
အရှင်အဂျန်ဆီရိပန်နိုသည် ထိုင်းနိုင်ငံတွင် သီတင်းသုံးသော ရဟန်းတော်
တစ်ပါး ဖြစ်သည်။ မောက်မာ ပလွှားခြင်းလည်း အလွန်ကင်းသည်။ ၎င်းသည်
ဗြိတိန်နိုင်ငံတွင် ကျောင်းတက် ဘွဲ့ရခဲ့ပြီး ဘာသာစကားလည်း ရှစ်မျိုး
ပြောနိုင်သည်။ ပညာဂုဏ်သာ ရှိသည်မဟုတ်။ ဥစ္စာဂုဏ်ကလည်း ကမ္ဘာ့ထိပ်တန်း
ဘီလျံနာကြီးတစ်ဦး၏ သားဖြစ်သည်။ သူ့ဖခင် အနန်ဒါခရစ်သျှနန်သည်
မလေးရှားနိုင်ငံတွင် ဒုတိယ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး ဖြစ်သည်။ မီဒီယာ
လုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေး၊ ဂိမ်း၊
ဖျော်ဖြေရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများစွာတို့ကို ပိုင်ဆိုင်ထား၏။
၂၀၁၂ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ထုတ်ပြန်ချက်အရ အနန်ဒါခရစ်သျှနန်၏
စုစုပေါင်း ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံဖိုး ရှိသည်။
မလေးရှား ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးသည် ကမ္ဘာ့အဆင့် ဘီလျံနာများတွင်
အဆင့် ၈၉ ရှိသည်။
ကိုယ်တော် ဆီရိပန်နို၏ ဖခင်က မလေးရှား နိုင်ငံသားဖြစ်ပြီး မိခင်က
ထိုင်းလူမျိုး ဖြစ်သည်။ မွေးချင်း မိန်းကလေး နှစ်ဦးလည်း ရှိသေးသည်။
တစ်ရက်တော့ ထိုင်းနိုင်ငံကို အလည်အပတ် သွားခဲ့ပြီး အမေဘက်က ဆွေမျိုးတွေကို
သွားရောက် ဂါရဝပြုခဲ့သည်။ ထို့နောက် ဒုလ္လဘရဟန်း ဝတ်ဖြစ်သည်။
တောရဆောက်တည်ခြင်း အတွေ့အကြုံကို ရယူခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဖြစ်သည်။
ဗြိတိန်တွင် ကြီးပြင်းလာသော လူငယ်တစ်ဦး ဖြစ်သည့် အားလျော်စွာ
မတူခြားနားသော ယဉ်ကျေးမှုများနှင့် နီးစပ်မှုရှိပြီး ပထမတော့ အပျော်သဘောဖြင့်
ရဟန်းဘောင် ဝင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က တရားဓမ္မနှင့် သိပ်ပြီးနီးစပ်မှု
မရှိခဲ့ပေ။ ရဟန်းဘဝသည် သူ့အတွက် အလွန် အသစ်အဆန်း ဖြစ်နေခဲ့သည်။
ထေရဝါဒ နိုင်ငံများတွင် အမျိုးသားများသည် မလုပ်မနေရ မဟုတ်သော်လည်း
တစ်သက်လျှင် တစ်ကြိမ် ရဟန်းခံလေ့ ရှိကြသည်။ အပြီးဝတ်သည် မဟုတ်ဘဲ
ဒုလ္လဘရဟန်းခံခြင်း ဖြစ်သည်။
တောအုပ်ထဲတွင် နှစ်ပတ်လောက်နေမည့် အစီအစဉ်သာ ယခင်က ရှိခဲ့သည်။
တစ်သက်လုံး တောရဆောက်တည် တရားကျင့်ကြံမည့် ရဟန်းဘဝကို စဝတ်စဉ်က
လုံးဝမတွေးမိခဲ့ပေ။ ဆရာတော်ကြီး အဂျန်ချာရ်က သူ့ဘဝကို ပြောင်းလဲစေခဲ့ခြင်း
ဖြစ်သည်။
အဂျန်ချာရ် ဆရာတော်ကြီးသည် လူသိများသော ထေရဝါဒ ရဟန်းတော်ကြီး ဖြစ်ပြီး
အနောက်နိုင်ငံသားများလည်း ကိုးကွယ် လိုက်နာကြသည်။ လူသိများသော အနောက်တိုင်း
ရဟန်းတော်၊ တရားဓမ္မရေးသား ဟောပြောသူ၊ တရားပြသူများတွင် သူ့သာဝကများစွာ
ပါဝင်သည်။
သို့သော် သူဌေးသား ဒုလ္လဘရဟန်းလေးအတွက် ဆရာတော်ကြီး တရားသင်ကြားမှုကို
သေသေချာချာ လေ့လာခွင့် သိပ်မရပေ။ ထိုစဉ်က ဆရာတော်ကြီးကလည်း ကျန်းမာရေး
မကောင်းလှ။ ဆရာတော်ကြီး နားကပ်ကာ ဖူးတွေ့တရားနာယူခွင့် တစ်ကြိမ်သာ
ရလိုက်သည်။ သို့သော် ယင်းသို့ တွေ့ဆုံမှုက သူ့ဘဝကို ကြီးကြီးမားမား
သက်ရောက်မှု ရှိခဲ့ပေသည်။ ဘဝအမြင် ပြောင်းသွားခဲ့သည်။ သီတင်းပတ် နှစ်ပတ်သာ
ရဟန်း ဝတ်မည်ဟု ယခင်က ဆုံးဖြတ်ထားမှုကို လုံးဝပြောင်းလိုက်ပြီး ရာသက်ပန်
ရဟန်းဘဝနှင့် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဆရာတော်ကြီး အဂျန်ချာရ်က ရဟန်းများနှင့် မည်သို့ကျင့်ကြံ နေထိုင်သည်၊
ရဟန်းများကို မည်သို့ သင်ကြားသည်တို့ကို အနီးကပ် လေ့လာခွင့် ရရှိခဲ့သည်။
ကိုယ်တော် အဂျန်ဆီရိပန်နို ရဟန်းဘဝနှင့် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း၂၀
ကျော် ကြာသွားခဲ့ပြီး လက်ရှိတွင်လည်း တရားလေ့လာ၊ အားထုတ် ဟောပြောမှုများ
ပြုလုပ်နေလျက် ရှိသည်။ လက်ရှိထိုင်း-မြန်မာ နယ်စပ် တောရကျောင်း
တစ်ကျောင်းတွင် ကျောင်းထိုင် ဆရာတော်အဖြစ် သီတင်းသုံးလျက် ရှိ၏။
ခမည်းတော် ဘီလျံနာကြီးနှင့်တော့ အဆက်အသွယ် ရှိသေးသည်။ ရံဖန်ရံခါ
သူ့တောရကျောင်းသို့ ရောက်လာပြီး သားရဟန်း ဆရာတော်ကို လာဖူးလေ့ ရှိသည်။
ခမည်းတော်ကြီးက အီတလီတွင် နေထိုင်စဉ် ၎င်း၏ အသက် ၇၀ ပြည့်မွေးနေ့ကို
ကြွပေးဖို့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးဖြင့် ပင့်သွားဖူးသည်။ ကိုယ်ပိုင်ဂျက်
လေယာဉ်ကြီးပေါ်တွင် အခြားရဟန်းများ၏ ဓာတ်ပုံများ အင်တာနက်တွင်
ပျံ့နှံ့သွားခဲ့ပြီး ထိုင်းရဟန်းများ ကိုယ်ပိုင် ဂျက်လေယာဉ်စီးကာ
ဇိမ်ခံသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။ အမှန်တော့ အရှင်အဂျန်ဆီ
ရိပန်နိုကို သူ့ခမည်းတော်က ပင့်သွားခြင်း ဖြစ်သည်။
အရှင်အဂျန်ဆီရိပန်နိုသည် ဘီလီယံပေါင်းများစွာ အမွေရမည့် ဒေါ်လာများကို
ပစ်ပယ်ကာ တောရ ရဟန်းတစ်ပါးအဖြစ် ပြောင်းလဲခဲ့သော လူငယ်တစ်ယောက်၏
စွန့်လွှတ်မှုသည် သာမန် လူများအတွက် အလွန်ခက်ခဲမည့် ရွေးချယ်မှု ဖြစ်ပေသည်။
ဘီလျံနာ တစ်ယောက်အတွက် ဇိမ်ခံသော ဘဝသည် အလွန် ငြင်းဆန်ရ ခက်ခဲ၏။
အရှင်အဂျန်ဆီရိပန်နိုသည် ပြိုင်ကားများ၊ ဈေးကြီး အဝတ်အထည်များ၊ ဟော့ရှော့
မိန်းမလှများကို ရှောင်ဖယ်ပြီး ညနေစာပင် မစားရသော ရဟန်းဘဝကို
ရွေးချယ်ခဲ့သည်။
‘မကောင်းတဲ့ အရာဆိုရင် ပယ်သတ်လိုက်ပါ။ မပယ်သတ်နိုင်ပါက
ကောင်းအောင်လုပ်ပါ’ ‘သင်၏ စိတ်ကို ငြိမ်းချမ်း တည်ငြိမ်အောင် ထားခြင်းသည်
ကမ္ဘာကြီးအတွက် ကူညီခြင်းဖြစ်သည်’ စသည့် ဆရာရဟန်း၏ ဆုံးမစာများကို
သူ့ကျောင်းင်္သခမ်းအတွင်း သစ်ပင်များတွင် ချိတ်ထားသည်။
တရားနာ ပရိသတ်ကို တရားဓမ္မကို အာရုံစိုက်နိုင်စေဖို့ တရားမနာခင်
မိနစ်အနည်းငယ်လောက် တရားထိုင်စေလိုက်သည်။ ပရိသတ်က တော်တော်များသည်။
နိုင်ငံတကာ ရဟန်းတော်များ၊ နိုင်ငံခြားသားများ ဖြစ်ကြသည်။ ရဟန်းတော်က
ကြည်လင်ပြတ်သား ပီသသော အင်္ဂလိပ် ဘာသာစကားဖြင့် နှုတ်ခွန်းဆက်စကား
ပြောဆိုလိုက်ပြီး တည်ငြိမ်စွာဖြင့် ဓမ္မသဘင်ကို စတင်လိုက်ပေသည်။
သန့်ဇင်စိုး