Friday, August 16, 2013

အဖေ့လို ယောက်ျား

,

အဖေ့လို ယောကျာ်းတစ်ချို့က သူတို့ကလေး ဘ၀တွေကို ပြန်ပြောင်း ပြောကြတိုင်း “ပျော်စရာ
အကောင်းဆုံးနှစ်များ” ဟူ၍ တင်စားကြသည်။ ကျွန်မကတော့ သူတို့နှင့် ဆန့်ကျင်ဘက်။ “မုန်းစရာ ကောင်းသည့်နှစ်များ” ဟူ၍ဆိုလိုက်ချင် သည်။ ကလေးဘ၀ကို ကျွန်မက လှောင်ချိုင့်စံ ကာလများ၊ အထိန်းချုပ် ခံကာလ များဟူ၍ အမြဲတန်းခံစားနေခဲ့ရ သည်။ ကျွန်မက စပ်စုတာကို မကြိုက်။ စဉ်းစားဆင်ခြင် ဝေဖန် သုံးသပ်မှုမပြုဘဲ “မဖြစ်နိုင်ဘူး” ဆိုသည့် အသုံးအနှုန်း မျိုးကို သုံးတာလည်းမကြိုက်။ ဘာကိုဝတ်၊ ဘယ်အချိန်ပြန်လာ၊ ဘယ်ကိုသွား၊ ဘယ်သူနဲ့သွားစသည်ဖြင့် ပြောဆိုသတ်မှတ်မှု ခံနေရခြင်းကိုလည်း အမုန်းဆုံးဖြစ်သည်။ ငယ်စဉ်က လက်လှမ်း မမီတာကို ယူခိုင်းခြင်း မျိုးကိုမုန်းသလို၊ “ကားနောက်ခန်းမှာ သွားထိုင်၊ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးထိုင်” ဟူ၍ အပြောခံရသည်ကိုလည်း မုန်းသည်။
အိမ်ကို ဧည့်သည်များလာလျှင် ကျွန်မတို့ကို အပြင်ထွက်ကစားရန် နှင်လွှတ်ခံရခြင်း၊ မအိပ်ချင်သေးဘဲနှင့် အိပ်ယာသို့ဝင်ရန် အတင်းအကျပ် အတောင်းဆိုခံရမှုများကိုလည်း ကျွန်မမုန်းသည်။ ကလေးဘ၀ အမှတ်အရဆုံး အဖြစ်အပျက်တစ်ခုမှာ ကျွန်မ ခြံစည်းရိုးအဝတွင် ရပ်နေသည့် နေ့တစ်နေ့ ဖြစ်သည်။ အမေက “ဟဲ့ ဆိုညာ ခြံပြင်ကိုထွက်မလို့လား ... မထွက် ရဘူးနော်” ဟူ၍ အိမ်ထဲမှ လှမ်းအော်လိုက်သည်။
ထိုစဉ်က ကျွန်မအသက် သုံးနှစ်သာ ရှိသေးသည်။ ခြံပြင်ကို ဘာကြောင့် မထွက်ရမှာလဲဆိုသည့် အတွေးများက ကျွန်မခေါင်းထဲကို ဝင်လာသည်။ ကျွန်မအဖေဖြစ်သူနှင့် အစ်ကိုတို့ နေ့စဉ် အိမ်မှထွက်သွားတတ်ကြသည်။ သူတို့ကျတော့ ခြံစည်းရိုးအပြင်သို့ ကျော်ထွက်ခွင့်ရှိပြီး ကျွန်မက အဘယ်ကြောင့်ကျော်ထွက်ခွင့် မရှိရသနည်း။ လူတွေက ခြံရှေ့မှ ဖြတ်သွားကြ သည်။ အချို့က ရပ်ပြီးကျွန်မကို “ဟဲလို” ဟူ၍ နှုတ်ဆက်ကြသည်။ ပြီးတော့ သူတို့လမ်းသူတို့ ဆက်လျှောက် သွားကြသည်။ ကျွန်မကလွဲပြီး လူတိုင်းခြံစည်းရိုးအပြင်ဘက်တွင်ရှိနေကြသည်။ ထိုစဉ်က စပြီး အပြင်လောက တွင် စိတ်လှုပ်ရှားစရာတွေ ပြည့်နေလိမ်မည်ကို ကျွန်မသိနေသည်။
အဖေက “အလုပ်” အကြောင်း၊ အစ်ကိုက “ကျောင်း” အကြောင်းပြောနေသည်များကို ကျွန်မကြားနေရသည်။ အမျိုးသမီးအချို့ လက်တွန်းလှည်းလေးတွေတွန်းပြီး ကလေးထိန်းနေကြသလို အချို့ကလည်း ဈေးခြင်းတောင်း များနှင့် ဈေးဝယ် ထွက်နေကြသည်။ “အပြင်ထွက်ရင် ကုလားကြီးဖမ်းသွားလိမ့်မယ်”၊ “အပြင်မထွက်နဲ့နော် ကလေးတွေခိုးနေတယ်”၊ “လမ်းပျောက်ပြီး အိမ်မပြန်တတ်ဘဲ နေမယ်”၊ “ကားတိုက်ခံရလိမ့်မယ်”၊ “ခွေးကိုက်လိမ့်မယ်”။ ကျွန်မ နားထဲတွင် ထိုအသံများသာ ကြားနေရသည်။
လူကြီးတွေဘာကြောင့် ထိုသို့ ပြောမှန်း မသိသော်လည်း ကျွန်မကတော့ ထိုအကြောင်းများကို ဘာကြောင့်ဆိုတာ သိချင်နေသည်။ ထိုစဉ်က ကျွန်မစိတ်ထဲတွင် စွဲမြဲနေသည့် အသိတစ်ခုက “သူတို့လိမ်နေကြတာ .. မယုံဘူး” ဆိုသည့် အသိဖြစ်သည်။ တစ်နေ့ ကျွန်မ ခြံအပြင်သို့ထွက်သွားသည်။ ခြံစည်းရိုးချင်းဆက်နေသည့် အိမ်နီးချင်းခြံ၏ အဆုံးအထိ ကျွန်မ လျှောက်သွားလိုက်သည်။ ခြံစည်းရိုးတစ်ခုဆုံးသော် နောက်ခြံစည်းရိုးတစ်ခုက ဆက်နေပြန်သည်။ ဤသို့ ခြံစည်းရိုးများ ဆက်နေလျှင် ခြံစည်းရိုးတွေကို လက်နဲ့ကိုင်သွားပါက လမ်းမပျောက်နိုင်ဆိုသည့်အတွေးကို ကျွန်မရလာသည်။
ကျွန်မစိတ်ကူးထဲတွင် ပထမဦးဆုံးရရှိလာသည့် အတွေး စိတ်ကူးဖြစ်သဖြင့် အတော်လေး ပျော်သွားသည်။ “ဟုတ်ပြီ စမ်းကြည့်မယ်” ကျွန်မ ခြံစည်းရိုးတွေကို လက်နှင့်ထိပြီး အဝေးကြီး လျှောက်သွား ပစ်လိုက်သည်။ ခြံစည်းရိုးတွေဆုံးသော် လာလမ်းအတိုင်း ခြံစည်းရိုးတိုင်တွေကိုကိုင်ပြီး အိမ်အရောက် ပြန်လာ နိုင်ခဲ့သည်။ အထက်ပါအဖြစ်ကို ကျွန်မမှတ်ဉာဏ်တွင် ယနေ့တိုင် ဖြောက်ဖျက်ပစ်၍ မရနိုင်ပါ။ ကျွန်မဘ၀၏ အဓိက အကျဆုံးနှင့် အရေးအပါဆုံး နေ့တစ်နေ့လည်း ဖြစ်နိုင်ပါသည်။ ကျွန်မဘ၀သည် ထိုအချိန်ကစပြီး ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့နေ့ဟု ဆိုရမလားတောင်မသိ။ ကျွန်မ တွေးထင်ခဲ့သည့် “ရိုင်းစိုင်းသောလောက” ကို ကျွန်မကျော်လွှား ထိုးဖောက်နိုင် လိုက်ပြီဖြစ်သည်။
ထိုနေ့တွင် ကျွန်မသည် လွတ်လပ်မှုနှင့် ရွေးချယ်ခြင်း၊ လွတ်မြောက်ခြင်းဆိုသည့် သဘောတရားများကို ရှာဖွေတွေ့ရှိ သွားသည်ဟုလည်း ဆိုနိုင်သည်။ ထိုနေ့မှ အစပြုပြီး ကျွန်မမိဘများ အနေဖြင့် အိပ်မက်ဆိုးများ စတင်မက်ရတော့မည့်နေ့လည်း ဖြစ်နိုင်ပါလိမ့်မည်။ အဖေက ကျွန်မကို ချစ်စနိုးဖြင့် “ကောင်မလေး” ဟူ၍ အမြဲခေါ်လေ့ရှိသည်။ ကျောင်းနေသည့် တတိယ မြောက်နှစ်တွင် ကျောင်းပြေးသဖြင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ ပထမဦးဆုံးအကြိမ်ရောက်ခဲ့ရသည်။ ကျောင်းပြေးဟူ၍ အဖမ်းခံရစဉ်က ကျွန်မနှင့်အတူ ညီမလေးနှင့် သူငယ်ချင်း တစ်ဦး အတူရှိနေကြသည်။ ထိုစဉ်က ညီမလေးအသက်မှာ ၆ နှစ်သာရှိသေးသဖြင့် ကျောင်းတွင် အငယ်ဆုံးနှင့် အနန့်ဆုံး မိန်းကလေး စာရင်း ဝင်သွားရာ အမေလည်းအတော်လေး ရှက်သွားတော့သည်။ ထိုနေ့က အမေရှက်သည့် အကြောင်းတွင် ကျောင်းပြေးရုံ သက်သက်မျှသာမဟုတ်။ ကျွန်မတို့သုံးယောက် သူငယ်ချင်းဖြစ်သူ ၏နေအိမ်တွင် မျက်နှာကို မိတ်ကတ်တွေလူး၊ ဒေါက်မြင့်ဖိနပ်ကြီးတွေ စီးကာ ဆေးလိပ်သောက်နေကြ သည်ကို မိသွားသောကြောင့် လည်းဖြစ်မည်ထင်သည်။
အထက်တန်းအဆင့်ရောက်တော့ ကျွန်မအတော်လေး တည်ငြိမ်သွားသည်။ သို့သော်သူတို့က ကျွန်မကို ဆိုးသွမ်းလူငယ် စာရင်းထဲ ထည့်ထားကြသည်။ ထိုအချက်က ကျွန်မစိတ်ကို အတော်လေးကျဉ်းကျပ်စေသည်။ သူတို့ကို ကျွန်မက အရူးတွေဟူ၍ မှတ်ယူနေမိသည်။ သူတို့က ကျွန်မကို “ပါးစပ်ကြမ်းတယ်”၊ “စိတ်ပုတ်တယ်”၊ “ပြဿနာ ရှာတယ်” ဟူ၍လည်း စွပ်စွဲကြသေး သည်။ နောက်ပိုင်းတွင် မိဘများက ကျွန်မကို “တို့က မင်းကို ပစ်လိုက်ရပြီလို့တောင် ထင်ထားကြတာ” ဟူ၍ ပြန်ပြောင်းပြောပြ သည်။ ရိုးသားစွာ ပြောရလျှင် ထိုအချိန်က ကျွန်မသည် ကလေးသာသာလေးလောက်သာရှိသေးသည်။ တစ်ခုတော့ရှိသည် ကျွန်မစရိုက်က ခေါင်းမာသည်။ အမိန့်မနာခံတတ်။ ကျွန်မအပေါ် မည်သည့် ပုံစံနှင့်မဆို ထိန်းချုပ်ရန်ကြိုးစားလျှင် ထိုသူများကို အမြဲစိန်ခေါ်ပြဿနာရှာတတ်သည်။ နည်းနည်းလေးကြီးကျယ်သည်၊ မောက်မာသည် ထင်လျှင်လည်း မည်သည့်အရွယ်နှင့် အဆင့်ရှိနေပါစေ ကျွန်မက ဂရုမစိုက်။ ညအိပ်ယာဝင်ချိန်တွင် ညီမလေးနှင့် ဤသို့ပြော ဖြစ်ကြသည်။
“ဘယ်လိုလူစားတွေလဲကွ” ကျွန်မပြောလိုက်သည့် ဘယ်လိုလူစားတွေလဲဆို သူများမှာ မိဘတွေကိုဖြစ်ပါသည်။ ညီမလေးသည် ကျွန်မ အချစ်ဆုံးဖြစ်ပြီး ကျွန်မနှင့် စိတ်တူကိုယ်တူရှိသည်ဖြစ်ရာ စိတ်ထဲရှိသမျှ ပွင့်ပွင့်လင်းလင်း ပြောဖြစ်ကြသည်က များသည်။ “တို့ကို သူတို့က မွေးစားထားတာ များလား”။ “ငါတို့ ဘာမှမတော်တဲ့လူတွေနဲ့ အတူနေ နေရတာ များလား” ဆိုသည့် အတွေးမျိုးတွေကို ကျွန်မနှင့် ညီမလေးဖြစ်သူတို့ အမြဲဆွေးနွေး ဖြစ်ကြသည်။ အပျိုဖော်ဝင်စအရွယ်ကို အမှတ်ရနေ မိသေးသည်။ ကျွန်မက “လွတ်လွတ် လပ်လပ်နေချင်တယ်” ဆိုသည့် စကားကို အမြဲပြောတတ်လာသည်။ နောက်ဆုံးအသက် ၁၆ နှစ် ပြည့်သည့်အရွယ်တွင် အထုတ်ဆွဲပြီး အိမ်မှ ထွက်ပြေးခဲ့သည်။ အဖေက အတော်လေး ထိတ်လန့်သွားသည်။ သူ့ စိတ်ကိုယ်သူ အတော်လေး ထိန်းနေရသည် ဟူ၍လည်း သိလိုက်ရသည်။
သူဒေါသ မထွက်ရအောင် ထိန်းချုပ်နေရသည် ဟုကြားလေ ကျွန်မက ဒေါသပေါက်ကွဲလေ ဖြစ်နေသည်။ အဖေက မိဘကောင်း တစ်ယောက်ဖြစ်ရန် စည်းကမ်း လိုအပ်သည်ဟူ၍ လက်ခံထားသူဖြစ်သည်။ သို့ဖြစ်ရာ စည်းကမ်း လိုက်နာစေရန် အကောင်းဆုံး နည်းသည် ခါးပတ်နှင့် အရှိုး ထင်အောင် ရိုက်နှက်ဆုံးမခြင်း ဖြစ်သည်ဟုလည်း ယူဆထားသည်။ အဖေကဒေါသတွေ ထွက်လာလျှင် အသံကျယ်လာသည်။ လည်ချောင်း ကြော ကြီးတွေထောင်လာအောင် အော်ဟစ်တတ်သလို မျက်နှာတွေ လည်းနီလာတတ်သည်။ မျက်လုံးတွေက လည်း ရက်စက်တော့မည့် အသွင်ဆောင်နေ တတ်သည်။ အဖေဘာကြောင့် ဤသို့ဖြစ်နေတတ်မှန်း ကျွန်မတော့ နားမလည်နိုင်ခဲ့။ နောက်ပိုင်းတွင် အဖေဒေါသတွေ ထွက်လာသည့်အခါ မည်သို့တုံ့ပြန် ရမည်ကို ကျွန်မနားလည်လာသည်။ မငိုနဲ့၊ ပြန်အော်၊ ရိုက်ရင် လက်နဲ့ခံ စသည်ဖြင့် တုံ့ပြန်တတ်လာသည်။ ကျွန်မနှင့် အဖေ့ကြားတွင် နှစ်ပေါင်းများစွာ စစ်ပွဲတွေဖြစ်ဆင်နွဲခဲ့ကြရသည်။
ကျွန်မအဖေသည် လူဆိုးကြီး တစ်ယောက်တော့ မဟုတ်ပါ။ အဖေကရုပ်ဖြောင့်သည်။ သိမ်မွေ့သည်။ လူကြီး လူကောင်း ဆန်သည်။ အစွမ်းအစရှိသူ ရယ်စရာမောစရာများ ပြောတတ်သူလည်းဖြစ်သည်။ အဖေသည် အရက်မသောက်။ ဆေးလိပ်လည်းမသောက်။ မိန်းမ လိုက်စားခြင်းမရှိ။ ဒေါသ မထွက်ချိန်ကလွဲပြီး အင်မတန် နှစ်လိုဖွယ်ကောင်းသည့် သူတစ်ဦးဖြစ်သည်။ ကျွန်မကလည်း ခြောက်ပြစ်ကင်း သဲလဲစင်တစ်ယောက်မဟုတ်။ ကျွန်မအဖေ ဒေါသမထွက် ထွက်အောင်၊ ပြဿနာမတက်တက်အောင် ဆွပေးနေတတ်သူ ဖြစ်နေမည်က သေချာသည်။ အဖေ့တွင် ဒေါသတွေများလာသည့်အခါ ပြဿနာတွေ တောင်လိုပုံလာသည်။ စိတ်ဖိစီးမှု တွေများလာသည့်အခါ “ငါ အကြမ်းဖက်မိတော့မယ်” ဟူ၍ အော်ဟစ်မိသည်အထိ ဖြစ်လာသည်။
နှစ်ပေါင်းများစွာကြာသည်အထိ အဖေနှင့်ကျွန်မ ဆက်ဆံရေးသည် စိတ်ရှုပ်ထွေးစရာတွေဖြစ်နေသည်။ အဖေသည် ဘာကြောင့် ကျွန်မအတွက် ချစ်စရာကောင်းသလို မုန်းစရာလည်းကောင်းနေရပါသနည်း။ အဖေနှင့်သမီးတို့ ဆက်ဆံရေးသည် အေးစက်စက်နှင့် ထင်ရသော်လည်း အနှိုင်းမဲ့ဖုံးကွယ်နေသည့် မေတ္တာတရားတွေက မည်မျှကြီးမားနေသည်ကို မှန်းဆရခက်လှသည်။ သို့ကြောင့်ပင် မိန်းမများ အိမ်ထောင် ဘက် ရွေးချယ်တော့မည်ဆိုလျှင် ကိုယ့်အဖေလို ယောက်ျားမျိုးဖြစ်လျှင် ဘယ်လောက် ကောင်းမလဲဟူ၍ စိတ်ကူးယဉ်တတ်ကြသည်။ ကျွန်မသည် ပြောဆိုရခက်ပြီး ထင်ရာစိုင်းခဲ့သော်လည်း ဆိုးရွားစွာ ဘ၀ မပျက်ခဲ့ ရခြင်းမှာ ကံကောင်း အကြောင်းလှခဲ့၍ဖြစ်မည်ထင်ပါသည်။ ကျွန်မရော ကျွန်မညီမလေးပါ ယခုအခါ သားသမီး တွေ ကိုယ်စီနှင့်ဖြစ်နေကြပြီ။ သားသမီးများအပေါ် ကျွန်မတို့ရိုက်နှက်ခြင်းတစ်ကြိမ်မျှ မပြုခဲ့ကြသည်ကလည်း ကျွန်မနှင့် ညီမလေးတို့ တစ်ဦးအပေါ်တစ်ဦး အကြမ်းဖက်ဆက်ဆံမှုများ မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်မည်ထင် သည်။ ဖြစ်နိုင်လျှင် ကလေးဘ၀အတိုင်း ပြန်နေလိုစိတ်တွေ ဝင်နေမိသည်။
အရွယ်ရောက်လာကတည်းက ကိုယ့် လွတ်လပ်မှုကိုယ်ရှာပြီး ဘ၀ကို ထင်သလိုရင်ဆိုင်ခဲ့သည့်ကာလများ ကုန်ဆုံးခဲ့သော်လည်း အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့သည်ဟုဆိုရမည်။ ကလေးဘ၀နှင့် အရွယ် ရောက်ခဲ့ချိန် ကာလနှစ်ခုတို့သည် ကျွန်မအတွက် ပြိုင်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသလို စိတ်လှုပ်ရှားစရာ၊ စိတ်ပင်ပန်းစရာ ကောင်းလှသည်။ ဘ၀ကို တစ်ဆင့် တက်လှမ်းတော့မည်ဆိုတိုင်း အဖေ့စကားလေးတွေကိုတော့ သတိရနေမိသည်။ “လူကြီးဖြစ်ဖို့ဆိုတာ ရင့်ကျက်ဖို့နဲ့ အတွေ့အကြုံ ရှိဖို့လိုတယ် .. ဒါတွေကိုကျော်လွှားပြီး လူကြီးမဖြစ်နိုင်ဘူး” နှစ်ပေါင်းများစွာကြာမှ မိသားစုအသွင် ပြန်လည်ပြီး စုစုဝေးဝေးနေ ထိုင်နိုင်ခဲ့သည်။ အဖေနှင့် ကျွန်မတို့ နှစ်ဦးသား စိန်ခေါ်ရင်း ယှဉ်ပြိုင်ကစားခဲ့ရသည့် ပွဲပေါင်းများစွာသည် ယခုတော့ သာမန် အဆင့်တွေဖြစ်သွားပြီ။
ယခုအဖေ့အသက်က ၄၀ ရှိသွားပြီ။ အဖေသည် စိတ်ရှုပ်ထွေး ဖိစီးစရာအလုပ်တွေကို စွန့်လွှတ်လိုက်ပြီး မြောက်ပိုင်း ကမ်းခြေတစ်နေရာတွင် ခြံလေးတစ်ခြံ ဝယ်ထားလိုက်သည်။ အချိန်ပိုင်းဂီတဆရာလည်း လုပ်လိုက် သေးသည်။ ဘုရားကျောင်းတွင် ဂီတဆရာလုပ်နေရသည်ကို သူစိတ်ကြည်မွေ့နေပုံရသည်။ ပြီးတော့ နောက် အိမ်ထောင် ထပ်ပြုလိုက်သည်။ ခုတော့ အဖေသည် မိသားစုအသစ်နှင့်ဖြစ်နေပြီ။ အဖေသည် ပိုပြီးအေးစက် တည်ငြိမ်သွားသလို သူ့ကိုယ်သူပြန်ပြီး ရှာဖွေတွေ့ရှိ သွားပြီဟု ယူဆရသည်။ အဖေနှင့်အတူနေခဲ့စဉ်ကာလများသည် ပြဿနာအတော်လေး ကင်းခဲ့သည့်ကာလများဟုဆိုနိုင်သော်လည်း တစ်ခါတစ်လေ ပေါက်ကွဲ ခဲ့ရသည့် အချိန်များလည်းရှိခဲ့သည်။ သို့သော် အဖေ့ကို ကျွန်မဖီဆန်သည့် ကာလတွေက များခဲ့သည်ဟုဆိုနိုင်သည်။ အဖေနှင့်စိတ်ဆိုး၊ ဒေါသတွေထွက် ပေါက်ကွဲပြီး အိမ်မှထွက်သွား။ နောက်တော့လည်း ပြန်တောင်းပန် ပြန်ချော့နှင့် သံသရာလည်နေရခြင်းသည် ဆယ်ကျော်သက် ကာလ အဖေနှင့် ကျွန်မတို့၏ ဆက်ဆံရေး ဟူ၍ဆိုနိုင်သည်။
သို့သော် ဆယ်ကျော်သက်အရွယ် နှုတ်သီးကောင်း လျှာပါးနှင့် အဖေ့ကို ပြန်ခံပြောခဲ့ သည်များကိုတော့ မမေ့နိုင်သည်ကအမှန်။ အဖေ့ကို နှုတ်သီးထက်ထက်ဖြင့်ပြန်ပြောခဲ့သဖြင့် အဖေမည်မျှခံစားသွားရလိမ့်မည်ကို ကျွန်မသတိမမူခဲ့ပါ။ အဖေနှင့် ဆက်ဆံရေး မပြေမလည်ဖြစ်နေရသည်မှာ ကြာလာတော့ တစ်နေ့အဖေက ကျွန်မကို စကားတစ်ခွန်း ဖြင့် ကမ်းလှမ်းလာသည်။ “တို့နှစ်ယောက်ဆက်ဆံရေးကို အကြေအလည် ဆွေးနွေးမှဖြစ်တော့မယ်” ထိုနေ့သည် အမှန်တကယ်ရောက်ရှိလာခဲ့သည်။ ကျွန်မတို့နှစ်ယောက်အကြား ဆက်ဆံရေးအမှန်တကယ်တိုး တက်စေခဲ့သည့် နားလည်မှုတွေ ရယူနိုင်ခဲ့သည့်နေ့ဟူ၍လည်း ဆိုရမည်။ အဖေက “အဖေတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးတာပဲ .. အဖေတို့က လူကြီးတွေဆိုပေမယ့် နေရာတကာတော့ ဘယ်လိုက်ပြီး သိနိုင်မှာလဲ .. တကယ်တော့ သမီးရာ အကန့်အသတ်ဘောင်လေးတစ်ခုထဲမှာ အဖေတို့ နေထိုင်နေကြရတာပါ” အဖေက အော်ဖရာဝင်းဖရေး၏ စကားတစ်ခွန်းကို ကောက်နုတ်ပြီးပြောပြသည်။
“ဘာလုပ်ရမယ်မှန်း ပိုပြီးသိခဲ့ရင် ဒါ့ထက်ပိုကောင်းအောင် ပိုလုပ်ပေးနိုင်မှာပေါ့” အဖေသည် ပုံပြောကောင်းသူ တစ်ယောက်လည်း ဖြစ်ပါသည်။ ပုံတိုပတ်စများကို တစ်မျိုးနှင့်တစ်မျိုး မရိုး နိုင်အောင် ပြောပြတတ်သည်။ တစ်ကြိမ်တွင်ဤပုံပြင်မျိုး ကြားဖူးသလိုလိုရှိသော်လည်း ယခင်နှင့်မတူအောင် ချဲ့ထွင်ပြောတာလေးတွေ ဖြစ်ချင်ဖြစ်နေတတ်သည်။ အဖေသည် သူ့အကြောင်း မည်သည့်အခါမျှ ပြောပြ တတ်သူတစ်ယောက် မဟုတ်ပါ။ သို့သော်ကျွန်မတို့သည် အဖေ့စိတ်ကူးပုံပြင်တွေထဲက သူ့ဘ၀ တစ်စိတ် တစ်ပိုင်းကို ထုတ်ယူရရှိနိုင်ခဲ့သည်။ မကြာမီအဖေ့တွင် ဝေဒနာတစ်ခု စွဲကပ်နေပြီဟု သိလိုက်ရသည်။ ပရော့စတိတ်ကင်ဆာဖြစ်သည်။ အဖေက “အချိန်တန်တော့လည်း အိမ်ပြန်ရတာပေါ့” ဟူ၍ ပေါ့ပေါ့လေးပြောလိုက်သည်။ သို့သော်ကျွန်မတို့က မပေါ့နိုင်။ အဖေ့အတွက် ဘာတွေလုပ်ပေးနိုင်မလဲ ပြင်ဆင်ရတော့သည်။ အဖေ့နောက်ဆုံးကာလများတွင် အနည်းဆုံး တစ်ပတ် တစ်ရက်လောက်တော့ အဖေ့အိပ်ယာဘေးတွင် ထိုင်၍ဖြစ်စေ၊ လဲလျောင်း၍ ဖြစ်စေ အဖေနှင့်စကားတွေ အများကြီးပြောဖြစ်ခဲ့သည်။
ခရစ်ယန်တစ်ယောက် အနေဖြင့် အဖေသည် မလွဲမသွေဖြစ်လာမည့် အဖြစ်တရားကို ရင်ဆိုင်ရန် အသင့်ရှိနေသလို အပျက်တရားကို ရင်ဆိုင်ရန်လည်း အသင့်အနေအထားဖြစ်နေသည်။ အဖေ့အသက်အရွယ်နှင့် အဖေခံစားနေရသည့် ဝေဒနာ၊ အဖေ့ သေးကွေးချည့်နဲ့လာသည် ကိုယ်ခန္ဓာနှင့် ဝေဒနာကိုအားတင်းရင်ဆိုင်နေရပုံများကို ကျွန်မ စိတ်မကောင်း ဖြစ်နေမိသည်။ အဖေလုပ်ချင်တာကို လုပ်နိုင်ရန် အချိန်တွေရနေပါသေးသည်။ ပြောချင်တာတွေပြောနိုင်ဖို့ အတွက် အချိန်တွေ အများကြီး ရနေပါသေးသည်။ အဖေသည် သူ့ကိုယ်သူ အငြိမ်းချမ်းဆုံးဖြစ်အောင်တော့ နေထိုင်နေပုံရသည်။ အဖေ့ဘ၀ဇာတ်ကြောင်းကို ပြန်ပြီးပြောပြရန် ကျွန်မ ကတောင်းဆိုလိုက်သည်။ အဖေ့အမှတ်ရချက်တွေက အံ့ဩစရာကောင်းလှသည်။ ဘာတွေဖြစ်ခဲ့သည် ဘယ်သူတွေနဲ့ ဘာတွေပြောခဲ့သည်ကအစ ပြန်ပြောင်း ပြောပြနေသည်မှာ တိကျလွန်းလှသည်။ ယခင်အဖေပြောပြခဲ့ဖူးသည့် အကြောင်းအရာတွေနှင့် ယခုပြောပြနေ သည်များ မတူညီတော့။ အကြောင်းအရာတူသည်ဆိုစေ အဖေ့အမြင်နှင့် သုံးသပ်ချက်တွေက မတူတော့။ အဖေလည်း ကလေးဘ၀က ကျွန်မလို ကိုယ့်စိတ်ကိုယ် မထိန်းနိုင်မှုများနှင့် အများကြီး ကြုံတွေ့ခဲ့ရသည်။
အဖေသည် လူကောင်ကြီးကြီးမဟုတ်။ လူကြီးသူမတွေနှင့်လည်း စကားပြောရမှာ အင်မတန်ဝန်လေးသည်။ အဖေ့ ဇာတ်ကြောင်းတွင် မြှုပ်ကွက်တွေ၊ ကိုယ်ကျင့်တရားတွေမပါ။ လူငယ်လေးတစ်ယောက် ကမ္ဘာလောကကြီး ကို ကိုယ့်အမြင်ဖြင့် အကောင်းဆုံးရင်ဆိုင်နိုင်ရန် ကြိုးပမ်းမှုများဖြစ်သည်။ အဖေ့ဇာတ်လမ်းတွေက တစ်ခုဆုံးသွားတိုင်း အတွေးတွေကိုတော့ ချန်ထားခဲ့သည်ကအမှန်။ “အဖေဘာကြောင့် ဒီလောက်တောင် သိနေရတာလဲ၊ ရဲရင့်နေရတာလဲ၊ ယောက်ျားပီသနေရတာလဲ၊ ကိုယ့်အလုပ်အပေါ် ကိုယ်မာနထားပြီး မိသားစုကို ကျွေးမွေးပြုစုနိုင်ခဲ့ရတာလဲ”။ ဘ၀တွင် တည်မြဲစွာ သတ်မှတ်နိုင်မှုများ မရှိနိုင်ပါ။ မှန်ချင်လည်း မှန်နိုင်သလို မှားချင်လည်း မှားနိုင်သည်ချည်းဖြစ်သည်။ သို့သော်အဖေက “ငါသာလျှင် ငါ့ဘ၀၏ အရှင်သခင်” ဆိုပြီး နေထိုင်ပြုမူသွားသူဖြစ်သည်။ အဖေနှင့်ပတ်သက်ပြီး ကျွန်မယုံကြည်ထားသည်က “အဖေသည် သူ့ကိုယ်သူ အမြဲထိန်းချုပ်နိုင်သူဖြစ်သည်” ဆိုသည့် အယူအဆ ဖြစ်သည်။ အဖေ့ငယ်စဉ်ဘ၀ကို ကျွန်မပြန်လည်ခံစားကြည့်ရသည်မှာ ကြည်နူးစရာ ကောင်းလှသည်။ အဖေသည် သူ့ငယ်စဉ်ဘ၀ကို ပြန်ပြောင်း ပြောပြနေသည့်ကာလတွင် ကလေးတစ်ယောက် လို ဖြစ်နေပြီး ကျွန်မကတော့ ထိုအချိန်တွင် သူ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်လိုဖြစ်နေသည်။
ဤနေရာတွင် အဖေ့ဇာတ်ကြောင်းကို ပြန်လည်ပြောချင်သည့် စိတ်ဆန္ဒမရှိသော်လည်း အချို့ကိုတော့ မျှဝေခံစား ကြည့်စေချင်ပါသည်။ အဖေသည် သူ့ဖခင်ဖြစ်သူ ကျွန်မအဘိုးနှင့် တစ်ကြိမ် တစ်ခါမျှ အဆက်အသွယ်မလုပ်။ အဘိုးကို သူက လေးစားသည်။ အဘိုးထံမှ လေ့လာသင်ယူခဲ့တာတွေကလည်း အများကြီးဖြစ်သည်။ သို့သော်အဘိုးက အဖေ့ကို ဘယ်တော့မှ နွေးနွေးထွေးထွေးမဆက်ဆံ။ သား တစ်ယောက်ကို ချစ်ခင်မှု တစ်ကြိမ်မျှ မပြခဲ့သည့် အဘိုးမျိုးဖြစ်သည်။ အဖေသည် ကျောင်းတွင် စာတော်သူတစ်ယောက် မဟုတ်။ အသက် ၁၄ နှစ်အရွယ်တွင် ကျောင်းထွက်ပြီး အလုပ်ရှာသည်။ အဘိုးဖြစ်သူ၏ စကားတစ်ခွန်းကြောင့် ဖြစ်သည်။ အဘိုးက “မင်းအရွယ်ရောက်ပြီ .. ကိုယ့်ဘ၀ ကိုယ်ကျောင်း .. ကိုယ့်လမ်း ကိုယ်လျှောက်တော့”။
အဖေ ထိုစကားကို ကြားလိုက်ရချိန်တွင် အတော်လေးတုန်လှုပ်သွားသည်ဟုဆိုသည်။ အထီးကျန်သလို ခံစားလိုက်မိသည်။ အဖေသည် သိုးမွေးမြူရေး ခြံတစ်ခြံတွင် တစ်နေ့ ၁၂ နာရီ လောက် အလုပ်လုပ်ရသည်။ ကျောချစရာ နေရာလေးတစ်နေရာသာ ပိုင်ဆိုင် ခဲ့မှုနှင့် ဘ၀ကို စတင်ခဲ့ရသည်။ လောကကြီးကို ငယ်ငယ်ရွယ်ရွယ်နှင့် ရင်ဆိုင်ခဲ့ရ သည့်ကာလများတွင် အဖေသည် အနိုင်ကျင့်မှုများ၊ အရှက်ခွဲ ခံရမှုများနှင့် အများကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အဖေသည် အရွယ်နှင့်အမျှအောင် ကိုယ်ခန္ဓာက သေးကွေးလွန်းနေ၍ဖြစ်သည်။ သို့ဖြစ်ရာ အဖေသည် ပျော်ပျော်နေ၊ ရယ်စရာတွေပြော၊ လူတိုင်း နှင့် အလွမ်းသင့်အောင် နေတတ်လာသည်။ နောက်ပိုင်းတွင် အများက ယုံကြည်ကိုးစားမှု ပြုလာစေရန် တေးဂီတကိုလိုက်စားပြီး အစွမ်းပြနိုင်ခဲ့သည်။ အဖေသည် လူငယ်တစ်ယောက်ပီပီ အနိုင်ကျင့် ဗိုလ်ကျမှုများကို မခံချင်စိတ်ဖြင့် ပြန်လည်တိုက်ခိုက်လိုစိတ်များ ဝင်လာသည်။ အရပ်တကာလှည့်ပြီး ကနေသည့်ဇာတ်ပွဲ တစ်ခုတွင် အဖေအလုပ်လုပ်စဉ်က လက်ဝှေ့သင် သည်။ အနိုင်ကျင့်ဗိုလ်ကျလိုသည့် ယောက်ျားသားတို့ လောကတွင် သိမ်သိမ်မွေ့မွေ့နေပြ၍မဖြစ်။
“ငါဟဲ့ယောက်ျား” ဆိုသည့် မာန်လေးတွေဖြင့် ကြမ်းပြရမ်းပြခဲ့ရသည့် ကာလတွေလည်း ရှိခဲ့သည်။ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ဘ၀တွင်လုံခြုံမှုမရှိကြောင်းမြင်လာသည့်အခါ ကမ္ဘာလောကကြီးထံမှ မည်သို့နေထိုင်တတ်ရမည်ကို လေ့လာသင်ယူခဲ့ပြန်သည်။ အဖေသည် အဘွားနှင့် အတော်လေးတူသည်ဟုပြောသည်။ ပြီးတော့ အဘွားကိုလည်း အတော်လေး ချစ်သူဖြစ်သည်။ အဖေ့ နောက်ဆုံးကာလသို့ ရောက်ချိန်နီးမှ အဖေ့ဇာတ်ကြောင်းကို ကျွန်မသိရခြင်းဖြစ်သည်။ အဘွားသည် ဩစဩေးလျှမှ လာသူဖြစ်သည်။ အသက် ၄၀ အရွယ်အထိ အပျိုကြီးလုပ်နေရာမှ အဖေ့ကို ကိုယ်ဝန်ရလာသည်။ အဘွား၏အကြောင်းကို အသေးစိတ်အဖေကပြောပြသည်။ အဘွားက အတော်လေးဆင်းရဲသည်။ ပညာလည်း မတတ်။ အဘွား ဘ၀တွင် အရှက်အရဆုံးအချိန်သည် အဘိုး ဖြစ်သူကို သူမဘ၀အား ကာကွယ်စောင့်ရှောက် ပေးပါရန် ပြောခဲ့ရသည့် ကာလဖြစ်မည်ထင်သည်။ တကယ်တော့ အဘိုးသည် ကျွန်မအဖေ၏ ဘခင်အရင်း မဟုတ်။ ပထွေးသာဖြစ်သည်။ အဘိုးက အဘွားထက်အသက်ကြီးပြီး နောက်ပိုင်း အတော်လေးကြာမှ လက်ထပ်နိုင်ခဲ့ကြသည်။
ထိုအချိန်ကျမှ သူတို့၏သား ကျွန်မ၏အဖေကို အမည်ပေးနိုင်ကြသည်။ အဘွားသည် ဘ၀ကို အဆင့်အတန်း ရှိရှိနေထိုင်ချင် သူဖြစ်သည်။ သွေးကြီးမွေးကြီးနိုင်မှုများကို အလွန်ရွံရှာ မုန်းတီးပြီး၊ အောက်တန်းစား၊ အဆင့်မရှိဘူးဟု အထင်အမြင် အသေးခံရမည်ကို အစိုးရိမ်ဆုံးဖြစ်သည်။ အသက်ကြီးလေ စိတ်ဓာတ်ရင့်မာလေဖြစ်သည်။ အသက်ရှစ်ဆယ်အရွယ် အထိ သူမကို မထီမဲ့မြင်ပြုလျှင် ပိဿာလေးနှင့် ဘေးပစ်လိုက်သလို မျက်ရည်ကျယူရသည်အထိ နှုတ်တုံ့ပြန်တတ်သည်။ အဘွားသည် လိင်အဆင့်ခွဲခြားမှုကိုလက်မခံ အမြဲဆန့်ကျင်တတ်သူလည်းဖြစ်သည်။ အဖေ့နောက်ဆုံးကာလများတွင် အဖေနှင့် ပြန်လည် နေထိုင်ပြောဆို ခဲ့ရသည့်အတွက် ကျွန်မတွင် အသိပညာ တွေ အများကြီးရခဲ့သည်။ သို့သော် ကျွန်မသည်အဖေ့ထံမှ ထင်သလောက် အသိတွေမရခဲ့။ ကျွန်မတို့မိသားစု ဘ၀ကို ပြန်ပြောင်းသုံးသပ်ကြည့်လျှင် ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ခွင့် ရှိသည်။ တန်းတူညီမျှ အခွင့်အရေးတွေ ရခဲ့သည်။ တကယ်တော့ ကျွန်မတို့မိသားစုသည် ရုပ်ပိုင်းကြံ့ခိုင်မှုတစ်ခုတည်းနှင့် ဘ၀ကို တည်ဆောက်ခဲ့ကြ သူများဖြစ်သည်ဟု ပြန်လည်သုံးသပ်မိသည်။ မျိုးရိုးဗီဇသည် လူတစ်ဦးစီ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ဘ၀ကို မည်မျှအထိ စိုးမိုးနိုင်ကြောင်း အသေအချာတော့ မသိပါ။
ဘ၀တွင် စိတ်ခံစားချက်ဆိုသည်ကိုတော့ ကျွန်မနားလည်သည်။ ခံစားမှုတစ်ခုသည် ကလေးဘ၀ အရွယ်တွင် အလွှမ်းမိုး ဆုံးဖြစ်သည်။ ခံစားချက်တွေက ဘ၀ကို အများကြီး ပြုပြင်ပြောင်းလဲသွားစေနိုင်ပါသည်။ ရုပ်ပတ်ဝန်းကျင်၊ စိတ်ပတ်ဝန်းကျင် အပေါ်မူတည်ပြီး လူငယ်တစ်ယောက်၏ ခံစား ချက်များသည် သူ့ဘ၀ကို များစွာသက်ရောက်မှုရှိစေနိုင်သည်။ ဘ၀ကိုရင်ဆိုင်နိုင်ဖို့အတွက် ငယ်စဉ်ကတည်းက ဤသို့သောအမေးများနှင့် ရင်ဆိုင်ခဲ့ရဖွယ်ရှိသည်။ “မင်းဘယ်သူလဲ .. မင်းဘယ်လိုရင်ဆိုင်မလဲ” ထိုအတွေးများသည် ကျွန်မအဖေနှင့် ပြောဆိုဆွေးနွေးရာမှ ပေါ်လာသည့် အတွေးများဖြစ်သည်။ ပြောရင်းဆိုရင်း ကျွန်မ သဘော ပေါက်လာသည့်အချက်က “ဘ၀ဆိုသည်မှာ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ တစ်ခုလိုပါလား” ဆိုသည့် အတွေးဖြစ်သည်။ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲကို လူတိုင်းမြင်ဖူးကြမည်ထင်ပါသည်။ ပထမအပြေးသမားသည် တာထွက်သည်နှင့် တုတ်ကိုယူပြီး ပြေးလာရသည်။ သတ်မှတ်ထားသည့်နေရာတွင်ရပ်နေသူကို တုတ်လက်ဆင့် ကမ်းပေးရသည်။
ဤသို့ တစ်လက်ပြီးတစ်လက်ပြောင်းရင်း ပန်းတိုင် အရောက်ပြေးကြရသည်။ ပြေးနေသူတစ်ဦး လဲကျသွားလျှင် ရှေ့ကစောင့် နေသူသည် ဆက်ပြီးပြေး၍မရ။ လဲနေသူကိုလည်း လာပြီးမထူနိုင်။ သူထမလာမချင်း စောင့်နေရုံ သာဖြစ်သည်။ ထိုသို့ ဖြစ်ပွားနေစဉ် ကျန်အဖွဲ့များက ကိုယ့်အဖွဲ့ကို ကျော်သွားမည်။ ပန်းတိုင်နှင့်လွဲမည်။ ဆုနှင့်လွဲမည်။ အောင်ပွဲနှင့်လွဲမည်။ အဘွားသည် မျိုးဆက်ပေါင်းများစွာကိုရင်ဆိုင်ပြီး ပန်းတိုင်သို့ အရောက်ပြေးနိုင်ခဲ့သူဖြစ်သဖြင့် ကျွန်မ အတော်လေး အံ့အားသင့်နေမိသည်။ သူတို့ဘ၀တွင် အဟန့်အတားများ၊ အနှောင့်အယှက်များစွာနှင့် ရင်ဆိုင်ခဲ့ရမည်မှာ သေချာသည်။ အကောင်းဆုံး ရင်ဆိုင် ကျော်လွှားနိုင်ခဲ့သလို ဘ၀ကို လက်ဆင့်ကမ်းသည့် အနေဖြင့် အဖေ့ကို မွေးဖွားပေးနိုင်ခဲ့သည်။ အဘွားသည် သူမထံတွင် မရှိသည်များကို အဖေ့ကိုမပေး။ မသိသည်များကိုလည်း အဖေ့ကို လက်ဆင့်မကမ်း။ သူမတွင် ရှိတာလေးတွေ၊ တတ်နိုင်တာလေးတွေနှင့် အဖေ့ကိုပေးရင်း ပြုစုပျိုးထောင်ပေးခဲ့သည်။ အဖေ့တာဝန်သည် သူ့မျိုးဆက်ကို ပိုကောင်းအောင်လုပ်ရန်သာ ဖြစ်သည်။ အဘွားလမ်းစဉ်အတိုင်း သူလိုက်နာ ကျင့်သုံး ကောင်းကျင့်သုံးခဲ့မည်။
သူ့ကိုယ်ပိုင်အတွေးများနှင့် ဖြည့်ဆည်းကာ ဘ၀ကိုပုံဖော်ရင်း အကောင်းဆုံးဖြစ်အောင် တည်ဆောက်ချင် တည်ဆောက်နိုင် ခဲ့လိမ့်မည်။ တကယ်တော့ အဖေသည် အပြေးသမားကောင်းတစ်ယောက်ဖြစ်သည်။ အဖေက အမြန်နှုန်းကို မြှင့်နေသည်။ ကျွန်မကို အခွင့်အရေးပေးသည့်အနေဖြင့် လက်ဆင့်ကမ်းတော့မည်ထင်သည်။ ကျွန်မသည် မမျှော်လင့်ထားသည်များကို အဖေက လုပ်ဆောင်လိုက်လျှင် အဖေဘာကြောင့် ဒီလိုလုပ်ရတာလဲ ဟု အမြဲမေးတတ်သည်။ အဖေက ဤသို့တုံ့ပြန်တတ်သည်။ “ဘာမဆို သူ့ဟာနဲ့သူ ပြဋ္ဌာန်းပြီးသားပါကွာ” တဲ့။ အဖေ့ထိုလေသံကြီးကို ကျွန်မကမကြိုက်။ သို့သော် သူ့မျိုး ဆက်တစ်ဆက်လုံး ဒီစကား ဒီလေသံအတိုင်း ပြောခဲ့ဟန်တူသည်။ ကျွန်မအဖေနှင့် အဖေ့မတိုင်မီမျိုးဆက်တို့သည် သူတို့ပြောသမျှ တွေးသမျှ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လစ်လျှူရှုခြင်း ခံရဖန်များသောကြောင့် ဤသို့သော လေသံမျိုးတွေ ထွက်လာခဲ့ခြင်းဖြစ်မည်။ သူတို့အမြင်တွင် အရာရာနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်း၊ ပြုမူဆက်ဆံခြင်းသည် စည်းကမ်းတစ်ခုလို ဖြစ်နေပြီး သူတို့ကလေးဘ၀တွင် ပေတံများလည်း ဖြစ်ခဲ့ဟန်တူသည်။
ကျွန်မတို့အဘိုးက အဖေ့ကို သွန်သင်ဆုံးမရာတွင် ကျာပွတ်ကိုသုံးခဲ့သည်ဟုဆိုသည်။ “တုတ်ကိုမကိုင်ရင် ကလေးကိုမနိုင်ဘူး” ဆိုသည့် စကားများကို အဘိုးတို့ ပြောခဲ့ကြသည်။ တုတ်ကိုင်ပြီး အပြစ်ပေးခြင်းသည် ကောင်းမွန်သည့်ဓလေ့မဟုတ်မှန်း ကျွန်မလည်းကျောင်းရောက်မှ သိခဲ့ရသည်။ ကြိမ်မကိုင်ရဘူးဆိုစေ ချမှတ် ထားသည့် အချို့စည်းကမ်းများက ကြိမ်ထက်ပင် ဆိုးနေတာများလည်းရှိသည်။ ကြိမ်နှင့်ရိုက်ကာ ဆုံးမခွင့် ရှိသည့်ကာလ ကျောင်းများတွင်ရှိခဲ့ဖူးသည်။ ထိုကာလများသည် “ကလေး သူငယ်များနှိပ်စက်ညှဉ်းပမ်းခွင့်” ကို ဥပဒေအရ ကင်းလွတ်ခွင့် ပေးထားသည့်ကာလများဟု ဆိုလိုက်ချင်သည်။ ယခုအချိန်တွင် ကလေးသူငယ်များ ကို ရိုက်နှက်ဆုံးမခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ကံကောင်း သည်ဟု ဆိုရမည်။ ကျွန်မမျိုးဆက်အနေဖြင့် ပထမဦးဆုံး စိန်ခေါ်ခြင်း ခံလိုက်ရသည်က “စနစ်ဟောင်းအတိုင်း သွားမသွား” ဆိုသည့် အယူအဆဖြစ်သည်။ ကျွန်မကို နောက်ချန်ထားခဲ့မည့် ကျွန်မ လက်ဆင့်ကမ်းလိုက်ရမည့် မျိုးဆက် သည် ကျွန်မကို ဇောက်တိ ဇောက်ထိုးဖြစ်အောင် လုပ်တော့မှာလား။ ကျွန်မအဖေ၏မျိုးဆက်သည် စိန်ခေါ်မှုကင်းသော မေးခွန်းတွေနှင့် ရင်မဆိုင်ခဲ့ရသော မျိုးဆက်ဖြစ်သည်။
ယခုမျိုးဆက်သစ်က အကောင်းဆုံးနှင့် အဆီလျော်ဆုံးအဖြေတွေကို တောင်းခံနေသည့် မျိုးဆက်ဖြစ်သည်။ သူတို့ကို ကျွန်မတို့က ဝေဖန်ပြီး လစ်လျှူရှု လိုက်မည်ဆိုလျှင် သို့မဟုတ် ကိုယ်စံထားသတ်မှတ်ခဲ့သည်များအတိုင်း လုပ်ဆောင်ပါဟု ဆိုလိုက်လျှင် သူတို့က မည်သို့ တုံ့ပြန်မည်ထင်ပါသနည်း။ ကျွန်မတို့ ထင်သလို လုပ်ခဲ့သည့်ခေတ်ထက် သူတို့က နှစ်ဆပိုပြီး ထင်ရာဆိုင်းပြလာပါက ကျွန်မတို့ ခွင့်လွှတ်နိုင်မလား ခွင့်မလွှတ်နိုင်ဘူးလား ကြိုတွေး ထားရပေလိမ့်မည်။ မိဘများ၏ လုပ်ဆောင်ခဲ့မှုများ၊ မလုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်ပြီး ကျွန်မအတော်လေး မကျေမချမ်း ဖြစ်ခဲ့မိသည်။ အဖေသည် ဆင်းရဲခြင်းနွံအတွင်း နှစ်ပေါင်းများစွာ ရုန်းကန်ကျော်လွှား ကြိုးစားကူးခတ်ခဲ့ရသူ ဖြစ်သည်။ ကာလတွေကြာလာတော့ သူလည်း ခြေကုန်လက်ပမ်း ကျလာမည်မှာ သေချာသည်။ မိသားစု အတွက် တစ်နေ့အလုပ် သုံးမျိုးလောက်ပြောင်းပြီး ရှာဖွေကျွေးမွေးနေရသည်ဖြစ်သောကြောင့် ကြာလေ စိတ်ဖိစီးမှုဝေဒနာတွေ ခံစားလာရလေဖြစ်မည်မှာလည်း သေချာသည်။
အဖေသည် ကျွန်မတို့ကို ကျွေးမွေး ထောက်ပံ့စောင့်ရှောက်နေရရုံမျှမက ပညာတတ်ကြီးတွေ မဖြစ်ဖြစ်အောင် တွန်းပို့နေ သူလည်း ဖြစ်နေရပြန် သည်။ နောက်ဆုံးကျွန်မတို့သည် ကိုယ့်ဝမ်းစာကိုယ်ရှာ၊ ကိုယ့်ဘ၀ ကိုယ်ကျောင်း၊ ကိုယ့်အား ကိုယ်ကိုးရင်း ဘ၀ကို တိုက်ပွဲတွေဝင်လာရသည်။ ယခုတော့ ကျွန်မတို့ကလေး တွေလည်း ပညာရည်မြင့်မားစွာဖြင့် ပွဲလယ် တင့်နိုင်ခဲ့ကြပြီ။ အဖေက ကျွန်မတို့ကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေရန် အမြဲအားပေးတိုက်တွန်းသည်။ မိမိကိုယ်မိမိ တန်ဘိုးထားတတ်စေရန် အရေးကြီးကြောင်း အမြဲပြောဆိုဆုံးမတတ်သည်။ အဘွားက လူမှုရေးကိစ္စရပ်များတွင် ဝင်ဆန့်နိုင်ရန် အမြဲအလေးထားသည်။ ထိုသွေးသည် အဖေ့ထံတွင်ပါလာသည်။ အဖေသည် သားသမီးများနှင့် ဆက်ဆံရာတွင် တကယ့်နှုတ်ရေးကောင်းသူတစ်ယောက်ဖြစ်နေပြန်သည်။ အဘွားနှင့် အဖေ့ကြောင့် ကျွန်မတို့ တွင် လူတန်းစားခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှုစိတ်ဓာတ်တွေမရှိ။ အဖေက ကျွန်မတို့ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရ မည်ဆိုသည့် စိတ်ဓာတ်တွေထားစေ့ချင်သည်။
ကိုယ်ပိုင်အတွေးဖြင့် ဘ၀ကို ရဲရဲကြီး ရင်ဆိုင် စေ့ချင်သည်။ အဖေနှင့်အဘွားတို့ကြားတွင် မတူသည့် အယူအဆတွေ ရှိကောင်းရှိမည်။ သို့သော်အဖေ နှင့် ကျွန်မတို့ကတော့ မျှမျှတတဆိုသည့် သဘောတရားကို နားလည်ထားကြသည်။ မည်သို့ဆိုစေ ကျွန်မ လက်ခံ ထားသည့်အချက်တစ်ချက်ကတော့ ယခုကဲ့သို့ ကျွန်မရပ်တည်နိုင်ခြင်းသည် ယခင်ကလက်ဆင့်ကမ်းခဲ့သည့် အကြောင်းတရားများကြောင့်ဖြစ်သည် ဟုတော့ ဆိုချင်သည်။ ဘ၀လက်ဆင့်ကမ်းပြိုင်ပွဲကို ကျွန်မမိဘများက သူတို့နားလည်သလို လက်သင့်ခံခဲ့ကြသည်။ ကျွန်မအဖေ အပါအဝင် အားလုံးသော အဖေများ အမေများသည် ထိုပြိုင်ပွဲ ကို ဝင်နွှဲခဲ့ကြသူများဖြစ်သည်။ ကျွန်မတို့ မိဘများသည် သူတို့တွင်ရှိသမျှအားလုံးကို ကျွန်မအား လက်ဆင့်ကမ်း လိုက်ကြသည်။ ကျွန်မတို့က ကမ်းပေးသည်ကိုလက်ခံပြီး ရှေ့ဆက်ပြေးရန်သာဖြစ်သည်။ လက်ဆင့်ကမ်းအမွေပေး သူကို ပြစ်တင်ဝေဖန်၍ မဖြစ်။ ကျွန်မတို့သည် သူတို့ထံမှ သင်ယူမှု၊ ချစ်ခင်မှု၊ နာကျည်းမှု၊ ကြိုးစားမှုဆိုသည့် အတွေ့ အကြုံတွေ အများကြီး လက်ခံရရှိပြီးပြီဟုဆိုနိုင်သည်။
ထိုအတွေ့အကြုံများသည် ကျွန်မတို့အတွက် တန်ဘိုးမဖြတ်နိုင် သည့် အတွေ့အကြုံများဖြစ်သည်။ ကျွန်မတို့တာဝန်က သူတို့ လက်ဆင့်ကမ်းပေး လိုက်သမျှကို ကိုယ်ဖြစ်ချင် တာများနှင့်ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် ထပ်မံကြိုးစားရန် သာဖြစ်သည်။ ဘ၀ဆိုသည်မှာ မိဘများက သင့်ကိုမွေးထုတ်ပေး လိုက်စဉ်ကအတိုင်း သတ်မှတ်၍မရ။ ပြောင်းလဲမှုတွေက အများကြီးဖြစ်နေပြီ။ ထိုပြောင်းလဲမှုအစဉ်တွင် သင်ဘာတွေကို လိုက်လုပ်နိုင်ပါမည်နည်း။ ကိုယ့်ဘ၀တွင် ဘယ်လို အတိုင်းအတာ အထိရအောင်၊ ဘယ်လို အကျိုး တွေရှိအောင်၊ မည်သို့သောစိတ်ကူးများ၊ ကြိုးပမ်းမှုများနှင့်ဖြည့်စွက်လုပ် ကိုင်မည်ဆိုသည်ကတော့ မိမိတာဝန်သာဖြစ်သည်။ ကျွန်မတို့သည် မိမိတို့ရှေ့တွင်စောင့်နေသည့် မျိုးဆက်ကို ဘာတွေလက်ဆင့်ကမ်းကြမည်နည်း။
Will I Marry Someone Like My Father? By Sonya Green ကိုဘာသာပြန်သည်။
Ref By - http://www.maukkha.org

0 comments to “အဖေ့လို ယောက်ျား ”

Post a Comment