Tuesday, August 13, 2013

ကိုယ်ကျင့်တရား မကောင်းသူများ နိုင်ငံရေး မလုပ်ရ (၂)

,
ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဆိုတာ ကျောက်ဆောင်ကြီးပမာ မယိမ်းမယိုင် ခိုင်မြဲသော အကျင့်စာရိတ္တ၊ သို့မဟုတ် ဖြောင့်မတ်တည်ကြည်သော စိတ်သဘောထားရှိခြင်းကို ဆိုလိုခြင်းဖြစ်တယ်လို့ ကျွန်မကတော့ နားလည် လက်ခံထားပါတယ်။
ကိုယ်ကျင့်တရား မကောင်းသူများ နိုင်ငံရေး မလုပ်ရ ဆိုတဲ့ ဆောင်းပါးကို ကျွန်မရေးသားပြီး facebook မှာ တင်ပါတယ်။ အဲ့ဒီဆောင်းပါးကို ကြိုက်တဲ့သူ ၊ မကြိုက်တဲ့ သူ နှစ်မျိုးစလုံးရဲ့ comment တွေကို ကျွန်မ လေးလေးစားစားဖတ်ပါတယ်။
အများစုက ကိုယ်ကျင့်တရားဆိုတာကို နားလည်ကြတာ တွေ့ရတဲ့အတွက် ၀မ်းသာ၊ ဂုဏ်ယူရပါတယ်။ အနည်းစုကတော့ ကိုယ်ကျင့်တရားဆိုတာကို သေသေချာချာ နားလည်ပုံမရတာလည်း တွေ့ရပါတယ်။
ကျွန်မဘ၀မှာ မိဘ၊ ဆရာသမားတွေဆီကနေ ရရှိခဲ့တဲ့ စိတ်ဓာတ်အမွေနဲ့ သင်ယူရတာတွေ အပြင် စာပေနဲ့ မိတ်ဆွေတွေဆီကနေ ရရှိခဲ့တဲ့ သင်ယူခြင်းတွေနဲ့ အတွေးအမြင်တွေကို မျှဝေပေးချင်တဲ့ စိတ်နဲ့ ဒီ ဆောင်းပါးကို ရေးတာပါ။
ကျွန်မတို့ တိုင်းပြည်မှာ ကိုယ်ကျင့်တရားဆိုတာကို ၅ ပါးသီလနဲ့ အလွယ်တကူ တိုင်းတာလို့ရနိုင်ပါတယ်။ သူ့အသက်သတ်ခြင်း၊ သူတစ်ပါး သားမယားပြစ်မှားခြင်း၊ သူတစ်ပါး ပစ္စည်းခိုးယူခြင်း၊ မမှန်ကန်သော စကားကို ပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စတာတွေကတော့ လူတိုင်းလူတိုင်း မလုပ်သင့်မလုပ်ထိုက်တာတွေကို လုံခြုံအောင် စောင့်ထိန်းကြရမဲ့ တရားတွေပဲဖြစ်ပါတယ်။
အထူးသဖြင့် အများစုက ငါးပါးသီလ ထဲက တစ်ပါးပါးကို ချိုးဖောက်ကြတာတွေ့ရပေမဲ့ သီလ ၅ ပါး စလုံး လုံခြုံတဲ့ သူတွေကိုလည်း တွေ့မြင်ရပါတယ်။
အများသူငှာတွေထဲမှာ သီလ မလုံခြင်းဟာ ပြည်သူအများစုကို မသက်ရောက်နိုင်ပေမဲ့ နိုင်ငံကို ဦးဆောင်မဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရ၀န်ထမ်းပိုင်းက ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ အကြီးတန်း အရာရှိကြီးတွေ၊ လူငယ်တွေအားကျတတ်တဲ့ ထင်ပေါ်ကျော်ကြားသူတွေ စတဲ့ တစ်စုံတစ်ခုသောအတိုင်းအတာထိ ရောက်ရှိပြီးသူတွေကတော့ စံပြကိုယ်ကျင့်တရားကောင်းမွန်ကြဖို့ လိုအပ်ပါတယ်။
အများပြည်သူကို လွှမ်းမိုးနိုင်တဲ့ သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ စံချိန်စံညွှန်းဟာ အရေးကြီးတယ်လို့ ကျွန်မကတော့ လက်ခံယူဆပါတယ်။
`သမာဓိရှိခြင်း`ဆိုတဲ့ အရည်အသွေးဟာ လူတစ်ယောက်မှာ အဓိက လိုအပ်တဲ့ ခေါင်းဆောင်မှု အရည်အသွေး  လက္ခဏာတစ်ခုဖြစ်ပြီး အဲ့ဒီအရည်အသွေးကို ပိုင်ဆိုင်ဖို့အတွက် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားရှိရမှာ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက ခေါင်းဆောင်နေရာမှာ ရောက်နေတဲ့ သူတွေရဲ့ အရည်အသွေးကို တိုင်းတာရာမှာ ကျွန်မကတော့ ပညာတတ်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်းတို့ထက် သူ့ရဲ့ ကိုယ်ကျင့်တရားကို အလေးထားပြီး တိုင်းတာလေ့ရှိပါတယ်။ သီလ ဘယ်လောက်လုံသလဲ ဆိုတာ အရေးကြီးပါတယ်။
နောက်တစ်ချက်ကတော့ သူ့ဘ၀မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေအရပ်ရပ်ကို သူဘယ်လိုကိုင်တွယ် ဖြေရှင်းခဲ့သလဲဆိုတာကို ကြည့်ရင် သူ့မှာ ဘယ်လိုကိုယ်ကျင့်တရား ရှိမလဲဆိုတာကို သိနိုင်ပါတယ်။
ပြဿနာအခက်အခဲတွေက လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ပုံသွင်းမပေးနိုင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အကျင့်စာရိတ္တအမှန်ပေါ်ထွက်လာတတ်ပါတယ်။  လောကဓံအဆိုးအကောင်းတိုင်းမှာ ရွေးချယ်စရာ လမ်းနှစ်သွယ်တော့ အမြဲရှိနေတတ်ပါတယ်။ ကိုယ်ကျင့်တရားကို ထိပါးခံပြီး ဆောင်ရွက်ရတဲ့ လမ်းကြောင်းနဲ့၊ ကိုယ်ကျင့်တရားကို အထိပါးမခံဘဲ ကြံ့ကြံ့ခံပြီး ဖြတ်သန်းရတဲ့ လမ်းကြောင်း ဆိုပြီး ရွေးချယ်စရာ လမ်းနှစ်သွယ် အမြဲရှိနေတာပါ။
အများစုကတော့ လွယ်ကူပေါ့ပါးပြီး ကိုယ်ကျင့်တရားကို အထိပါးခံ ဖြတ်သန်းရတဲ့ လမ်းကိုရွေးလေ့ရှိတာ တွေ့ရပါတယ်။
ကိုယ်ကျင့်တရားကို အထိပါးမခံနိုင်တဲ့ ကိုယ်ကျင့်သိက္ခာကို မထိခိုက်ရအောင် ထိန်းသိမ်းဆောင်ရွက်သွားရတဲ့ လမ်းကြောင်းကတော့ အခက်အခဲတွေပြည့်နှက်နေတဲ့ လမ်းကြောင်းပါ။ အဲ့ဒီလမ်းကြောင်းကို ရွေးချယ်တဲ့ သူတွေကတော့  အနည်းစု ဖြစ်ကြပေမဲ့ တကယ့်ကို ကိုယ်ရည်ကိုယ်သွေး ပိုပြီးအားကောင်းလာတာလည်း တွေ့ရပါတယ်။
ဥပမာအနေနဲ့ အိမ်ထောင်ရေးပြဿနာဖြစ်ခြင်းဟာ လောကဓံရဲ့ အဆိုးပိုင်းမှာပါဝင်မယ်ဆိုရင် အဲ့ဒီ အိမ်ထောင်ရေး ပြဿနာကို ဖြေရှင်းရာမှာ ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းမလဲ။ ဒီလို ပြဿနာမျိုးမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အဓိက ဦးစားပေးပြီး ဖြေရှင်းကြသူတွေကတော့ အိမ်ထောင်ရေးနဲ့ မိသားစုအပေါ် သစ္စာဖောက်လေ့ရှိတာ အမြဲတွေ့ရပါတယ်။
ဒီလိုအိမ်ထောင်ရေးပြဿနာရှိတဲ့ အိမ်ထောင်သည် အမျိုးသားတွေကို ရွေးချယ်လက်ခံတဲ့ အမျိုးသမီးတွေကတော့ သူတစ်ပါး ပစ္စည်း အချောင်လိုချင်တဲ့ သဘောတရားနဲ့ သူတပါးမိသာစု ဖျက်လိုဖျက်စီးရှိတဲ့ အကျင့်စရိုက်ရှိတဲ့ သူတွေပါပဲ။
အဲ့ဒီလို ယောင်္ကျား၊ မိန်းမတွေ ဘယ်လောက်တော်တော်၊ ဘယ်လောက် ပညာတတ်တတ် သူ့မှာ ယုံကြည်လောက်တဲ့ သစ္စာရှိမှု မရှိတော့ပါဘူး။ မိသားစုအသိုင်းအ၀ိုင်း သေးသေးလေးအပေါ်မှာတောင် သစ္စာမရှိနိုင်တဲ့ သူမျိုးကို အဖွဲ့အစည်းတစ်ခုအပေါ်မှာရောအဲ့ဒီထက် ပိုမြင့်တဲ့ တိုင်းပြည်အပေါ်မှာရော သစ္စာရှိပါ့မယ်လို့ ဘယ်လိုယုံကြည်ရပါ့မလဲ။
ကျွန်မတို့ရဲ့ အစွမ်းအစနဲ့ ဥာဏ်ရည်ဥာဏ်သွေး (IQ) ကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အကျင့်စရိုက်နဲ့ ကိုယ်ကျင့်တရားကိုတော့ ကျွန်မတို့ အားလုံး ရွေးချယ်ခွင့်ရှိကြတာ ချည်းပါပဲ။
ဥပမာ ကျွန်မတို့ဟာ လောကဓံနဲ့ ထိပ်တိုက်တိုးပြီး သိပ်ကျပ်တည်း ခက်ခဲလာတဲ့အခါမှာ  ကြံကြံခံပြီး ရင်ဆိုင်ကျော်လွှားမလား၊ ရှောင်ပြေးမလားဆိုတာ စဉ်းစားကြရပါတယ်။
နောက် ပစ္စည်းတစ်ခု အခြေအနေတစ်ခုကို ရရှိဖို့ဆိုရင်လည်း စဉ်းစားရပါတယ်။ အဲ့ဒါကို ရရှိဖို့ အားသွန်ခွန်စိုက်ကြိုးစားမလား၊ သက်သက်သာသာနဲ့ အချောင်ရဖို့ ကြိုးစားမလား။
ကျွန်မတို့ နေ့စဉ်ဘ၀မှာ ဖြတ်သန်းရတဲ့ နေ့ရက်တိုင်း နေ့ရက်တိုင်းမှာ ရွေးချယ်စရာတွေချည်းပါပဲ။ အဲ့ဒီလို ဖြတ်သန်းရွေးချယ်ရင်းနဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားက ရှင်သန်ကြီးထွားလာကြတာပါ။
ကြိုးစားရုန်းကန်ကြတဲ့ လူတွေက ဘ၀မှာ အောင်မြင်မှုတွေ မြင့်မြင့်မားမား ရရှိကြပါတယ်။ဒါပေမဲ့ မြင့်မားတဲ့ အောင်မြင်မှုကနေ ပြုတ်ကျသွားကြတာလည်း တွေ့မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတာကို သေသေချာချာ လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် သူတို့ဟာ စိတ်ဖိစီးမှုဒဏ်တွေ ကျော်လွှားဖို့အတွက် ခိုင်မာတဲ့ ကိုယ်ကျင့်တရားတွေ မရှိတာကြောင့်ဆိုတာ တွေ့ရပါတယ်။
အများစုကတော့ အောင်မြင်မှုအတွက် မာန်ဝင်ခြင်း၊ စိတ်ကြီးဝင်ခြင်း၊ ယုံကြည်မှု လွန်ကဲခြင်းတို့အပြင် အိမ်ထောင်ရေး ဖောက်ပြန်ခြင်းဆိုတဲ့ ပျက်စီးခြင်းတရားထဲက တစ်ပါးမက ကျူးလွန်ကြတာကို တွေ့ရပါတယ်။
အဲ့ဒါကြောင့် တိုင်းပြည်ကို ဦးဆောင်မဲ့ သူတွေ၊ ပြည်သူလူထုကို ကိုယ်စားပြုမဲ့ သူတွေ၊ လွှတ်တော်တွင်းက အုပ်ချုပ်ခွင့်၊ ဥပဒေ ရေးဆွဲမဲ့ သူတွေမှာ ကိုယ်ကျင့်တရား မကောင်းတဲ့ သူတွေ မရောက်ဖို့ အရေးကြီးတယ်လို့ ကျွန်မကတော့ နားလည်လက်ခံထားပါတယ်။
ခေါင်းဆောင်မှုနဲ့ ပတ်သက်ရင် အမြဲတမ်းအလေးထား ဂရုပြုရမဲ့ အချက်တွေထဲမှာ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားက အရေးကြီးဆုံးဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ အမှားနဲ့ အမှန် နှစ်ရပ်ကြား အမှန်ဘက်က ပြတ်ပြတ်သားသား ရပ်တည်ရုံမက ပါဘူး။ အမှားမကင်းတဲ့ (အမှားတွေ ရောနှောပါဝင်နေတဲ့) အခြေအနေတွေနဲ့လည်း ကင်းကင်းရှင်းရှင်းဖြစ်ရမယ်လို့ လက်ခံပါတယ်။
အရင်ကမှားခဲ့ဖူးတာပဲ နောက်မမှားအောင်ပြင်ဆင်မှာပေါ့ဆိုတဲ့ ဆင်ခြေမျိုးက ခေါင်းဆောင်တွေမှာ မရှိသင့်တဲ့ ဆင်ခြေမျိုးပါ။ လုပ်ငန်းတွေ အသင်းအဖွဲ့တွေကစပြီး နောက်ဆုံး တိုင်းပြည် ခေါင်းဆောင်ပိုင်းအထိ ကိုယ်ကျင့်တရားကောင်းဖို့က အဓိက အကျဆုံးပါ။
တကယ်ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို ကျမတို့တိုင်းပြည်အတွက် ပြုစုပျိုးထောင်ကြမယ်ဆိုရင် နိုင်ငံ ခေါင်းဆောင်ပိုင်းကစပြီး ပြုစုပျိုးထောင်ရမှာလို့ကျွန်မကတော့ ယူဆပါတယ်။
ခေါင်းဆောင်တွေ ကိုယ်ကျင့်တရားကောင်းမှ နောက်လိုက်တွေလည်း ကိုယ်ကျင့်တရားကောင်းနိုင်မှာပါ။ အဲ့ဒီလိုနဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ စံပြကိုယ်ကျင့်တရားကိုကြည့်ရင်း  အများစုက အားကျ စံနမူနာယူပြီး  ပြောင်းလဲဖို့ကြိုးစားသွားနိုင်ကြမှာဖြစ်ပါတယ်။
အဲဒါကြောင့် ကိုယ်ကျင့်တရားမကောင်းသူများ နိုင်ငံရေး မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
By မေသင်္ကြန်ဟိန်း (မြစ်မခ)

0 comments to “ကိုယ်ကျင့်တရား မကောင်းသူများ နိုင်ငံရေး မလုပ်ရ (၂)”

Post a Comment