချက်တောင်း ပြီး တခုတ်တရ ဖော်ပြပေးတာပါ။

ဒီလို ရေးပြန်တော့ မင်းက ဦးလေးကလည်းဗျာ၊ ကိုယ်တိုင်က စာရေးဆရာရင့်မကြီးလုပ်ပြီး ဘာလို့
သူများစကား ကော်ပီလုပ်သလဲ အပြစ်တင်ချင်ဦးမယ်။

ဖွဘုတ်ပေါ်မှာ ရွက်ပုန်းသီးတွေ အများကြီးကွ။

တကယ်လို့သာ သူတို့က ဦးလေးတို့ရေးနေတဲ့ ပုံနှိပ်မီဒီယာပေါ် တက်လာရင် ဦးလေးတို့တောင်
ထမင်းနပ်မမှန် ဖြစ်သွားနိုင်တယ်။

အဲဒီ မာမီသံဆိုတာ အပြင်မှာ ဦးလေး သိလည်းမသိဘူး၊ မြင်လည်းမမြင်ဖူးဘူး။

ဒါပေသည့် ဒီခေတ်က တစ်ယောက်နဲ့ တစ်ယောက် မသိလည်း ပြောဆိုဆက်ဆံလို့ရတဲ့
နှောင်ကြိုးမဲ့ ခေတ်ကြီးမဟုတ်လား။

အသက် ၆၀ ကျော် အမေနဲ့ သမီးနဲ့ ဖွဘုတ်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်မသိဘဲ Friend
ဖြစ်နေတဲ့ခေတ်။

ဒါကြောင့် မာမီသံဆီကို ဖွဘုတ်ပေါ်ကနေ ခွင့်ပြုချက်တောင်း၊ သူက ခွင့်ပြုလို့ရေးမှာ။ ခွင့်မပြုဘဲ
လည်း မရေးရဲဘူး။ တော်ကြာ ရှိသမျှအမှု ဒိုင်ခံပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပေးနေတဲ့ မီဒီယာ
ရုံးခန်းတစ်ခုမှာ စွဲချက်အတင်ခံနေရမှာစိုးလို့။

မင်းပြောသလိုပဲ ဦးလေးတို့ မီဒီယာတွေက မဏ္ဍပ်ဆောက်ပြီး တိုင်ပေါ်တက်ချင်တဲ့သူက
အများသားကလား။

ဒါကြောင့် အားလုံးက စတုတ္ထမဏ္ဍပ်လို့ ခေါ်နေတာ ခံနေရတာလေ။

ထားပါတော့၊ ကိုယ့်အမျိုးတွေအကြောင်းက ပြောလည်း ဆုံးမှာမဟုတ်ဘူး။ ဒီတော့ မာမီသံရဲ့
ဖွဘုတ်ပေါ်က 'သိပ်ကြောက် သွားတဲ့ မား' ဆိုတာလေး ငါ့တူကို ရှဲ Share လိုက်ချင်တယ်။

ကြိုက်ရင် လည်း Like လုပ်လိုက်ပေါ့ကွယ်။ မာမီသံ ရေးထားတာက ဒီခေတ် မယ်ကလေးတွေ
ဆောင်ရန် ရှောင်ရန်လေး တွေပါ။

သူ့အရင်းအတိုင်း ငါ့တူကို ရေးပြမယ်။

"သမီးတို့၊ သားတို့ရယ်၊ မားလေ ညတုန်းက အတွေးတွေလွန်ပြီး အိပ်တောင် မပျော်ဘူး။ မားသာ
Miss Rain-bow Ribbon Contest မှာသာ နိုင်ပြီး မယ်ရပြီး နည်းနည်း အနေအထိုင်သာ မှားမိရင်
အပြောတွေ အဆဲတွေနဲ့တင် မား မြောင်းထဲမှာ ကလေးသုံးယောက်လောက် ရလောက်တယ်။

ဒီတော့ မား ဘာလုပ်ရင်ကောင်းမလဲလို့ ရှေ့က Miss တွေ ဖြစ်တဲ့ မိနန်းမတို့၊ မိဝါတို့၊ ဂုန်နီ
အိတ်ကျော်တို့ကို ကြည့်ပြီး ဆောင်ရန် ဆောင်ရန်လေးတွေ ထုတ်ထားတယ်။

"ဆောင်ရန်ကတော့ မိဘမဲ့ကလေး စသည်တို့ကို လှူပါ။ ယောဂီဝတ်စုံ ၀တ်ပါ။ ထိုအရာများကို
ဓာတ်ပုံရိုက်ပါ။ facebook ပေါ်တင်ပါ။ ဟိုပါတီကြီးကို မဝေဖန်မိပါစေနဲ့။ အားအား မအားအား
ကျော်သူ့ ဆီတွင် လုပ်အားပေးပါ။ ပြီးရင် ဓာတ်ပုံရိုက်ထားပါ (မလုပ်မဖြစ်)။ ရှောင်ရန်ကတော့
မည်သည့် ပြိုင်ကားမှ မစီးမိပါစေနှင့်။ အပေါင်းအသင်း ဆင်ခြင်ပါ။ ခရိုနီ ခရိုပြာမှသည် လူကြီးသား
ဆိုရင် ဆယ်အိမ်ခေါင်းသားတောင် ပြုံးမပြမိပါစေနှင့်။ ဘီကနီ ၀တ်ရင် ဗိုက်အဆီချပါ။ လူမျိုးခြားနှင့်
ပတ်သက်သော ဝေဖန်မှုများကို လုံးလုံး ရှောင်ပါ။ မဟုတ်ရင် တိုင်းပြည်ဂုဏ်ဆောင် အလှပဂေး
လေး နတ်သမီးလေး မှသည် နေ့ချင်းညချင်း ဖျာသည်မ၊ မျိုးဖျက်မ၊ ဘာမ၊ ညာမ၊ မကြားဝံ့
မနာသာ ဖြစ်သွားနိုင်တယ်လို့ မားထင်တယ် လေ" တဲ့။

ဒီစာကိုသာ မင်းနဲ့တွဲနေတဲ့ ငတိမ လေးတွေ ဖတ်မိထားရင် ကလပ်လိုက် ပို့ပါမယ်၊ ဘီယာအဝ
တိုက်ပါမယ် လိုက်စီးပါဆိုရင်တောင် မင်းကားကို စီးရဲကြတော့မှာ မဟုတ်ဘူး။

ဒီတော့ မင်းက စိတ်ဆိုးပြန်ရင်လည်း ကိုယ့်ထမင်း ကိုယ်စားပြီး ဖွဘုတ်ပေါ်မှာ ရန်များနေဦးမယ်။

မင်းက မေးချင်ဦးမယ်။ ဘာလို့ မာမီသံဆိုတဲ့ နာမည်ယူထားသလဲလို့။ ဦးလေးက သူ့ကို အပြင်မှာ
မသိတော့ သူ့ ဖွဘုတ်စာမျက်နှာ ၀င်ကြည့်မိတယ်။ အဲဒီမှာ မာမီ ရွစိတက်ပြီး ဖလမ်းဖလမ်း
ထလာရင် ထွက်လာတဲ့အသံမို့ မာမီသံ ဆိုပြီး ကင်ပွန်းတပ်ထားတယ်လို့ ရှင်းထားလေရဲ့။ ပြီးတော့
မာမီသံက ဆက်ပြောထား သေးတယ်။

မယ်တွေခြံရံပြီး အိပ်ချင်သလားတဲ့။ ဦးလေးက အဟုတ်မှတ်ပြီး ဖတ်ကြည့်မှ အခု ဟိုမယ် ဒီမယ်
ရထား သူလေးတွေက နာရေးကူညီမှုအသင်းရဲ့ တစ်သောင်းမြောက် အသုဘရုပ် ကလာပ်ကို
လာသယ်ပေးသတဲ့။

ဒါကြောင့် အဲဒီမယ်လေးတွေ ဘယ်တစ်ယောက် ညာတစ်ယောက် ခြံရံချင်ရင်နှစ်သောင်းမြောက်
မသာဖြစ်အောင်ကြိုးစားရမလို ဖြစ်နေတယ်။

ငါ့တူတော့ မသိဘူး၊ ဦးလေးတော့ မာမီသံရဲ့ အရေးအသားတွေဖတ်ရင်း တစိမ့်စိမ့် သဘောကျနေမိ
တယ်။

တိတ်တခိုး သဘောကျနေတယ်လို့တော့ မရေးရဲဘူး။ တော်ကြာ မာမီသံကို မာဂျေက ကျိတ်ပြီး
ကြိုက်နေတယ်လို့ သတင်းထွက်သွားမှာ စိုးရသေးတယ်။

ဒီတော့ မင်းလည်း မာမီသံရဲ့ စာဖတ် ပြီးရင် ပြိုင်ကားနဲ့ ဖလမ်းဖလမ်း သိပ်မထနဲ့။ မင်းနဲ့တွဲနေတဲ့
မော်ဒယ်လေး တွေကိုလည်း ဒီလောက်မယ်တွေများတဲ့ ခေတ်ကြီးမှာ ဘာမယ် ညာမယ်ဖြစ်ချင်တဲ့
စိတ်ရှိရင် နေတာထိုင်တာ သွားတာလာတာ ဆင်ခြင်၊ ပြိုင်ကားတွေ့တိုင်း လိုက်စီးဖို့မကြံနဲ့လို့
မင်း ကတစ်ဆင့် သတိပေးလိုက်ချင်တယ်။

တော်ကြာ ပြိုင်ကားစီးမိမှ မြန်မာယောင်ဆောင်ထားတဲ့ တရုတ်တို့၊ ဘင်္ဂါလီတို့ ဆိုတာ ပေါ်သွားရင်
နေရင်းထိုင်ရင်း လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခံနေရဦးမယ်... ဟာဟာဟ။

Written By မာဂျေ
မြန်မာတိုင်း(မ်)

0 comments to “ ပြိုင်ကားနဲ့ ဖလား”

Post a Comment