Monday, August 19, 2013

စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်

,
စာရေးဆရာ၊ ကဗျာဆရာ ဒဂုန် တာရာ ခေါ် ဦးဋ္ဌေးမြိုင် ( ၁၉၁၉-၂၀၁၃ ခုနှစ်) ဟာ ယနေ့ နံနက်ပိုင်း ၉ နာရီကျော် လောက်က အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။



ယနေ့ နံနက်ပိုင်းက ဆရာဒဂုန်တာရာ ကွယ်လွန်သွားတဲ့ သတင်းကို ပုသိမ်မောင်စိမ်းနီက ဧရာဝတီကို အတည်ပြု ပြောကြားထားပါတယ်။

ငြိမ်းချမ်းရေးသမားကြီးလို့ အများက သတ်မှတ်ထားတဲ့ စာပေပညာရှင်လည်းဖြစ် တဲ့ ဆရာ ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့က ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ မွန်ကျေး ရွာဖြစ်တဲ့ ထိုင်ကူ မြစ်တန်းရွာမှာ မွေးဖွားခဲ့ပါတယ်။

ဆရာ ဒဂုန် တာရာရဲ့ ကလောင်အမည်ခွဲတွေကတော့ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန် စတာတွေ ဖြစ်ပါတယ်။

ငယ်စဉ်က ရန်ကုန်မြို့ ၇ လမ်း အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းမှာ ပညာစတင်ဆည်းပူးခဲ့တဲ့ ဆရာ ဒဂုန် တာရာဟာ ကျိုက်လတ်မြို့ အမျိုးသား ကျောင်းမှာ ၁၉၂၇ ခု နှစ် ကနေ ၁၉၃၆ ခုနှစ်ထိ လည်းကောင်း၊ ရန်ကုန်မြို့ ရေ ကျော် မက်သဒစ်ကျောင်းမှာ ၁၉၃၆ ခုနှစ်၊ ၃၇ ခုနှစ်မှာ ပညာ သင်ကြားခဲ့ ပါတယ်။


ဆရာ ဒဂုန် တာရာဟာ ၁၉၃၇ ခုနှစ်မှာ မက်ထရစ် ( ဆယ်တန်း) အောင်မြင်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။


ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စား လှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့ ပါတယ်။

ဒီအပြင် တရုတ် - မြန်မာ မိတ်ဆွေအသင်းချုပ်၊ ဆိုဗိယက်-မြန်မာ ယဉ်ကျေးမှုနှင့် မိတ်ဆွေ အသင်းချုပ်၊ ကမ္ဘာ့ ငြိမ်း ချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီတွေမှာလည်း ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ပါတယ်။

၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ပြီးနောက် ဒဂုန်တာရာ အမည်ကို ခံယူခဲ့တာပါ။

၁၉၄၆ ခုနှစ်မှာ တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေ ခဲ့ပြီး နောက်ပိုင်း ကလောင်အမျိုးမျိုးနဲ့ စာပေဝေဖန်ရေး
တွေလည်း ရေးသားခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က ၀တ္တုတိုပေါင်းချုပ်ဆု ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်ကလည်း ပခုက္ကူ ဦးအုန်းဖေ တသက်တာ စာပေဆုလည်း ရရှိခဲ့ပါတယ်။

ဆရာ ဒဂုန်တာရာ ရေးသားခဲ့သည့် စာအုပ်များမှာ


  1. ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
  2. ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
  3. စံပယ်ဦး - ၁၉၆၁ ခုနှစ်
  4. စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
  5. စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
  6. စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
  7. စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
  8. တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
  9. ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
  10. ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
  11. ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
  12. တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
  13. ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
  14. မာယာ - ၁၉၉၁ ခုနှစ်
  15. မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
  16. မေ - ၁၉၇၄ ခုနှစ်
  17. ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
  18. လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
  19. လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
  20. သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
  21. သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
  22. အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
  23. အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
  24. အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
  25. ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်



အိမ့်သံစဉ် ~

0 comments to “စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်”

Post a Comment