Monday, August 12, 2013

Boeing 737 AEW&C လေယာဉ်

,
737 AEW&C လေယာဉ်သည် ဘိုးရင်း ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသည့် အေဗီယောနစ်များ၊ လေကြောင်းလမ်းပြ စနစ်များနှင့် လေယာဉ် မောင်းခန်းများ ပါရှိသည့် မျိုးဆက်သစ် 737-700 လေယာဉ်အား အခြေခံ တည်ဆောက်ထားပါသည်။
737 မျိုးကွဲလေယာဉ်များသည် ကမ္ဘာပေါ်တွင် လူကြိုက် အများဆုံးနှင့် စိတ်အချရဆုံး ဂျက်လေယာဉ် အမျိုးအစား ဖြစ်သည့်အပြင် အပိုပစ္စည်းနှင့် အထောက်အပံ့ ပစ္စည်းများ အလွယ်တကူ ပေးသွင်းနိုင်ပြီး ပြုပြင် ထိန်းသိမ်းမှု အချိန် အသက်သာဆုံး လေယာဉ်အဖြစ် ထင်ရှားပါသည်။
MESA (Multi-role Electronically  Scanned  Array) ရေဒါသည် 737 AEW&C လေယာဉ်၏ ထူးခြားသော အဓိက အာရုံခံစနစ် ဖြစ်ပါသည်။ အဆိုပါ MESA ရေဒါသည် ဖမ်းယူနိုင်သော အကွာအဝေး ကောင်းမွန်ခြင်း၊ ထောက်လှမ်း ခြေရာခံနိုင်ခြင်းနှင့် တိကျ သေချာခြင်း စသော စွမ်းဆောင်ရည်များ ရရှိစေရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ် ထားပါသည်။ ဝေဟင်နှင့် ရေပြင်ရှိ ပစ်မှတ်များအား တစ်ပြိုင်နက်တည်း ခြေရာခံ နိုင်သည့်အပြင် စစ်ဆင်ရေး နယ်မြေအတွင်း စဉ်ဆက်မပြတ် ထောက်လှမ်း နေစဉ်မှာပင် အခြားစွမ်းဆောင် ရည် မြင့်မားသော တိုက်ခိုက်ရေး လေယာဉ်များကိုလည်း တိုက်ရိုက် ထိန်းချုပ် ကွပ်ကဲနိုင်စွမ်း ရှိပါသည်။
          ဘိုးရင်း ကုမ္ပဏီသည် Air-5077 “Wedgetial” စီမံကိန်းအား ဆောင်ရွက်နေစဉ် ကာလ အတွင်းမှာပင် မျိုးဆက်သစ် 737-700 လေယာဉ်ကို အခြေခံထားသော AEW&C လေယာဉ် ၆ စီးအား တော်ဝင် သြစတြေးလျ လေတပ်အတွက် တည်ဆောက်ပေးရန် သဘောတူညီမှု ရရှိခဲ့ပါသည်။ Boeing 737 AEW&C လေယာဉ်သည် စွမ်းဆောင်ရည် မြင့်မားပြီး ခေတ်မီ ပစ္စည်းများ တပ်ဆင် အသုံးပြု ထားသောကြောင့် အနာဂတ် AEW&C  စနစ်အတွက် အရည်အသွေး ပြည့်မီသည့် လေယာဉ်အဖြစ် ကုမ္ပဏီမှ တရားဝင် ဖော်ပြ ထားပါသည်။ တော်ဝင် သြစတြေးလျ လေတပ်သည် ပထမဦးဆုံး ၃ စီးကို သဘောတူညီမှု ရရှိပြီးမကြာမီ လက်ခံ ရရှိခဲ့ပါသည်။ နောက်ထပ် စတုတ္ထမြောက်နှင့် ပဉ္စမမြောက် လေယာဉ်များအား ၂ဝ၁ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ရရှိခဲ့ပြီး နောက်ဆုံး ကျန်ရှိသော တစ်စီးကိုမူ ယခုနှစ်အတွင်း လက်ခံ ရရှိမည် ဖြစ်ပါသည်။
          ၂ဝဝ၆ ခုနှစ် သြဂုတ်လတွင် တောင်ကိုရီးယား နိုင်ငံ၏ E-X ဝေဟင်ကြိုတင် သတိပေး လေယာဉ် ၄ စီး ဝယ်ယူရေး အစီအစဉ် အတွက် 737 AEW&C လေယာဉ်အား ရွေးချယ်ခဲ့ပြီး ဘိုးရင်း ကုမ္ပဏီနှင့် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလတွင် စာချုပ်ချုပ်ဆို ခဲ့ပါသည်။ စာချုပ်အရ ၂ဝ၁၂ ခုနှစ်တွင် အပြီး ပေးပို့ရမည် ဖြစ်သည်။ ဘိုးရင်း ကုမ္ပဏီနှင့် တောင်ကိုရီးယားရှိ ကိုရီးယား လေကြောင်း စက်မှုလုပ်ငန်းစု (KAI) တို့သည် E-X 737 အစီအစဉ် အတွက် ချုပ်ဆိုထားသည့် သဘောတူညီချက် အရ KAI ကုမ္ပဏီသည် AEW&C  လေယာဉ် ၃ စီးအား အဆင့်မြှင့်တင် သွားရန်ရှိပြီး ဒုံးပျံစနစ်များ တပ်ဆင်ခြင်း၊ စမ်းသပ် ပျံသန်းခြင်း လုပ်ငန်းများကို တောင်ကိုရီးယား နိုင်ငံ ဆာချီရွန်မြို့ရှိ စက်ရုံတွင် ပြုလုပ်သွားမည် ဖြစ်သည်။ စတုတ္ထ မြောက် AEW&C လေယာဉ်အား ဘိုးရင်းကုမ္ပဏီ၏ ထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် အဆင့်မြှင့်တင် သွားရန် သဘော တူညီထားပါသည်။ ပထမဆုံး လေယာဉ်တစ်စီးကို ဘူဆန်ရှိ ဂျင်မောလေတပ် စခန်းသို့ ပို့ဆောင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စမ်းသပ်ပျံသန်းခြင်း ပြုလုပ်ခဲ့ပါသည်။ ကျန်ရှိသော လေယာဉ် ၃ စီးကိုမူ ၆ လလျှင် တစ်စီးနှုန်းဖြင့် ၂ဝ၁၂ ခုနှစ် အပြီး ပေးပို့သွားရန် စီစဉ်ထားပါသည်။ ဒုတိယမြောက် လေယာဉ်အား KAI  ကုမ္ပဏီမှ AEW&C  စနစ်များ တပ်ဆင်ပြီး ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဂျင်မောလေတပ် စခန်းသို့ လွှဲပြောင်း ပေးခဲ့ပါသည်။ ဘိုးရင်း ကုမ္ပဏီသည် နောက်ထပ် 737 AEW&C လေယာဉ် ၁၅ စီးနှင့်အထက် ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ဝယ်ယူနိုင်ခြေ ရှိသည့်နိုင်ငံများမှာ အိန္ဒိယ၊ အာရပ်စော်ဘွားများ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ဖြစ်ပါသည်။

0 comments to “Boeing 737 AEW&C လေယာဉ် ”

Post a Comment