Friday, August 16, 2013
မြန်မာ့လွပ်လပ်ရေးမှာ ဖခင်ရှိသလား - "နတ်နေကိုင်း" ကို တက်၍ "ချိုင်" ခြင်း
,
“သမိုင်းဆိုတာနောက်ဆုံးပိတ်ဖြစ်တဲ့စစ်ကြီးမှာအနိုင်ရလိုက်တဲ့ဘက်ကရေးတဲ့အတိုင်းဖြစ်တယ် [History is written by the winner of the last war.] ”ဆိုတဲ့အဆိုအမိန့် တစ်ခုကိုလွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က တစ်နေရာမှာကျနော်ကိုးကားခဲ့ဘူးပါတယ်။ [ပါမောက္ခမိုက်ကယ်အောင်သွင်ရဲ့ Myth and History – Univ. of Hawaii- 1992] စာအုပ်ရဲ့နောက်ဆက်တွဲကဏ္ဍပါ(ဒေါ်)အောင်ဆန်းစုကြည်နဲ့ န၀တဗိုလ်ချုပ်တွေရဲ့ အားပြိုင်ပွဲ အကြောင်းသူ့ သုံးသပ်ချက်ကိုကျနော်က(မြန်မာလို)ထပ်ပြီးသုံးသပ်ရာမှာကိုးကားခဲ့ပါတယ်။
မိုက်ကယ်အောင်သွင်ကစစ်ကြိုကာလနဲ့ စစ်ကြီးအတွင်းအောင်ဆန်းရဲ့အတွေးအခေါ်အပြုအမူတွေကိုလွှမ်းမိုးထားတဲ့သမိုင်းအခြေ အနေတွေတင်ပြပီးအောင်ဆန်းဘယ်လိုလူစားဖြစ်သည်ကိုအကဲဖြတ်ပြထားခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာအောင်ဆန်းနဲ့ အောင်ဆန်းစုကြည်ကိုလူချင်းသားအဖဖြစ်တာနဲ့ နိုင်ငံရေးချင်းပါသားအဖဖြစ်ကြသ ယောင်ယောင်လုပ်နေကြတာတွေကိုသူဝေဘန်ထားတယ်။ သူ့ ဝေဘန်ချက်ကို complimentary သဘောဖြစ် တဲ့ကျနော်ရဲ့သုံးသပ်ချက်ကိုတော့အမှတ်အသားပြု (noted) တဲ့သူသုံးဦးရှိခဲ့ပါတယ်။ [မိုက်ကယ်အောင်သွင်၊ အဲဒီအချိန်ကပါရဂူတန်းတက်နေတဲ့သူ့ သားနဲ့  - ဗိုလ်မှူးရဲထွဋ် (ယခုပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်) တို့ ပါ။]
သမိုင်းကို -အထူးသဖြင့်ကိုယ့်မျိုးဆက်နဲ့ သိပ်အလှမ်းမဝေးသေးတဲ့သမိုင်းကို - ဇာတ်ခုံပေါ်မှာလတ်တလော အထက်စီးရနေတဲ့သူတွေဖွင့်ဆိုတာ-အဓိပ္ပါယ်ကောက်ပြတာ (interpret) တာကိုစာဖတ်သက်နည်းနည်းရင့် လာတဲ့သူတွေအဖို့ အရသာမတွေ့ ဖြစ်လာတတ်ပါတယ်။ အမှန်တရားအဖြစ်လက်ခံထားပြီးဖြစ်တဲ့အချက်အ လက်တစ်ခု (a reigning orthodoxy) ရဲ့ခိုင်မာမှုကိုပြန်လည်စစ်ဆေးတဲ့ဆွေးနွေးချက် တစ်ခုခုပေါ်ထွက်လာရင်လဲယခင်ကဒီအချက်နဲ့ ပါတ်သက်လို့ အမှတ်တမဲ့နေခဲ့သူတွေအတွက်နွေခေါင်ခေါင်မိုးကြိုးပစ်လိုက်သလိုဖြစ်သွားတတ်ပါတယ်။ 
သို့ သော်အချက်အလက်အသစ် - အဓိပ္ပါယ်ကောက်ပြမှုအသစ် (Re-interpretation of history) ကိုမျက် စေ့မှိတ်ငြင်းဆန်တာမျိုး-လက်မခံတာမျိုးမလုပ်ချင်တဲ့သူတွေမှာတော့စာစုံအောင်ပြန်ဖတ်ရ၊ သမိုင်းနောက်ခံကို (historical context) ပြန်တူးဆွရနဲ့ အလုပ်ရှူပ်ကုန်ရော။ 
အထူးသဖြင့်ယခုအချိန်လိုဗြုံးကနဲလွပ်လပ်ပွင့်လင်းလာချိန်ကျမှအခြားပြဿနာပေါင်းစုံနဲ့ ပြိုင်တူဆိုသလိုတစ်ချိန်တည်းစုပြုံတိုးထွက်လာရင်ပိုအလုပ်ရှူပ်တယ်။
တလောကမြန်မာဂျာနယ်မှာပါလာတဲ့ မြန်မာ့လွပ်လပ်ရေးကျိုးပမ်းမှုသမိုင်းမှာဗိုလ်ချုပ်အောင်ဆန်းရဲ့အခဏ်း ကဏ္ဍ-အထူးသဖြင့်လွပ်လပ်ရေးဖခင်ဟူသောသတ်မှတ်ချက်ကိုပြန်လည်စီစစ်တဲ့သဘောဆောင်းပါးတစ်ပုဒ် ဟာစာဖတ်သူတွေကိုတော်တော်စိတ်ဝင်စားစေလိမ့်လို့  ထင်ပါတယ်။
ဒီဆောင်းပါးနဲ့ ပါသတ်သက်လို့ အဓိက အချက်အချို့ ကိုထုတ်ကြည့်လိုက်တဲ့အခါ -
ဗိုလ်ချုပ်အောင်ဆန်းကိုမြန်မာ့လွပ်လပ်ရေးဖခင်အဖြစ်အသိအမှတ်ပြုရန်ဝန်လေးတယ်။ အကြောင်းရင်းကတော့ Atlantic Charter (11941)အရအင်္ဂလိပ်ကကိုလိုနီများကိုလုံးဝ လွပ်လပ်ရေးပေးရန်ဆုံးဖြတ်ပြီးသားဖြစ်လို့ ပါတဲ့။ 
ဥရောပမှာဟစ်တလာကနိုင်ငံငယ်တွေကိုစတင်သိမ်းပိုက်နေတာတစ်နှစ်ကျော်လာတဲ့အထိဘာမှမတတ်နိုင်တဲ့အင်္ဂလိပ်ကစစ်ထဲမပါချင်သလိုပါချင်ဖြစ်နေတဲ့အမေရိကန်ကိုသွေးဆောင်ရအောင်ကနေဒါနိုင်ငံရဲ့အရှေ့ ဖက်စွန်းနယူးဖေါင်လန်ကျွန်းရေလက်ကြားကလေးတစ်ခုမှာချာချီနဲ့ ဝီလဆင်ချိန်းတွေ့ ပြီးေ၀၀ါးဝါးလေသံနဲ့ ရေးခဲ့တဲ့ ဒီ Atlantic Charter ကိုဘယ်သူမဆို Wikipedia မှာမူရင်းအတိုင်းအလွယ်တကူသွားဖတ်ကြည့်နိုင်ပါတယ်။
အဲဒါကအသစ်အဆန်းမဟုတ်ပါဘူး။ လှည့်စားနည်းအဟောင်းကြီးပါ။ 
ပထမကမ္ဘာစစ်ကြီးတုံးကလဲအင်္ဂလိပ် နိုင်ငံခြားရေးဝန်ကြီးဘဲလ်ဖိုးကဘဲလ်ဖိုးကြေငြာစာတမ်း 
(Belfour Declaration - 1917) ဆိုတာကိုထုတ်ပြန်ခဲ့ဘူးတယ်။
ဒုတိယကမ္ဘာစစ်ဦးမှာထုတ်ပြန်တဲ့အတ္တလန်တစ်ချာတာမှာတော့အင်္ဂလိပ်ကသူ့ လက်အောက်ခံနိုင်ငံတွေကို
စစ်ပြီးရင်လွပ်လပ်ရေးပေးမဲ့အကြောင်းတစ်လုံးမှတိုက်ရိုက်မပါဘူး။ အလွန်ဆုံးပြောထားတာက
restoration of self-government to those deprived of it - ကိုယ်ပိုင်အုပ်ချုပ်ရေးပြီးသားသူတွေ(စစ်ကြီးကြောင့်-ဂျာမဏီ -ဂျပန်တို့ ကြောင့်) ဆုံးရှူံးခဲ့ယင်စစ်မဖြစ်မီကအနေအထားကိုပြန်ဖြစ်စေရမယ်-ဒါဘဲ။ အဲဒါကိုမြန်မာကိုအင်္ဂလိပ်ကလွပ်လပ်ရေးပေးမဲ့အစီအစဉ်ပါလို့ ဆောင်းပါးရှင်ကဘယ်လိုလုပ်အဲဒီအဓိပ္ပါယ်ကောက်နိုင်သလဲစဉ်းစားကြည့်လို့ မရဘူး။
ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်မြန်မာနိုင်ငံထက်နောက်ကျပြီးအင်္ဂလိပ်လက်အောက်မှလွပ်လပ်ရေးရခဲ့ တဲ့နိုင်ငံပေါင်း ၃၀ကျော်ရှိတဲ့အနက် ဆူဒန် (၁၉၅၆) မလေးရှား (၁၉၅၇) ဂါနာ (၁၉၅၇) နိုင်ဂျီးရီးယား (၁၉၆၀) တန်ဇန်နီးယား (၁၉၆၁) ယူဂန်ဒါ (၁၉၆၂) ကင်ညာ (၁၉၆၃) ဇန်ဘီယာ (၁၉၆၄) နှင့်ဇင်ဘာဘွေ (၁၉၈၀) တို့ ဟာမြန်မာနိုင်ငံလိုပဲအရွယ်အစား (size, territory) တွေကအသင့်အတင့်ကြီးမားပြီး သဘာဝသယံဇာတ ပေါကြွယ်ဝကြတဲ့အတွက်သူတို့ ရဲ့လွပ်လပ်ရေးကိုအသေအကျေတိုက်ယူခဲ့ရသောနိုင်ငံများဖြစ်ကြပါတယ်။
ပထမဆုံးအကြိမ်အဖြစ်အင်္ဂလိပ်နှင့်တကယ်တိုက်ခဲ့တဲ့ရွှေတောင်တိုက်ပွဲ (၁၉၄၁) မှာBIA ဗိုလ်ရန်နိုင် ရဲ့ မီးကျိုးမောင်းပျက်များသာကိုင်နိုင်တဲ့ (ragtag rifle and spear army) လူ ၁၃၀၀ ပါတပ်က အိန္ဒိယသို့  အောင်မြင်စွာဆုပ်ခွာ နေတဲ့အင်္ဂလိပ်သံချပ်ကားတပ်မကိုတင့်ကားဆယ်စီးနှင့်
အမြောက်ကြီးနှစ်လက်ဆုံးရှူံးကာ၊ စစ်သည် ၃၅၀ သေကြေဒဏ်ရာရစေခဲ့ပါတယ်။ မိမိဘက်မှာစစ်ရေးကြွမ်းကျင်သူဟူ၍ အီကေဒါနဲ့ ဟီရာယာမာဆိုတဲ့ဂျပန်စစ်ဗိုလ်နှစ်ဦးသာ စစ်ရေးအကြံပေးအဖြစ်ပါခဲ့တယ်။(သူတို့ နှစ်ဦးစလုံးမြန်မာတွေနဲ့ အတူကျဆုံး)
အဲဒီ့နောက်ဂျပန်တော်လှန်ရေးမှာဂျပန်သုံးသောင်း(မဟာမိတ်တွေနဲ့ တိုက်လို့ ကျဆုံးတာမပါ)
အသက်ပျောက်ကျန်ရစ်အောင်တိုက်ခဲ့တာကိုသခင်တင်မြရဲ့ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နဲ့ 
တိုင်းဆယ်တိုင်း (ပုဂံ - ၁၉၆၄)မှာစာရင်းအတိအကျပြုစုဖေါ်ပြထားတယ်။ဒီအချက်ကိုခုထိ ဘယ်ဂျပန်ပညာရှင်ကမှငြင်းချက်မထုတ်ဘူး။ စစ်ဦးစစ်ဖျားဒေသ (overstretched) လဲဖြစ်တာမို့ မြန်မာဟာအာရှမှာဂျပန်အသေဆုံးနိုင်ငံဘဲ။
၁၉၄၈မှာဒုတိယအကြိမ်အဖြစ်အင်္ဂလိပ်နှင့်တကယ်မတိုက်ဖြစ်ခဲ့ရခြင်းမှာအင်္ဂလိပ်ကလည်းစစ်ပမ်းနေ၊
အောင် ဆန်းကလည်းအင်အားကိုနောက်ခံပြုပီး (from a position of strength) ဆွေးနွေးနိုင်ခဲ့ မှုကြောင့်သာဖြစ်တယ်။ 
(မလေးရှားတွင်ကွန်မြူနစ်ချင်ပင်း၏သူပုန်များသည်အင်္ဂလိပ်ကိုတကယ်တိုက်ခဲ့ရပြီးမလေးရှား
အရှင်သခင်ဘ၀နဲ့ အသာစီးရခဲ့တဲ့အုပ်ချုပ်ရေးနည်းပညာ တွေ၊ကုန်သွယ်စီးပွားရေးပညာတွေ
လက်လွှဲပေးရေးတွေဗန်းပြပီးကိုလိုနီနိုင်ငံဟောင်းတွေကိုတနည်းတဖုံဆက်လက်ပီးစစ်ရေးစီးပွားရေး
အရထိမ်းချုပ်ထားရေးအစီအမံပါဘဲ။ ဒါကိုလုံးဝလက်မခံတဲ့အောင်ဆန်းကကိုယ့်ဖာသာ ကိုယ်သပ်သပ်နေချင်လို့ လွပ်လပ်ရေးယူတာလို့ သူ့ ကိုနားချတဲ့အိုင်စီအက်စ်ကြီးတစ်ယောက်ကို
ဘုတောတာ ကိုတစ်နေရာမှာဖတ်ရဘူးတယ်။
ဒီသမိုင်းလက်တွေ့ များကြောင့်တိုက်စရာမလိုပဲအင်္ဂလိပ်ကလွပ်လပ်ရေးပေးမှာပါဆိုတဲ့မှောက်မှားတဲ့
ဝင်တိုင်းရင်းသားညီအစ်ကိုတော်တစ်ချို့ ဟာအချို့ သောဗုဒ္ဓဘာသာဝင်ဗမာများကဲ့သို့ ပင်
ဘာသာရေးနှင့်နိုင်ငံရေးမကွဲပြားလှဘူး။ 
သူတို့ အဖို့ မှာသူတို့ ကိုးကွယ်တဲ့ဘုရားသခင်ဟာအင်္ဂလိပ်လူမျိုးတစ်ဦးလို့ တောင်ထင်မှတ်နေကြပုံရတယ်။ (God is an Englishman.) 
ဆန်းတော့လဲသိပ်မဆန်းပါဘူး။ ဗမာလူမျိုးတွေထည်းမှာတောင်အင်္ဂလိပ်ကမြန်မာပြည်ကိုသိမ်းပိုက်လိုက်တာ ဟာမြန်မာပြည်ကိုခေတ်မှီအောင်လုပ်ပေးလိုက်တာလို့ စာတစ်စောင်ပေတဖွဲ့ ရေးတဲ့စိတ်ဓါတ်ရေးရာအရကျွန် ဆက်ဖြစ်နေဆဲပညာရှင်တွေရှိနေတာဘဲ။ (Re: The Making of Modern Burma – by Thant Myint U)
သူ့ စာအသွားအလာအရပြည်သူ့ တမန်အမည်ခံဆောင်းပါးရှင်ဟာကချင်တိုင်းရင်းသားတစ်ဦးဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်လဲဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကဗမာဖြစ်တဲ့အောင်ဆန်းကိုအသိအမှတ်မ ပြုနိုင်တာကိုနားလည်ပေးလို့ ရပါတယ်။ စိတ်ထည်းကမကြည်ညိုတာကိုအတင်းဘယ်လိုမှကြည်ညိုခိုင်းလို့ မရ နိုင်ပါဘူး။ 
ဒါတင်မကယခုတိုင်ဆက်လက်လောင်ကျွမ်းဆဲ KIA နဲ့ ဖြစ်နေတဲ့ပြည်တွင်းစစ်မီးကြောင့်ဗမာတွေ အားလုံးကိုသိမ်းကြုံးမုန်းလာတာကိုလည်းသဘာဝမကျသည့်တိုင်နားလည်ပေးလိုက်ပါ့မယ်။ ဒါပေမဲ့သမိုင်းကို ပြန်ပြီးအဓိပ္ပါယ်ဖွင့်တဲ့အထိအထူးသဖြင့်ကိုလိုနီနယ်ချဲ့ သမားကိုစေတနာ့ရှင်အဖြစ်
အသိအမှတ်ပြုပြီးအောင်ဆန်းကိုတော့အချောင်အမှတ်ဝင်ယူတဲ့သူတစ်ဦးအဖြစ်ပြန်သုံးသပ်ပြတာ
ကတော့ခေတ်ကာလလူငယ်စကား နဲ့ ပြောရယင် “နဲနဲ ‘များ’ သွားပြီနော်” လို့ ပြောချင်တယ်။
ဘာဘဲဖြစ်ဖြစ်လွပ်လပ်ခွင့်တွေရလာတဲ့အပေါ်မှာမှီပြီးအခုလိုအတွေးတွေရဲတင်းလာတာကောင်းပါတယ်။ လွပ်လပ်ခွင့်ကိုအလွဲသုံးပြီးအောင်ဆန်းဟာအချောင်သမားလားတို့ ပြည်တန်ဆာလုပ်ငန်းတရားဝင်ဖြစ်ရေး တို့ စတဲ့စတန့် တွေ (stunts) တွေလုပ်လာကြတာကတော့မသင့်တော်ဘူးပေါ့။ ရထားတဲ့အသစ်စက်စက် ဒီမိုကရေစီကလေးဟာအလွဲသုံးတဲ့လူတွေများလာယင်အရူးထောင်ဖွင့်ပွဲကြီးဖြစ်လာလိမ့်မယ်။
ကိုယ်စီလွပ်လပ်ရေးသာမကနိုင်ငံကြီးတွေအကြားမှာနိုင်ငံငယ်တွေထာဝရရှင်သန်ရပ်တည်နိုင်အောင်ကိုယ့်အချင်းချင်းစုစည်းရေးကိုတင်ပြခဲ့တယ်။
လွပ်လပ်ရေးမတိုင်မီတစ်နှစ် (၁၉၄၇) ဟာအောင်ဆန်းအတွက်ကောအဲဒီခေတ်ကမြန်မာနိုင်ငံမှာ အသက်ရှင် နေထိုင်ခဲ့တဲ့လူအားလုံးကိုပါဘယ်လိုလူစားတွေဖြစ်တယ်ဆိုတာစာမေးပွဲစစ်တဲ့နှစ်ဖြစ်တယ်။ အသေးစိတ်ကို သတင်းစာဆရာဦးပုကလေးရဲ့ငါတို့ ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲဆိုတဲ့စာအုပ်မှာ
ဖတ်နိုင်တယ်။သူမကျဆုံးမီ နောက်ဆုံးလပိုင်းမှာပြောသွားတဲ့မိန့် ခွန်းဟာလဲလွပ်လပ်ရေးနဲ့ ထိုက်တန်တဲ့
စိတ်ဓါတ်တွေရှိကြဘို့ ဒဲ့ဒိုးကြီးပြောသွားတာဘဲ။အဲဒီမိန့် ခွန်းဟာအခုလိုလွပ်လပ်ရေးကသူ့ အလိုလိုရမှာပါဆိုတဲ့စိတ်ဓါတ်ရှိနေ
သူတွေကိုရည်ရွယ်ခဲ့ လေသလားတောင်အောက်မေ့ရတယ်။
အကြောင်းတော့ရှိရပါမယ်။ ဟုတ်ကဲ့ - အကြောင်းခိုင်ခိုင်မာမာရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက်ပိုင်းသူရဲ့ကြီးမားတဲ့ပုဂ္ဂိုလ်ရေးအရှိန်အ၀ှာကိုနိုင်ငံရေးအတွက်အသုံးချခဲ့သူတွေရှိခဲ့ပါတယ်။ ပထမဆုံးအသုံးချသူကတော့ဗိုလ်ချုပ်နေ၀င်းပါ။သူ့ ရဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုအောင် ဆန်းလမ်းစဉ်လို့ ကိုအတိအလင်းကြေငြာပြီးနိုင်ငံရေးအရတရားဝင်မှု (political legitimacy) ကိုရယူခဲ့ပါတယ်။ဒါပေမဲ့၂၆ နှစ်တာကာလမှာတိုင်းပြည်ကလက်တွေ့ ဖြတ်သန်းခဲ့ရတာကသူ့ ရဲ့
အာဏာရှင်စံနစ်ကြီးသာဖြစ်နေတယ်။ 
သူ့ ကိုဖယ်ရှားတဲ့အခါမှာအသုံးချဘို့ သူ့ ထက်သမိုင်းရေးရာတန်ဘိုးကြီးမားတဲ့လူကိုရှာမရဘူးဖြစ်ခဲ့ကြ တယ်။ (ဦးနု - ဗိုလ်လင်္ကျာစတဲ့အစဉ်အလာကြီးမားသူတွေတောင်ဦးနေ၀င်းကိုမယှဉ်နိုင်ခဲ့ကြဘူး။)
တကယ်တမ်းသူ့ ထက်သမိုင်းအရကြီးမားတဲ့ပုဂ္ဂိုလ်မရှိတဲ့အခါမှာအောင်ဆန်းရဲ့သားကြီးဖြစ်တဲ့အောင်ဆန်း ဦးကိုအသုံးချဘို့ စိတ်ကူးရကြတယ်။ 
ရှစ်လေးလုံးကာလအစပိုင်းမှာလူတိုင်းကအောင်ဆန်းဦးပြန်အလာကို မျှော်ခဲ့ကြတယ်။ ဒါပေမဲ့အောင်ဆန်းဦးကိုအားမကိုးရတဲ့အခါမှာတော့မရှိသုံးအဖြစ်နဲ့ မိခင်နေမကောင်းလို့  အင်္ဂလန်ကခဏပြန်ရောက်နေတဲ့အောင်ဆန်းစုကြည်ကိုပွဲထုတ်လာကြတယ်။
အဲဒီမှာတင်ပြဿနာစတော့ တာပဲ။
ရှစ်ဆယ့်ရှစ်နောက်ပိုင်းအဏာသိမ်းထားတဲ့တပ်မတော်ဟာအောင်ဆန်းရဲ့သမီးအောင်ဆန်းစုကြည်နဲ့ ထိပ်
တိုက်ဖြစ်ခဲ့တယ်။ အောင်ဆန်းထူထောင်ခဲ့တဲ့တပ်မတော်နဲ့ အောင်ဆန်းရဲ့သမီးအကြားကပြဿနာမှာကွယ် လွန်သူအောင်ဆန်းဟာသေပြီးလို့ နှစ်ပေါင်း ၆၀ ကျော်မှဝေဘန်ခံရတာဖြစ်လာရတယ်။ 
အတိုက်အခံဘက်ကအောင်ဆန်းရဲ့အရှိန်အ၀ှာကိုအသုံးချလေလေအာဏာလက်ရှိတပ်မတော်ခေါင်းဆောင်တွေ
ကအောင်ဆန်းကိုမသိကျိုးကျင်ပြုလာရလေလေဖြစ်လာတယ်။ အာဇာနည်နေ့ တွေကိုဝတ်ကြေ၀တ်ကုန်ကျင်းပခဲ့ကြသလိုငွေစက္ကူတွေပေါ်က
အောင်ဆန်းရုပ်ပုံတွေကိုလည်းဖယ်ရှားလာခဲ့တယ်။ [ခေတ်ပြိုင်ဖြစ်တဲ့အင်ဒိုနီးရှားကိုကြည့်ယင်ဆူကာနိုရဲ့ သမီးဖြစ်တဲ့မေဃာဝါတီဆူကာနိုပူထရီဟာတပ်မတော်ခေါင်းဆောင်တွေနဲ့ ရန်မဖြစ်တဲ့ အတွက်သမတရာထူးကိုရသွားခဲ့တယ်။နိုင်ငံခြားသားအထူးသဖြင့်ကိုလိုနီအရှင် သခင်ဟောင်းနိုင်ငံသားနဲ့ အိမ်ထောင်မပြုတာလဲပါမယ်။ ဒါတောင်ချက်ချင်းသမတမဖြစ်ဘဲ အစ္စလမ်ဘာသာရေးခေါင်းဆောင်တစ်ယောက် ကိုခဏသီးခံခဲ့ရသေးတယ်။]
မြန်မာပြည်မှာတော့စုကြည်နဲ့ ထိပ်တိုက်တွေ့ နေရယုံသာမကတဘက်မှာလဲပြည်တွင်းစစ်ကိုဆက်တိုက်နေရလို့ 
တပ်မတော်ရဲ့ဂုဏ်သိက္ခာဟာတိုင်းရင်းသားလူနည်းစုများရဲ့အမြင်မှာအတော်ဆိုးဝါးခဲ့ရတယ်။
သမိုင်းတလျှောက်လုံးပုဂ္ဂိုလ်နိုင်ငံရေးဘဲရှိနေတဲ့တိုင်းပြည်ဖြစ်လို့ တိုင်းရင်းသားလူနည်းစုတွေအမြင်မှာတပ်မတော်ကိုဗမာတပ်အဖြစ်ပဲမြင်ကြတယ်။ ဒီဗမာတပ်ကိုသိက္ခာချချင်ယင်အောင်ဆန်းကစပြီးပုတ်ခတ်ရမယ် - သူ့ ကိုသေးသိမ်အောင်လုပ်ရမယ်လို့ ယူဆပုံရတယ်။ ဒါတင်မကအောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့နိုင်ငံရေးအရည်အသွေးကလဲလူနည်းစုတွေအပါအ၀င်မြန်မာနိုင်ငံသားအားလုံးကသူမအပေါ်
မျှော်လင့်ထားခဲ့ကြသလောက်မဟုတ်တာကိုတွေ့ လာကြတဲ့အခါအစောကြီးကတည်းကလူ့ ပြည်မှာ မရှိတော့ပြီဖြစ်တဲ့အောင်ဆန်းကိုပုတ်ခတ်ဘို့ ရဲတင်းလာတာလဲဖြစ်နိုင်တယ်။
တခြားကိုလိုနီနိုင်ငံတွေကအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုခေါင်းဆောင်တွေ- ဂန္ဓီ - ဟိုချီမင်း - မာရှယ် တီးတိုး - မင်ဒဲလားတို့ ကောအောင်ဆန်းလိုနောက်လူတွေကပြန်စီစစ်ပြီးအဆင့်လျှော့ချတာ (degraded) ခံခဲ့ကြရသလား။ ကျနော်မထင်ဘူးသူတို့ တိုင်းပြည်တွေမှာမြန်မာပြည်လိုပြည်တွင်းစစ်မရှိဘူး။ တစ်ချို့ ကအောင် ဆန်းလိုစစ်ရေးကောနိုင်ငံရေးမှာပါဦးမဆောင်ခဲ့ဘူး။ တစ်ချို့ ကအောင်ဆန်းလိုမာက့်စ်ဝါဒနဲ့ မပါတ်သက်ခဲ့ဘူး။ သူ့ ခေတ်သူ့ အခါတုံးက မာက့်စ်ဝါဒအမြင်ရှိနေမှနယ်ချဲ့ ကိုစံနစ်တကျနဲ့ ထိထိရောက်ရောက်ဆန့် ကျင်နိုင်တော်လှန်နိုင်တယ်။
လူပုဂ္ဂိုလ်တစ်ဦးဘယ်လောက်ကြီးမြတ်သလဲဆိုတာကိုနှောင်းခေတ်အတိုင်းအတာနဲ့ အကဲဖြတ်လို့ မမှန်နိုင်ဘူး။
သူ့ ခေတ်နောက်ခံကား (historical background) ပေါ်မှာတင်ပြီးသူနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေကသူ့ အပေါ်ပြု ခဲ့တဲ့မှတ်ချက်တွေကသာမှန်ကန်တယ်။ အောင်ဆန်းရဲ့ခေါင်းဆောင်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးကိုသူနဲ့ ထိတွေ့  ခဲ့တဲ့ဗြိတိသျှစာရေးဆရာတွေရဲ့ရေးသားချက်တွေဒါဇင်ဝက်လောက်ရှိနေတယ်။ နိုင်ငံရေးအရရန်ညှိုးကြီးတဲ့
ဝင်စတန်ချာချီကလွဲလို့ အားလုံးကတလေးတစားရေးထားခဲ့ကြတယ်။ 
ပြောချင်တာကတော့ကွယ်လွန်သူဦးအောင်ကြီးရဲ့စကားတစ်ခွန်းလို “နတ်နေကိုင်း” ကိုတော့မခုတ်သင့်ဘူး။ ကိုယ့်အချင်းချင်းအဆင်မပြေတာနဲ့ မရှိကြတော့ပြီဖြစ်တဲ့ဘိုးဘွားတွေအထိလိုက်မပုတ်ခတ်သင့်ဘူး။
0 comments to “မြန်မာ့လွပ်လပ်ရေးမှာ ဖခင်ရှိသလား - "နတ်နေကိုင်း" ကို တက်၍ "ချိုင်" ခြင်း”
Post a Comment