Tuesday, August 13, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေး အုတ်နံရံကိုခေါင်းနှင့်မတိုက်သင့်ဟု နိုင်ငံရေးပါတီထိပ်ပိုင်းခေါင်းဆောင်များ သုံးသပ်

,

မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းနှင့်မညီ၍ ပြင်ဆင်ရန်လိုအပ် သော်လည်း ကောင်းမွန်သည့်အချက်များ ပါဝင်နေခြင်းကြောင့် ပြင်ဆင်ရမည့်အချက်များကို ပြင်ဆင်နိုင်ရေးအတွက် အသေး စိတ်လေ့လာဆန်းစစ်ရန် လိုအပ်ပြီး၊ ဥပဒေတစ်ခုလုံးအသစ်ပြန်လည်ရေးဆွဲရန် ပြောဆိုနေသူများအနေဖြင့် လက်ရှိနိုင်ငံရေး ဖြစ်စဉ်နှင့် အတိတ်တွင် ဖြစ်ပျက်ခဲ့သည့်အခြေအနေများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်ဟု သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။
 လက်တွေ့ကျကျ ဆုံးဖြတ်ချက်ချဖို့ဆိုတာ အသေအချာလေ့လာဆန်းစစ်မှုတွေ လုပ်နိုင်ဖို့ လွှတ်တော်ထဲမှာလည်း ကော်မတီ ဖွဲ့ပြီးပြီ။ ဒီအထဲမှာ တစ်ချို့အချက်တွေက ကျွန်တော်တို့လုပ်လို့ကိုင်လို့ ရနိုင်တဲ့အချက်တွေပါတယ်။ ငွေစက္ကူတွေကို ပြည်သူ ပိုင်မလုပ်ရဘူးဆိုတဲ့အချက်ပါတယ်။ နောက်တစ်ခါပြည်ပရောက် နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်ဆိုတဲ့ အချက်တွေ ပါတယ်။ ဒါတွေက ကျွန်တော်တို့လုပ်လို့ ကိုင်လို့ရတဲ့အချက်တွေပါပဲ။ ကျွန်တော်တို့ဒီဖွဲ့စည်းပုံနဲ့ပဲ၂၀၁၀ ရွေးကောက်ပွဲဝင် ခဲ့တာပါ။ ဘယ်အချက်တွေပြန်ပြင်မယ်ဆိုတာကတော့ လွှတ်တော်ထဲမှာ ဆွေးနွးရမယ်ပေါ့ဗျာ။ ဥပဒေတစ်ခုလုံး ပြန်ပြင်ဖို့ ပြောနေတဲ့ လူတွေကတော့ လက်ရှိနိုင်ငံရေး ဖြစ်စဉ်တွေနဲ့ အတိတ်ကဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်ဆန်းစစ်ဖို့လိုမယ်လို့ ထင်ပါတယ် ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ဥပဒေပညာရှင်လည်းဖြစ်သည့် ဦးသိန်းညွှန့်က ပြောသည်။
ထို့အပြင် ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီ၍ ဖြည့်စွက်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဝေဖန်မှုများရှိနေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးသည် ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးနှင့် တိုက်ရိုက်အချိုးကျပြီးခွဲခြားထား၍ မဖြစ်နိုင်ကြောင်းကို လည်း ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောဆေးက ပြောသည်။
လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးအားလုံးလိုလားသည့် ဒီမိုကရေစီနိုင်ငံ တစ်ခုသို့ သွားနိုင်သည့်ု အနေအထား မရှိသည့်အပြင် ဒီမိုကရေစီကိုအခြေခံသည့် အချက်အလက်များ မပြည့်စုံသည့်အတွက် ပြင်ဆင်ရန် လိုအပ်သော်လည်း တိုင်းပြည်၏ အခြေအနေပေါ်မူတည် စဉ်းစားရန် လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဖို့နဲ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိပါတယ်။ သို့သော် ပြင်ဆင်တယ်ဆိုတဲ့နေရာမှာ အဖက်ဖက်က ပြန်ချိန်ဆဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေ၊ စစ်တပ်ရဲ့အခြေအနေ၊ ပြည်သူလူထုရဲ့အခြေအနေနဲ့ လွှတ်တော်ရဲ့အခြေနေကိုကြည့်ပြီး လုပ်ရမှာပါ၊ ကျွန်တော် တို့က ဒီမိုကရေစီစနစ်ကို သွားချင်တယ်။ ဒါပေမဲ့လက်ရှိဖွဲ့ စည်းပုံအခြေခံ ဥပဒေကကျွန်တော်တို့ လိုချင်တဲ့ အနေအထားမျိုး သွားနိုင်မှာ မဟုတ်ဘူး။ ဖက်ဒရယ်စနစ်ကို သွားတယ် ဆိုတဲ့နေရာမှာလည်း ဖြုန်းခနဲ ချက်ချင်းကူးလို့ မရဘူး။ခုနက ပြောသလိုပဲ တိုင်းပြည်ကိုပြန်ကြည့်ရမယ် ဟု ဦးစောဆေးကပြောသည်။
ထို့အပြင် ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်ကလည်း  ဖက်ဒရယ်ဆိုသည့်သဘောမှာ ပေါင်းစည်းခြင်း၊ စုပေါင်းခြင်း သဘော ဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၄၇ ခုနှစ်မှသာတိုင်းရင်းသားလူမျိုးများ စုပေါင်း၍ တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း အတတ်နိုင်းဆုံးပြည့်စုံအောင် ဖြည့်စွက်ပြင်ဆင်သွားလိုကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန်ဆိုသည်မှာ ဖြစ်နိုင်ခြေအလွန်နည်းပါးပြီး ထိုသို့ပြုလုပ်မည်ဆိုပါက အုပ်နံရံကို ခေါင်းဖြင့်တိုက်ခြင်းသာဖြစ်မည်ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်ကဆိုသည်။
ဖက်ဒရယ်နဲ့ပတ်သက်ပြီးပြောရရင် အခြေခံအယူအဆ မှန်ဖို့တော့လိုတယ်။ ဖက်ဒရယ်ဆိုတာ စုစည်းခြင်းသဘော၊ ပေါင်းစည်းခြင်း သဘောပဲ။ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာကို ၁၉၄၇ ခုနှစ်ကမှ တိုင်းရင်းသားတွေ စုပေါင်းပြီး တည်ထောင် ခဲ့တာ။ လူမျိုးစုကြီးရှစ်ခုနဲ့စပြီး ထည်ထောင်ခဲ့တာ။ပင်လုံစာချုပ်မှာပါ တြဲ့ပည်ထောင်စုဆိုတဲ့ သဘောက အဲ့ဒီအတိုင်းပဲ။ ပြည်ထောင်လေးတွေစုပေါင်းထားလို့ ပြည်ထောင်စုလို့ ခေါ်တာ။ ဒါပေမဲ့အဲဒီအချိန်က ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေရဲ့ လိုအပ်ချက်ကြောင့် အခုလို ဗဟိုချုပ်ကိုင်မှု အောက်ကိုရောက်ခဲ့ရတာပါ။ အရင်ကကိုယ့်ဒေသ၊ ကိုယ့်အုပ်ချုပ်ရေးနဲ့ စုစုစည်းစည်းနေလာတာ။ ဒီစုစည်းမှုကိုဘယ်နည်း နဲ့မှအပျက်မခံနိုင်ပါဘူး ဟု ဖက်ဒရယ်ကိစ္စနှင့်ပတ်သက်၍ ဦးဇိုဇမ်က သူ၏အမြင်ကိုပြောသည်။
ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း အခြေခံဥပဒေပြင်ဆင်ရေးက ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် အလားအလာကောင်း တစ်ခုပါ။ အခြေခံဥပဒေမပြင်ဘဲနဲ့တော့ ဖက်ဒရယ် ပြည်ထောင်စု မထူထောင်နိုင်ပါဘူး ” ဟု ၎င်းက ဆက်ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရေးဆွဲရာတွင် ပြည်သူလူထု၏သဘောတူညီမှုများ၊ ဆန္ဒများကို အလေးထား၍ ပြည်သူလူထု၏ အရေးကိစ္စများနှင့် အာဏာခွဲဝေရေးတို့ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ပြုလွယ်ပြင်လွယ်ဖြစ်ပြီး ချဉ်းကပ်ရလွယ်ကူသည့် ဥပဒေဖြစ်ရန် လိုအပ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကပြောသည်။
အမှန်တော့ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုရေးဆွဲတယ် ဆိုတဲ့နေရာမှာ ပြည်သူတွေရဲ့ ဆန္ဒတွေ၊သဘောတူညီမှုတွေ၊ သဘောတူညီမျှတမှုတွေ။ တန်းတူညီမျှမှုတွေပါဖို့လိုတာပေါ့။ တိုင်းပြည်သွားနေတဲ့စနစ်နဲ့ကိုက်ညီမှု ရှိမရှိ၊ပြီးတော့ ပြည်သူတွေရဲ့ အရေးကိစ္စတွေကိုလည်း ထည့်စဉ်းစားရမယ်။ နောက်အစားခွဲဝေသုံးစွဲရေး လည်းပါမယ်ပေါ့။ ပြည်သူလူထုက ရွေးလိုက်တဲ့ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုတဲ့နေရာမှာ ပြုလွယ်ပြင်လွယ်ဖြစ်တဲ့ အကောင်းဆုံး ချဉ်းကပ်ရလွယ်ကူတဲ့ ပုံစံမျိုးဖြစ်ဖို့လိုတယ်ဟု ၎င်းက ပြောသည်။

0 comments to “ဖွဲ့စည်းပုံပြင်ဆင်ရေး အုတ်နံရံကိုခေါင်းနှင့်မတိုက်သင့်ဟု နိုင်ငံရေးပါတီထိပ်ပိုင်းခေါင်းဆောင်များ သုံးသပ်”

Post a Comment