Tuesday, August 13, 2013

မုံရွာတက္ကသိုလ်တွင် နံရံကပ်စာစောင် ပြန်လည်ဖွင့်လှစ်

,


မုံရွာ၊ သြဂုတ် ၁၂

မုံရွာတက္ကသိုလ်တွင် ဆယ်စုနှစ် တစ်စုခန့်အထိ ပျောက်ကွယ်နေခဲ့သော နံရံကပ်စာစောင်ကို တမာပွင့်သစ်အမည်ဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း မုံရွာတက္ကသိုလ် စာပေနှင့် အနုပညာအသင်းဥက္ကဋ္ဌ မြန်မာစာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာဒေါ်မြင့်ရီက ပြောကြားသည်။

“လွန်ခဲ့တဲ့ ၁၅ နှစ်ကတော့ မုံရွာ ဒီဂရီကောလိပ်အဆင့်မှာတော့ နံရံကပ်စာစောင် ရှိခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဒီနေ့ဖွင့်တဲ့ တမာပွင့်သစ် နံရံကပ်စာစောင်က ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။ တမာဆိုတာတော့ ဒီအညာဒေသရဲ့ အမှတ်သင်္ကေတ တစ်ခုပါ။ ဒါကြောင့် တမာပွင့်သစ်လို့ နာမည်ပေးဖြစ်တာပါ” ဟု ၎င်းက ရှင်းပြသည်။

နံရံကပ်စာစောင်တွင် ကဗျာ၊ ဆောင်းပါး၊ ကာတွန်းနှင့် English Section စသည့် ကဏ္ဍများကို ဖော်ပြထားကြောင်း ကျောင်းသား ကျောင်းသူ ၅၃ ဦး၏ စာမူများနှင့် ဆရာသုံးဦး၏ စာမူများပါဝင်ပြီး ကျောင်းသားကျောင်းသူများကို အထူးအလေးပေးထားကြောင်း မုံရွာတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြားသည်။

မုံရွာတက္ကသိုလ် နံရံကပ်စာစောင်ကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အနီးတွင် စိုက်ထူထားပြီး စာသင်နှစ်တစ်နှစ်လျှင် တစ်ကြိမ်ခန့် နံရံကပ်စာစောင်တွင် ဖော်ပြထားသော စာမူများကို လဲလှယ်ဖော်ပြသွားမည် ဖြစ်ကြောင်း နံရံကပ်စာစောင် ဖြစ်မြောက်ရေးအဖွဲ့ဝင် တက္ကသိုလ်ဆရာ တစ်ဦးက ပြောကြားသည်။

မူရင်း-The Voice

0 comments to “မုံရွာတက္ကသိုလ်တွင် နံရံကပ်စာစောင် ပြန်လည်ဖွင့်လှစ်”

Post a Comment