Monday, August 19, 2013

ခွေးအခွင့်အရေး တောင်းကြဦးမှာလား

,

 

မိုးကောင်း(ကျောက်မြောင်း)

မကြာသေးမီက တရုတ်နိုင်ငံ ဒါလီယန်မှာ ခွေးကိုက်လို့ ခြောက်နှစ် သမီးလေး တစ်ယောက် သေသွား တယ်။ အဲဒီ ကလေးမလေး မကွယ်လွန်မီ တစ်လလောက်ကလည်း တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဇောင်း ပြည်နယ်မှာ အဘိုးအို တစ်ယောက်ကို မနက်စောစော လေ့ကျင့်ခန်း လုပ်နေစဉ် ခွေးနှစ်ကောင် ဝိုင်းကိုက်လို့ သေသွားပါတယ်။ ဒီနှစ် မေလက လည်း တရုတ်နိုင်ငံ ဘေဂျင်းမှာ ခွေးကိုက်ခံရတာ ငါးဦးတောင် ရှိတယ်လို့ သတင်းစာတွေက ဖော်ပြထားတယ်။

ဘေဂျင်းလို မြို့တော်မှာ ခွေး သောင်းကျန်းတော့ ရဲတွေက မြို့တော်အနှံ့ ခွေးနှိမ်နင်းမှုတွေ လုပ်ရတယ်။ ဘေဂျင်း စည်ပင်ကလည်း ၃၅ စင်တီမီတာနဲ့ အထက် ခွေးတွေကို အိမ်မွေးခွေးအဖြစ် ခွင့်မပြုဘူးလို့ အမိန့်ထုတ်ရတယ်။ ခွေးကြီးတွေကို မွေးထားတာ တွေ့ရင် ဒဏ်ငွေ ယွမ် ၅၀၀၀ (၈၁၃ ဒေါ်လာ) လောက် ချပစ်တယ်။ အဖွဲ့အစည်းယောင်ယောင်၊ ဘာယောင်ယောင်နဲ့ ခွေးကယ်တင်ရေးတွေ လုပ်ထားတာတွေ တွေ့ရင် လည်း ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၆၂၅) လောက်ကို ပြစ်ဒဏ်ချတယ်။ အဲဒီ ခွေးတွေကိုလည်း အစိုးရ သတ်မှတ်ထားတဲ့ ခွေးထောင်ကို ပို့ရတယ်။

ခွေးချစ်တဲ့သူတွေက ခွေးအခွင့်အရေးကို လူလို စောင့်ရှောက်ဖို့ အော်နေချိန် မှာ အစိုးရကလည်း ခွေးကို ခွေးလိုပဲ ဆက်ဆံပြီး၊ ခွေးလိုပဲ ဥပဒေအတိုင်း လုပ်တော့၊ ဥပဒေ နားမလည်တဲ့၊ ခွေးတွေကို စောင့်ရှောက်နေ ကြတဲ့ ခွေးချစ်သူတွေက အမျိုးမျိုး အော်ကြ ကလော်ကြနဲ့ ပြဿနာတွေ ဖြစ် ခဲ့ကြ ရတယ်။ ဒါတောင် တရုတ်မှာက ခွေးသားကို ဈေးတွေထဲမှာ ရောင်းပြီး တရားဝင် စားနေကြတာ။

ခွေးမွေးတာ မွေးခွင့် ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်အိမ် ကိုယ့်ခြံ ရှိရင် မွေးလို့ ရတယ်။ လမ်းပေါ်ကို လွှတ်ထားလို့တော့ မရဘူး။ အပြင်ကို ခွေးက ထွက်ပြီး ကိုက်ရင်တော့ ပြဿနာ အကြီးအကျယ် ပေါ်လိမ့်မယ်။ လူမြင်ကွင်း၊ အများပြည်သူ နေထိုင် သွားလာ စားသောက်နေတဲ့ နေရာတွေမှာ ခွေး မတွေ့ရအောင် စည်ပင်တွေက ဂရုစိုက်ရတယ်။ တွေ့ရင် ထိန်းသိမ်းမယ်၊ အရေးယူမယ်၊ ဒဏ်ရိုက်မယ်၊ ရှင်းလင်းမယ်။ ဒါက အစိုးရအနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတဲ့ အပိုင်းပဲ။

အချို့ ပြည်နယ်တွေမှာ ခွေးဥပဒေကို ကိုယ့်ပြည်နယ်အလိုက် ပြဋ္ဌာန်းကြ တာလည်း ရှိတယ်။ ခွေးမွေးရင် လိုင်စင် ယူရတယ်။ မှတ်ပုံတင်ပြီးမှ မွေးကြ ရတယ်။ ခွေးကိုလည်း ကာကွယ်ဆေးတွေ ထိုးရတယ်။ မှတ်ပုံမတင်ထား တဲ့ ခွေး၊ လမ်းဘေးက ခွေးလေ ခွေးလွင့်တွေကိုတော့ အစိုးရက သတ်ဖြတ် နှိမ်နင်းတယ်။ အစိုးရကလည်း သူ့အလုပ် သူလုပ်တယ်။ မွေးချင် ရင် သတ်မှတ်ချက်အတိုင်း မွေး၊ ကျန်တာကတော့ အစိုးရ ဖြေရှင်းရမယ့် အပိုင်းလို့ပဲ သတ်မှတ် လုပ်ဆောင်ကြတာ တွေ့ရတယ်။

ဇူလိုင်လ ၄ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စုမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတွေကို မျက်စိနောက်အောင် သွားလုပ်တဲ့ အမျိုးသား တစ်ယောက်ကို ရဲက တာဝန် ဝတ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းတယ်။ ရဲတွေ အလုပ်လုပ်နေတဲ့ နေရာကို အဲဒီမောင်ကလည်း ပတ်ပြီးတော့ ဗီဒီယို ရိုက်နေတာ တကယ်ပဲ မျက်စိနောက်စရာ ကောင်းပါတယ်။ သူ့သခင်ကို ဖမ်းပြီး လက်ထိတ်ခတ်တော့ ခွေးက ရဲတွေကို လိုက်ကိုက်တယ်။ ရဲတွေက လူပုံ အလယ်မှာပဲ အဲဒီခွေးကို သေနတ်နဲ့ လေးချက်တိတိ ပစ်ပြီး သတ်လိုက် တယ်။ အမေရိကန်မှာ ဖြစ်ခဲ့တာကို ပြောတာပါ။ ခွေး အခွင့်အရေး၊ လူ့ အခွင့်အရေး သူတို့မှာလည်း သိပ်အော်လို့ မရဘူးလို့ ပြောချင်တာ။ အဲဒီဗီဒီယို ရိုက်ထားတာလည်း Youtube မှာ ပျံ့နေပါပြီ။

အမေရိကန်မှာ ခွေးတွေကို ခြံမွေး တိရစ္ဆာန်စာရင်းထဲ မထည့်ဘူး။ ဒါကြောင့် ခွေးမွေးရင် စည်းကမ်းနဲ့ မွေးလို့တော့ ရတယ်။ လူ သို့မဟုတ် မြင်း၊ နွားတွေ ထွက်ကိုက်ရင်တော့ ပစ်သတ်ခွင့် ပေးထားတယ်။ အိမ်မွေးတိရစ္ဆာန် စာရင်းထဲမှာ ခွေးကို မထည့်တာလည်း တွေ့ရတယ်။ ဒါကြောင့် အိမ်မွေး တိရစ္ဆာန် တွေကို ခွေးက လိုက်ကိုက်ရင် ပိုင်ရှင် အနေနဲ့ ပြဿနာ အများကြီး ရင်ဆိုင်ရနိုင်တယ်။

သြဂုတ်လ ၁ ရက်နေ့ ဂျပန်နိုင်ငံ သတင်းတွေမှာလည်း ဂျပန်နိုင်ငံမှာ ခွေးနဲ့ ကြောင် ၅၀၀ လောက်ကို နေ့စဉ် သတ်ပစ်နေတယ် ဆိုတဲ့သတင်း ပါလာတယ်။ ဂျပန်နိုင်ငံဟာ ခွေး ကြောင် ချစ်ရာမှာ သည်းသည်းလှုပ်နေတဲ့ နိုင်ငံပါ။ ဒီသတင်းကြောင့် ခွေးချစ်၊ ကြောင်ချစ်တွေ ငိုကြ ယိုကြတယ်။ ဒါပေမဲ့ ငိုရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး။ ဥပဒေအတိုင်း လုပ်တာကို ဒီအတိုင်း ကြည့်နေရတယ်။ ချစ်လို့ မွေးချင်ရင် ဥပဒေနဲ့ ဘောင် နဲ့ မွေးပေါ့။ အများပြည်သူ စိတ်ညစ်ငြူးစေမယ့်၊ ဒုက္ခ ဖြစ်စေမယ့် စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကိုတော့ အစိုးရလည်း လက်မခံပါဘူး။

ဂျပန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၀ ပြည့်နှစ်က ဆိုရင် ခွေးကြောင် အကောင် ပေါင်း ၂၀၅,၀၀၀ လောက်ကို သုတ်သင်ခဲ့ရ တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံ တစ်ဝန်းလုံးမှာ တစ်နေ့ကို အကောင် ၅၀၀ လောက် သတ်နေရတဲ့ သဘောပေါ့။ သူတို့ သတ်တာကလည်း ရှင်းတယ်။ ခွေးလေ ကြောင်လွင့်တွေကို ဖမ်းလာပြီး လေလုံအခန်း တစ်ခန်း ထဲ ထည့်ပြီး အဆိပ်ငွေ့ပေး သတ်လိုက်တာပဲ။

မြန်မာနိုင်ငံမှာ အင်္ဂလိပ် အုပ်စိုးစဉ်ကာလ ရန်ကုန်တက္ကသိုလ်ထဲ မှာ ခွေးလေခွေးလွင့်တွေကို နှိမ်နင်းဖို့ သေနတ်ကိုင် တစ်ယောက်ကို ခန့်ထားလေ့ ရှိတယ်။ အဲဒီလူက ပွိုင့်တူးတူး သေနတ်ကို ကိုင်ပြီး တက္ကသိုလ် ဝင်းထဲ လျှောက်သွားကာ တွေ့သမျှ ခွေးတွေကို ပစ်ခတ် နှိမ်နင်းပေးရ တယ်။ နောက်ပိုင်း ရန်ကုန်နဲ့ နယ်တွေမှာလည်း အမဲလုံးကို အဆိပ်လူးပြီး လိုက်လံ နှိမ်နင်းတာတွေ တွေ့ရတယ်။ လမ်းထဲမှာ ခွေးလေ ခွေးလွင့် နည်းပြီး ပြဿနာလည်း ကင်းသပေါ့။ ခုတော့ နှိမ်နင်းတဲ့ လူတွေလည်း မရှိ။ တိုးပွားချင်တိုင်း တိုးပွားနေတဲ့ ခွေးလေခွေးလွင့် ပြဿနာကို စာစောင်တွေ ကလည်း ရေးနေတာ တွေ ဖတ်ရပါတယ်။ ဒီကြားထဲက ကယ်တင်ရှင် ဆိုတာတွေလည်း ဖတ်နေရသလို ခွေးတွေကို အဆိပ်လုံး လိုက်ကျွေးတဲ့ သူတွေကိုလည်း လိုက်ရိုက်တဲ့ ရပ်ကွက်တွေ ရှိနေကြောင်း သတင်းတွေ ကြားနေရတယ်။

ရပ်ကွက်တွေထဲမှာ ခွေးလေခွေးလွင့်တွေကို ထမင်း ဝိုင်းကျွေးပြီး မွေးထား ကြတာ ဓလေ့လို ဖြစ်နေပြီ။ သံယောဇဉ်တွယ်တဲ့အပြင် ဘာသာရေးနဲ့ ပါ နွှယ်လိုက်တော့ သူ့အသက် သတ်ဖို့ဆိုတာ အပြစ်ပါ ဖြစ်လာတယ်။ ခွေး ကို ထမင်းကျွေးပြီး အဲဒီခွေး ကိုက်ရင်တော့ မသိသလို နေတဲ့သူတွေ ကလည်း ရပ်ကွက်ထဲ အများကြီးပါပဲ။ ပိုဆိုးတာက ညစဉ် တစ်ကောင် အူလိုက်ရင် တစ်ရပ်ကွက်လုံး ဆူညံသွားတာတွေကိုလည်း ချစ်တော့ အပြစ် မမြင်နိုင်ကြဘူး ထင်ပါတယ်။

ခွေးရူးနဲ့ ခွေးအန္တရာယ် ဘယ်လောက်များတယ်လို့ ကျန်းမာရေး အသိရှိသူတွေက ဘယ်လောက် ပြောပြော ခွေးသတ်တာ အပြစ်လို့ မြင်နေ တဲ့ ကရုဏာရှင်တွေနဲ့ ကယ်တင်ရှင်တွေကြောင့် မြန်မာနိုင်ငံ မှာ ခွေးကောင်ရေ ဘယ်လောက်အထိ တိုးပွားနေဦးမယ် ဆိုတာလည်း မခန့်မှန်းနိုင်၊ စည်ပင်ဆိုတာကလည်း ဘယ်လောက်အထိ ကိုယ်နဲ့ မဆိုင်သလို နေနိုင်ဦးမယ်ဆိုတာ မပြောနိုင်ပါဘူး။

မန္တလေး စည်ပင်ကတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ခွေးကောင်ရေ ၃၉၀၀ ကျော်ကို သုတ်သင် ခဲ့ပါတယ်။ ယမန်နှစ်အထိ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူ ၂၀၀ ကျော် ရှိတယ်။ ဒီနှစ် ဧပြီလမှာပဲ ခွေး ၂၀၀ လောက် သုတ်သင်ခဲ့ တယ်။ ခွေးတွေကို သုတ်သင် ချင်ရင် သန့်ရှင်းရေး ဌာနရှိရာ ၁၉ လမ်း၊ နန်းရှေ့ဈေး အပေါ်ထပ်ကို ဆက်သွယ်နိုင်တယ်လို့ မေလ ၁၅ ရက်နေ့ ထုတ် မြန်မာတိုင်းမ် သတင်းမှာ ဖတ်လိုက်ရပါတယ်။ ရန်ကုန် စည်ပင်ကပဲ အလုပ် မလုပ် တာလား။ ဒေသခံတွေကပဲ ခွေးဝှက်၊ ခွေးဖုံးတာ တော်လို့ပဲ လားတော့ မသိဘူး။ တာမွေနဲ့ ကျောက်မြောင်းကို တစ်ချက်လောက် လာပြီး စောင်းငဲ့ကြည့်သင့်တယ်။ ညမှောင်လို့ ကိုယ့်လမ်းတောင် ကိုယ် မဝင်ရဲတဲ့ ဘဝပါ။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာတော့ မနှစ်က ခွေးကိုက်ခံရသူပေါင်း ၈၀,၀၀၀ လောက် ရှိတယ်လို့ဆိုတယ်။ အိန္ဒိယမှာ ခွေးနှိမ်နင်းတာကတော့ ပုံစံ တစ်မျိုးပါ။ လမ်းတွေမှာရှိတဲ့ ခွေးလေ၊ ခွေးလွင့်တွေကို မော်တော် ဆိုင်ကယ် တစ်စီးနဲ့ လျှောက်မောင်းပြီး တွေ့တာနဲ့ အရောင်ပါတဲ့ ဆေးနဲ့ ရှေ့ သတ်မှတ် သွား၊ နောက်က လိုက်ဖမ်းပြီး၊ ဖမ်းလို့ရတဲ့ ခွေးတွေကို တရုတ်နိုင်ငံ ပို့ပါတယ်။ ခွေးသားတွေကို တရုတ်က စားတာကြောင့် ကိုယ့် တိုင်းပြည်မှာလည်း ခွေး ရန်ကင်း၊ ပိုက်ဆံလည်းရ ဆိုပြီး လုပ်ဆောင် တာကို သတင်းတွေမှာ ရေးထားတယ်။ မြန်မာနိုင်ငံမှာကတော့ တရုတ်ကို ခွေးခိုး ထုတ်တာ ဖမ်းမိပြီး ကယ်တင်ရှင်တွေနဲ့ တိုးသွားတာကိုလည်း သတင်းတွေ မှာ ဖတ်လိုက်ရပါတယ်။

ခွေးတွေကို စေတနာရှိလို့ အိမ်ထဲ ခြံထဲ ကယ်တင်ထားတာတွေကိုတော့ အပြစ် မပြောလိုပါဘူး။ စည်ပင်က လုပ်ရမယ့်ကိစ္စ လူတွေ လုပ်နေတာ ကတော့ ရပ်ကွက်နဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် စိုးရိမ်စရာ ကောင်းပါတယ်။ ခွေးတွေကို စေတနာရှင်တွေ စုပေါင်း ထိန်းသိမ်း ပြီး ခွေးဂေဟာ ဖွင့်ခွင့် ရှိ မရှိ ဆိုတာတွေကို စည်ပင်နဲ့ ကျန်းမာရေး ဌာနတွေ က တရားဝင် သတင်းတွေ ထုတ်ပြန်ပြီး ပြည်သူတွေကို သတိပေးသင့်ပြီ ထင်ပါတယ်။ စည်ပင် မထိန်းနိုင်တဲ့ ခွေးတွေကို ခြံကြီး တစ်ခုထဲမှာ သွားမွေးဖို့ ပြင်ဆင်သူတွေကလည်း ပြင်ဆင်နေကြပြီ။ ရန်ပုံငွေ ရှာသင့် မရှာသင့်တွေလည်း စဉ်းစားသူတွေ စဉ်းစားနေကြပြီး တော်တော်ကြာ လွှတ်တော်ကို တင်သင့်၊ မတင်သင့်တွေ ဆွေးနွေးလာတာတွေအပြင်၊ ဆန္ဒပြမှုတွေ ခေတ်စားနေမတဲ့ ဟောဒီ မဟာရန်ကုန်မှာ မကြာခင် ‘ခွေး အခွင့်အရေး ချက်ချင်းပေး’ ဆိုတဲ့ ဗီနိုင်းတွေ ကိုင်ပြီး မြို့တော်ခန်းမရှေ့ ဆန္ဒပြကြဦးမှာ မြင်ယောင်ပါ သေးတယ်။

(ဤ Opinion ကဏ္ဍပါ ယူဆချက်များသည် စာရေးသူ၏ ထင်မြင် ယူဆချက် များသာ ဖြစ်ပြီး The Voice Daily ၏ အာဘော် မဟုတ်ပါ။)

The Voice

0 comments to “ခွေးအခွင့်အရေး တောင်းကြဦးမှာလား”

Post a Comment