Tuesday, August 13, 2013

တရုတ်သို့ တင်ပို့နေသည့် တရားမ၀င်သစ်ကား အစီး(၅၀)ကျော် ဖမ်းဆီးရမိ

,
ကချင်ပြည်နယ်ဗန်မော်ခရိုင်အတွင်း၌ တရားမ၀င်သစ်များအားတရုတ်နိုင်ငံဘက်သို့ပို့ဆောင်ရန် စုဆောင်းနေကြောင်း သတင်းရရှိသဖြင့်တပ်မတော်အရာရှိများ၊ ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့များအနေဖြင့် မိုးမောက်-စိန်လုံးကားဂိတ်တွင်ပိတ်ဆို့ရှာဖွေရာ တရားမ၀င်သစ်များ တင်ဆောင်ထားသည့် လေးလုံးထိုးယာဉ် (၈)စီး ၊ ခြောက်လုံးထိုးယာဉ် (၂၁)စီး၊ ဟီးနိုးခြောက်ဘီးယာဉ် (၁)စီး ၊အေရိုးလက် (၁)စီး ၊ တုန်ဖုန်း (၄)စီး ၊ ဒေါင်ဖန်း ၆ဘီး (၁) စီး၊ဟိုင်းလတ် (၄) စီး ၊ ဂျစ်ကား (၁) စီး ၊ ပါဂျရိုး (၅)စီး အစရှိသည့်စုစုပေါင်း သစ်တင်ယာဉ် (၅၁) စီးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရရှိမှုမှာ သြဂုတ်လ(၆) ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသော သစ်အမျိုးအစားများမှာ တရုတ်ကြိုက် export qualityတွေဖြစ်ပြီး တရုတ်ကုန်သည်များကKIA အဖွဲ့ အစည်းကို ဆက်ကြေးပေးပြီးလုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
“ အခုသစ်မှောင်ခို ဖမ်းဆီးရမိမှုမှာ ဗန်မော်ဒေသမှာ ၁၉၉၃ နောက်ပိုင်းမှာအများဆုံးဖမ်းမိတဲ့ အရေအတွက်ဖြစ်ပြီး တန်ချိန် (၃၀၀) ကျော် ရှိတယ်လို့သိရပါတယ်။သစ်တွေဟာ ဆိုဒ်အစုံ ၊ အသားအစုံ ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ အထဲကတစ်ချို့သစ်တွေဆို ရင်ကရိန်းနဲ့တောင် "မ"တင်ရတဲ့ အလေးချိန်ရှိတယ်” ဟု
အဆိုပါဖမ်းဆီးမှုအား မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

သစ်ခိုးထုတ်သည့်အဖွဲ့များသည်သစ်များကို ခိုးခုတ်၍ KIA နယ်မြေများအတွင်း၌စုပုံထားပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မျှောယူကာ ပွင့်လင်းရာသီရောက်မှ တောလမ်းမှ တဆင့် တရုတ်ပြည်ကို ပို့ခြင်းဖြစ်သည်။

“ တစ်ခါတစ်လေ လွယ်ဂျယ်သွားတဲ့ လမ်းကြောင်းမှာ တရားဝင်ဆန်တွေ၊ ပြောင်းတွေတင်ပို့တဲ့ ကားတွေရဲ့ ပစ္စည်းအူကြောင်း (အလယ်ခေါင်)တွေထဲထည့်သွင်းသယ်ဆောင်သွားကြတာတွေလဲ ရှိတယ်၊ အခု
ဖမ်းဆီးရမိမှုမှာမိုးမောက်-လွယ်ဂျယ် တောင်အတက် အဆင်းနေရာမှာ ပိတ်ဆို့ဖမ်းဆီးရမိခဲ့တာပါ” ဟု ဖဖ်းဆီးရာ၌ ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့်ကားများ၌ မော်ဒယ်မြင့် ကားများပါပြီး တစ်ချို့မှာအင်ဂျင်ထဲသို့ သဲများထည့်ခြင်း ၊ ဘက်ထရီများ ဖြုတ်ခြင်း၊ ကားဘီးများလေလျှော့ပြီး ယဉ်မောင်းများမှာ ကိုယ်လွတ်ရုန်းခဲ့သည်ဟု သိရသည်။

အဆိုပါ သစ်များအား လာရောက်ပြန်လည်ခိုးယူလေ့ရှိသည့်အတွက် ဖမ်းဆီးရမိသစ်မှောင်ခို ကားများကို တာဝန်ရှိသူများမှ မျက်ခြေမပြတ်စောင့်ကြည့်နေရသည်ဟု မြ၀တီသတင်းရင်းမြစ်မှ သိရှိရသည်

0 comments to “တရုတ်သို့ တင်ပို့နေသည့် တရားမ၀င်သစ်ကား အစီး(၅၀)ကျော် ဖမ်းဆီးရမိ”

Post a Comment