နယူးဒေလီ သြဂုတ် ၁၂
အိန္ဒိယနိုင်ငံသည် ကီလိုမီတာ ၃၅ဝ
(၂၁၉မိုင်) အကွာ အဝေးထိ ရောက်ရှိ ပစ်ခတ်နိုင်သော နျူကလီးယား ထိပ်ဖူး
တပ်ဆင် အသုံးပြု ထားသည့် မြေပြင်မှ မြေပြင်ပစ်
ပြည်တွင်းလုပ် Prithvi-II ပဲ့ထိန်း
ဒုံးကျည်ကို သြဂုတ် ၁၂ ရက်တွင် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်
နိုင်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
၎င်း ပဲ့ထိန်း ဒုံးကျည်အား ချန်ဒီပူရ်မြို့
ဒုံးပစ်စခန်းရှိ အမှတ် (၃) ရွေ့လျား ဒုံးပစ်စင်မှ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း
ဖြစ်ပြီး မဟာဗျူဟာ တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ် (SFC) မှ ပြုလုပ်လျက် ရှိသော
စစ်ရေး လေ့ကျင့်ခန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဆောင်ရွက် ခြင်း ဖြစ်ကြောင်း
သိရသည်။ Prithvi-II ဒုံးကျည်ကို အိန္ဒိယ နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ
သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (DRDO) မှ ထုတ်လုပ်ခဲ့ခြင်း
ဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်း ဒုံးကျည်များကို စစ်ဘက်တွင် တပ်ဖြန့်
ချထားပြီး ဖြစ်ကြောင်း သိရသည်။
Prithvi-II ဒုံးကျည်တွင် အလေးချိန် ၅ဝဝ မှ ၁ဝဝဝကီလို ဂရမ်ရှိ နျူကလီးယား
ထိပ်ဖူးများ တပ်ဆင် အသုံးပြုနိုင်ပြီး လောင်စာရည် အသုံးပြု
အင်ဂျင်နှစ်လုံးနှင့် ခေတ်မီ ပဲ့ထိန်း စနစ်များ တပ်ဆင် ထားကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်ကလည်း Prithvi-II ဒုံးကျည်ကို
အောင်မြင်စွာ စမ်းသပ် ပစ်ခတ် နိုင်ခဲ့ကြောင်း သိရသည်။
မြ၀တီ
မြ၀တီ