Wednesday, October 9, 2013

ချိုးဖြူ ငှက်ကို အတောင်ပံ မညှပ် လိုက်ပါနဲ့

,

ဒီနေ့ အင်တာနက်စာမျက်နှာ က Eleven သတင်းဌာနမှာ ကေအိုင်အေ နဲ့ ပတ်သတ်တဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။မနေ့က အောက်တိုဘာ လ ၇ ရက်နေမှာ အစိုးရ နဲ့ ကေအိုင်အေရဲ့ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတဲ့ မှတ်တမ်း ဓာတ်ပုံတွေလည်းတွေ့ရပါတယ်။အဲ့ဒီပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နန်ဆန်ယန် မြို့မှာ ကုလအထူး ကိုယ်စားလှယ်တွေ နဲ့ မြန်မာ အစိုးရ ဘက်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေကလဲ စောင့်ဆိုင်းနေတယ်လို့လည်းသိရတယ်။ အဲ့ဒီမှာ ၀မ်းသာနေတဲ့ ဟန်ပန် နဲ့ ပြည်သူတွေ ၊ ဒေသ ခံတွေရဲ့ပုံတွေ ကိုလည်း တွေ့ရပါတယ်။အဲ့ဒီ လို လာကြို ကြတဲ့ အထဲမှာ  ဦးဂျီဇုံဆောင်က ''ကျွန်တော်တို့ လာကြိုတာတော့ နိုင်ငံရေး၊ လူမျိုးရေး လုံးဝမပါဘူး။ စစ်ပွဲတွေဖြစ်မယ်၊ ထပ်လည်း ဖြစ်ဦးမယ်ဆိုရင် ကျွန်တော်တို့လို လောကကို အပြည့်အ၀ အကျိုးမပြုနိုင်တဲ့လူတွေ၊ ဘ၀ရှုံးသွားတဲ့လူတွေ များလာမှာပါ။ ငြိမ်းချမ်းရေး အမြန်ရစေချင်တဲ့ ဆန္ဒနဲ့ ကေအိုင်အို အဖွဲ့ကို လာကြိုတာပါ''ဆိုတဲ့  စကား ဟာ ကေအိုင်အေ အဖွဲ့အတွက် ကိုယ့်လူမျိုးအကျိုးအတွက် တကယ့်ကို အလေးအနက်ထားရသင့်တဲ့ စကား ပဲ ဖြစ်သလို  ဒေသခံ တွေ ဘယ်လောက်ထိ ငြိမ်းချမ်းရေးကို ငတ်နေသလဲဆိုတာကိုပါမီးမောင်းထိုးပြနေတာနဲ့အတူတူပါပဲ။ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူလူထု၊ ဒေသ
ခံတွေဟာ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ အထင်သား တွေ့မြင်နိုင်ပါတယ်။ ဟုတ်တာပေါ့  ..ဘယ်သူက ကိုယ့်မွေးဌာနီ မှာ စစ်တလင်း ဖြစ်ပြီးဟိုပြေး ဒီပြေး ပြေးရတာ ဘယ်လိုချင်ရှာ ကြပါ့မလဲ။ကိုယ့်ရပ် ကိုယ့်ရွာမှာပဲ အေးအေးချမ်းချမ်းနဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်စားချင်ကြတာပေါ့။ဒါကတော့ သာမာန် ပြည်သူတွေ ရဲ့ ရိုးသား တည်ကြည်စွာ အလိုချင်ဆုံး ဆန္ဒပဲ ဆိုတာ ဘေးက ကြည့်တဲ့ သူတောင် မြင်နိုင်ပါတယ်။

ဒီတော့ ကေအိုင်အေ ဘက် ကလည်း ကိုယ်ကျိုးစီးပွားကို မကြည့်ပဲ  ပြည်သူတွေ ရဲ့ ဆန္ဒ နဲ့ မျှော်လင့်ချက်တွေကို ငဲ့ကြည့်သင့်ပါတယ်။အထက်ပိုင်းတွေ ဘယ်လောက်ပဲ အပစ်အခက်ရပ်စဲရေး ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်လင့်ကစား အောင်ခြေ က ကိုယ်စီ တပ်တွေကို မထိန်းသိမ်းနိုင်ဘူး ဆိုခဲ့ရင်တော့ ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး.။ အခု လက်ရှိလည်း အစိုးရနဲ့  ကေအိုင်အေ တပ်ဖွဲ့တွေ မကြာခဏ ဆိုသလို တိုက်ပွဲတွေ ပြန်ဖြစ်နေသံကို လည်း ကြားရပါတယ်။မကြာသေးခင်ကမှ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ဗိုလ် ဇော်မျိုးထက် ကိစ္စကလည်း ကေအိုင်အေ ကို လူသိများလာစေပါတယ်။အရင်က ဘာတွေ ပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အခု  ကေအိုင်အေ အနေနဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထိ တက်ရောက် လာတာဟာ  ငြိမ်းချမ်းရေး အတွက် တိုးတက်မှု တစ်ခုလို့ ဆိုနိုင်ပေမယ့် အလုံးစုံသော ငြိမ်းချမ်းရေး ကို ခံဝန် ကတိ မထိုးသေး သ၍ ကတော့ စစ်မှန်သော ငြိမ်းချမ်းရေး တစ်ခု ကို မွေးဖွါး ခွင့် မပေးနိုင်သေးမှာ မဟုတ်ပါဘူး။ ဒီတော့ တက်ရောက်လာတဲ့ ကေအိုင်အေ ကို ကြိုဆိုကြတဲ့ လူထုတစ်ရပ်ဟာ  လူမျိုး အစွဲ ၊ဘာသာ အစွဲ ကြောင့်မဟုတ်ပဲ  ငြိမ်းချမ်းရေး လိုချင်လို့ ၊ ငြိမ်းချမ်းရေးကို မက်မော လို့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ကြိုခဲ့ကြတယ်ဆိုတာ မမေ့သင့်သလို၊ ကေအိုင်အေ အနေနဲ့လည်း “ဒေသခံပြည်သူတွေ ရဲ့ အကျိုးစီးပွါး ကို အမှန်တကယ်လိုလားပါတယ်” ဆိုတဲ့ သက်သေ တစ်ရပ် ပြနိုင်ဖို့ အတွက် အခွင့်ကောင်းပဲဖြစ်ပါတယ်။
ဒါကြောင့် ရရှိနေတဲ့ အခွင့်အရေးကို လက်လွှတ်မခံပဲ အစိုးရ အဖွဲ့နဲ့ ပူပေါင်းအဖြေရှာပြီး မနောမြေ ကို အေးချမ်းအောင်ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းမိသလို ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက် ကို အသက်ဆက်ခွင့်ပေးတဲ့ အနေနဲ့ ချိုးဖြူငှက်ကို လည်းအတောင်ပံ မညှပ် လိုက်ပါနဲ့ လို့တဆင့်စကား ပါးလိုက်ချင်ပါတယ်။

ဒေါ်ထုဘူ (မိုးမောက်)

0 comments to “ချိုးဖြူ ငှက်ကို အတောင်ပံ မညှပ် လိုက်ပါနဲ့”

Post a Comment