Wednesday, August 21, 2013

သူရဲဝင်စီးခြင်းဆိုင်ရာ အမေးအဖြေများ ( ပထမပိုင်း)

,


ဘုန်းဘုန်းရေ
 သိချင်တာ နဲနဲမေးချင်လို့ပါဘုရား။
ဘုန်းဘုန်း တခါက သိုက်အကြောင်းတွေ ရေးဖူးလို့ တပည့်တော် သရဲဝင်ပူးတာနှင့် ပတ်သက်ပြီး မေးချင် ပါတယ်။ဘာသာရေး အထောက်အထားတွေအရ (သို့) တခြား ခိုင်လုံတဲ့ အထောက်အထားတွေအရ (သို့) ဘုန်းဘုန်းကိုယ်ပိုင် အတွေ့ အကြုံ အရ ဖြေပေးစေလိုပါတယ်။
တပည့်တော် သရဲစီးတာနှင့် ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံ ပို့စ်တစ်ပုဒ်ရေးချင်လို့ပါဘုရား။ အဲဒါ မရေးခင် ဘုန်းဘုန်းဆီက သဘောထားအမြင်လေး မေးကြည့်တဲ့သဘောပါဘုရား။ ကိုယ်ကြုံတွေ့ခဲ့ရတာ တကယ် ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ချိန်ညှိကြည့်ချင်လို့ပါဘုရား။
ဘုန်းဘုန်းအားရင် ပြန်ဖြေပေးပါအုံးနော်ဘုရား။
ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
 (၁) လူကို သရဲဝင်ပူးတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ဖြစ်နိုင်ပါသလား။
(၁)ဖြေ။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူရဲ၊ တစ္ဆေဆိုတဲ့အခေါ်အဝေါ်တွေဟာ ဘုရား ဟောစာပေများမှာတော့ ကမ္မဇိဒ္ဓိတန်ခိုးအသင့် အတင့်ရှိကြတဲ့ ပြိတ္တာတွေကိုရော၊ မြေပြင် မှာနေတဲ့ဘုမ္မစိုးနတ်လေးတွေ၊ သစ်ပင် မှာနေတဲ့ရုက္ခစိုးနတ်သေးနတ်မွှားတွေ( နတ်သေး နတ်မွှားဆိုတာ သူတို့လဲလူတွေလိုပါပဲ၊ တစ်ချို့ကတောက် တောက်ပြောင်ပြောင်၊ တစ်ချို့က မှိန်စုတ်စုတ် ပုံစံမျိုးဖြစ်နေတဲ့ စတုမဟာရာဇ်နတ်ဘုံအနွယ်ဝင်) အားလုံးကို သိမ်းကျုံးရောပြီးခေါ်တာ၊ ယနေ့ခေတ်မှသာ သူရဲတစ္ဆေလို့ အဆင့်ဆင့်ပြောင်းလဲခေါ်ခဲ့ကြ တာဖြစ်ပါတယ်၊
တန်ခိုးကြီးမားတဲ့ရုက္ခစိုး၊ ဘုမ္မစိုးတွေကတော့ ၀င်မပူးတတ် ကြဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့သူတို့မှာစားစရာ၊ နေစရာဗိမာန် အားလုံးပြည့်စုံနေလို့ လူတွေဒုက္ခရောက်ရင်သာ ကူညီတတ်ကြတယ်၊အလှူပေးခြင်း၊ သီလ စောင့်ထိန်းခြင်း၊ ၀ိပဿနာတရား အားထုတ် ခြင်းစတာတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူမှ မသိရင် နေပါစေ၊ သူတို့က သတိထားစောင့်ကြည့်နေပြီး လိုအပ်တာ မှန်သမျှအစစအရာရာ စောင့်ရှောက် ပေးတတ် ကြတယ်။
(၂) အဲဒီလို ၀င်ပူးတဲ့အခါမှာ မူလလူရဲ့ စိတ်ဟာ ဘယ်လိုဖြစ်နေပါသလဲ။
(၂)ဖြေ။ ။ ကိုယ့်မျက်စိရှေ့မှာပဲ ၀င်ပူးခံရသူကိုမေးကြည့်ဖူးတယ်။ သူ့စကားအရတော့ အပူးခံရသူရဲ့ စိတ်က ခန္ဓာကိုယ်အပြင်ပကို ထွက်ပေးရတယ်၊ ၀င်စီးမယ့်နာနာဘာဝရဲ့ စိတ်က ၀င်လာတယ် လို့ဆိုတယ်၊
သို့သော် ဗုဒ္ဓအဘိဓမ္မာရှုထောင့်ကနေ သုံးသပ်ရရင် စိတ်က လူ့ခန္ဓာကိုယ်ကနေ ဘယ်လိုအကြောင်းနှင့်မှ ထွက်ခွါလို့ မရနိုင် ဘူး၊ထွက်ခွာတယ် ဆိုတာနဲ့သေတာပဲ၊  လူတစ်ယောက်သတ္တ၀ါတစ်ယောက်ဟာဘ၀ တစ်ခုမှာ-ပဋိသန္ဓေစိတ်စဖြစ်လာ ကတည်း က(မွေးဖွားလာကတည်းက) ခန္ဓာကိုယ်နှင့် စိတ်ဟာ ဘာကြောင့် ပဲဖြစ်ဖြစ် ကင်းလို့မရဘူး၊ သေဆုံးချိန်စုတိစိတ် ကျသွားမှသာ တစ်ဘ၀ချုပ်ငြိမ်းတယ် လို့ ဆိုတယ်၊
တစ်ချို့လူတွေ သေရွာပြန်-လူသားဆိုတာ တကယ်သေတာလို့ မဆိုနိုင်ဘူး၊ ခံစားမှုကင်းတဲ့သတိလစ်ခြင်း၊ မေ့မြောခြင်း ( တရားအားထုတ်သူတွေအတွက် သတိလစ် ချုပ်ငြိမ်းနေခြင်းမျိုး)   လို့ ဆိုရင် သင့်လျော် မယ်ထင်တယ်၊ ဒီအဘိဓမ္မာ အဆိုကို   ထောက်ပြီး သူရဲတစ္ဆေ၀င်ပူးချိန်မှာ စိတ်က ထွက်ခွါပေးရတယ် ဆိုရင် ( နိရောဓသမာပတ် ၀င်စားနိုင်သူအနာဂါမ်၊ ရဟန္တာများများမှလွဲ၍)ကျန်ကာမဘုံသားသတ္တ၀ါအားလုံး သေသွားပါလိမ့်မယ်၊အဘိဓမ္မာသဘောအရပြန်လည်အသက်ရှင်စရာအကြောင်းမရှိနိုင်ဘူး။
စာပေမှာ အရှင်အာနန္ဒာကြီးကို မာနတ်ကြီးက ၀င်ပူးတော့ ကြောက်စရာရူပါရုံကို ဖန်ဆင်းပြတယ်၊ ဒါကိုမြင် တဲ့ အရှင်အာနန္ဒာက သတိလက်လွတ်ဖြစ်ကာထိတ်လန့်ပြီး ပါးစပ်ဟမိတယ်၊ ဘုရားရှင်ပြောစကားကို လိုက် မမှတ်နိုင်ပဲ သတိလက်လွတ်ငေးမော   တွေဝေနေတယ်လို့ ဆိုတယ်၊ အရှင်အာနန္ဒာလို သောတာပန်ပုဂ္ဂိုလ် မို့သာ ရူပါရုံ လောက်ဖြင့် ခြိမ်းခြောက်နိုင်တာ၊ အခြားဘုန်းကံနိမ့်သူများရဲ့နှလုံးသားကိုတော့ မာနတ်ကြီး က လက်နဲ့တောင်ဆုပ်ညှစ်ထားနိုင်တယ် လို့ ဆိုတယ်၊
 ဒီစာပေနဲ့ အဘိဓမ္မာသဘောနှစ်မျိုးလုံးဟာ တထပ်ထဲ ကျနေတဲ့အတွက် သံသယဖြစ်စရာ မရှိဘူး၊ ၀င်ပူးခံရသူတွေ   ပြောကြသလို၊ထင်နေသလို စိတ်က ခဏလေးထွက်ခွါပေးရတယ် ဆိုတာ မဖြစ်နိုင်ဘူး၊မြန် လွန်းလို့ စိတ်အထင်သက်သက် နဲ့ ပြောကြတာဖြစ်ပါလိမ့်မယ်။
(၃) သရဲဝင်စီးခံရတဲ့သူဟာ အစီးခံနေရချိန်မှာ သူဘာဖြစ်နေတယ်ဆိုတာကို သိနေ နိုင်ပါသလား။
(၃)အဖြေ။  ။ ၀င်မပူးခင်နဲ့ ထွက်သွားပြီးနောက်ပိုင်းမှာပဲ သိနိုင်ပါတယ်၊ ၀င်ပူးနေ ချိန်မှာ သူ့ဘာဖြစ်နေတယ် ဆိုတာ  မသိတော့ ဘူးလို့ ဆိုတယ်။
(၄) သရဲဝင်စီးနေတဲ့အချိန်မှာ ခန္ဓာကိုယ်က ဘယ်လို ပြောင်းလဲမှုမျိုးတွေ ဖြစ်နိုင်ပါသလဲ။ ဥပမာ- body temperature အပြောင်းအလဲ၊ မျက်နှာအနေအထား၊ မျက်လုံးအနေအထား၊ စကားပြောပုံအမူအရာ စသည် ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ။
(၄)အဖြေ။  ။ မိမိရှေ့မှာ မြင်ဖူးသလောက်တော့ ၀င်စီးခါနီးမှာ အစီးခံရမယ့်သူက ကောင်း ကောင်း သိပါတယ်၊ မျက်နှာအနေ အထား၊ မျက်လုံးအနေအထား၊ စကားပြောပုံအမူအရာ အားလုံးဟာ တစ်စုံတစ်ခုကို မြင်ရလို့ အရမ်းထိတ်လန့်သည့် ပုံစံမျိုးလည်း မဟုတ်၊ အံ့သြသည့်အမူအရာ၊ ထူးခြားသည့်အမူအရာ သက် သက်မျှသာ ဖြစ်တယ်၊ အနားပတ်ဝန်း ကျင်က လူတွေကလည်း သူ့ကို တကူးတက စိုက်ကြည့်နေချိန်နဲ့ ဆုံရင်ထူးခြားတာကို သိနိုင်ပါတယ်၊
(၅) သရဲဝင်ပူးပြီး အစားတောင်းစားခြင်း၊ ရေတောင်းသောက်ခြင်း စသည် ပြုလုပ်တတ် ပါသလား။ ထိုသို့ တောင်းစားချိန်မှာ အစားအသောက်ကို မည်သို့စားသောက် တတ်ပါ သလဲ။
(၅)အဖြေ။   ။ ဒီမေးခွန်းကတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြေမှဖြစ်မယ်၊ လူသေကောင်ကိုဖုတ် ၀င်ပြီး တောင်းစား တာမျိုးဆိုလျင် တိုက်ရိုက်စားတာပေါ့၊ တစ်ချို့ကတော့ ၀င်ပူးချိန်မှာ သူ မည်သူမည်ဝါဖြစ်ကြောင်း၊ ဘယ်မှာ နေကြောင်း၊ ဘာအစားအသောက် စားချင်လို့ ကျွေးမွေး ပါ၊ ဆိုပြီး ပြောဆိုကာ ထွက်သွားတယ်၊ သူပြောတဲ့ နေရာကို သွားပြီးအစားအသောက်များ သွားပစ်ထားရင် အရင်က မတွေ့ဖူးမမြင်ဖူးတဲ့ခွေးတကောင်၊ ကြောင် တကောင်က လာရောက်စား သောက်တာမျိုး၊ တခါတလေလဲ ဘယ်သတ္တ၀ါမှ မလာပါပဲလျက် ယင်ကောင် များ လာရောက်စားသောက်တာမျိုး၊ ထူးခြားချက်က အဆိုပါအစားအစာများ ဟာ အဆင်းရော၊ အနံ့ရော လုံးဝမရှိတော့လောက်အောင် ကုန်ခန်းသွားတာမျိုးလဲရှိတယ်။
(၆) ပရလောကသားများဟာ မည်သည့်ဘာသာစကားကို သုံးစွဲပြောဆိုပါသလဲ။ (သို့မဟုတ်) မည်သည့် ဘာသာစကားနှင့် သူတို့ကို ပြောဆိုလျှင် သူတို့ နားလည်တတ်ပါသလဲ။
(၆) အဖြေ။ ။ ပရလောကသားတွေမှာ ဘယ်ဘာသာစကားရပ်မှ မလိုဘူး လို့ မိမိကတော့ယူဆတယ်၊ သူတို့ရဲ့သဘာဝ ဘ၀ပေးကုသိုလ်အခြေအနေအရ ကမ္မဇိဒ္ဓိတန်ခိုး ကြောင့် အလိုလိုသိနိုင်တယ်လို့ ယူဆမိ တယ်၊ လူတွေကြားထဲမှာ ကျင်လည်နေပြီး သူတို့က လူတွေကိုမြင်ရတယ်၊ လူတွေက သူတို့ကို မမြင်နိုင်ဘူး ဆိုကတည်းက တန်ခိုးအသင့်အတင့်ရှိတယ် ဆိုတာ မြင်နိုင်ပါတယ်၊
ဟိုတလောကသတင်းလေးတစ်ခုကြားလိုက်မိတယ်၊ အနောက်ဥရောပ အင်္ဂလန်နိုင်ငံဖြစ် မယ်ထင်တယ်၊အဲဒီ မှာ ခရစ်ယာန်ဘာသာ ၀င်မိသားစုအိမ်မှာ အိမ်သားတစ်ယောက် မကျွတ်မလွတ်ပဲ သူရဲဖြစ်နေတယ် တဲ့၊ ခရစ်ယာန်ဓလေ့ထုံးစံအရ နည်းမျိုးစုံသုံးကာ ပထုတ်သော်လည်း ပုံမှန်ပဲ ဆက်လက်ခြောက်လှန့်နေခဲ့တယ်၊
နောက်တော့ မြန်မာ လူမျိုးဗုဒ္ဓဘာသာ အမျိုးသမီးတယောက်နဲ့တွေ့ပြီး အကူအညီတောင်း ရာက သံဃာ လေးပါးပြည့်အောင် တကူးတက ပင့်ဆောင်ပြီး ပရိတ်ရွတ်၊ ကမ္မ၀ါစာဖတ် ပေးလိုက်တော့ ကျွတ်လွတ်သွား တယ် လို့ သိရတယ်၊ နောက်ပိုင်းတော့ အဆိုပါ ခရစ်ယာဉ်အမျိုးသမီးဟာ ဘာသာပြောင်း လာပါသတဲ့၊ ဒါကိုထောက်ဆပြီး မြန်မာ ဘုန်းတော်ကြီးများ ရွတ်ဖတ်တဲ့ပရိတ်၊ ကမ္မ၀ါစာများကို နားမလည်ဘူး ဆိုလျင် ကျွတ်လွတ်စရာအကြောင်းမရှိဘူး၊ နားလည်လို့သာလျင် ကျွတ်လွတ်တယ်လို့ သုံးသပ် မိတယ်၊
နောက်တစ်ချက်က ဂုဏ်တော်ပွား၊ ပုတီးစိပ်စသော အကျင့်စရဏကို နှစ်ပေါင်းများစွာ အားထုတ်နေသော ကျောင်းထိုင် ဘုန်းကြီးတစ်ပါးရဲ့ အတွေ့အကြုံကလဲ အံ့သြစရာပဲ၊ အဲဒီဆရာတော်က နေရာအရပ်ဒေသ တစ်ခုခု၊ အိမ်၊ ကျောင်း၊ ရွာ စသည်ဘယ်နေရာပဲ ရောက်နေပါစေ၊ ဥပမာ-သူနဲ့ဆက်စပ်တဲ့အိမ်တစ်အိမ် ဆိုပါစို့၊ ကြွသွားလျင် မကျွတ် မလွတ်တဲ့သူ တစ်ယောက်ယောက်ရှိနေလျင် အလိုလို သိရပါသတဲ့၊ မကျွတ် မလွတ်သူ တောင် မဟုတ်ဘူး၊ ဘီလူးတို့၊ ရုက္ခစိုးတို့ စတာတွေ ရှိနေရင်လဲ သိရတယ် တဲ့၊ အဲဒီလိုပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်းဆက်သွယ်နေရတာ များတယ် လို့ ဆိုတယ်။
တနေ့မှာ အိမ်တစ်အိမ်ကို ဆွမ်းစားကြွရင်း သီလပေးရေစက်ချ တရားဟောနေတုံးပေါ့၊ မျက်စိမှိတ်ပြီး သီလ ပေးတာ မပြီးသေးဘူး၊ အိမ်မကြီး တံခါးဝမှာ လူရွယ်တစ်ယောက် ပုဂံခေတ်က အ၀တ်အစားမျိုးတွေ ၀တ် ဆင်ထားပြီး မတ်တပ်ရပ်နေတာကို မျက်စိမှိတ် ထားရင်းက မြင်နေရတယ်တဲ့၊ သူလဲ လာပြီးတရားနာ ချင်ပါတယ်၊ ခွင့်ပြုပါ တဲ့၊ ပါးစပ်လှုပ်ရုံမျှသာ လှမ်းစကားပြောနေတာနော်၊  ဒါကို ပါးစပ်က သီလပေးနေတဲ့ ဆရာတော်ကလဲ မြင်တယ်၊ စိတ်နဲ့ပဲပြန်ဖြေလိုက်တယ်၊ လာခဲ့ပါ၊ ရပါတယ်ပေါ့၊ သူတစ်ယောက်ထဲ မဟုတ် ဘူး၊ အဖော်တစ်ယောက်ပါလာသေးတယ် ဆိုတော့ ရတယ် နှစ်ယောက်လုံး လာနိုင်ပါတယ် ဆိုပြီး ခွင့်ပြု လိုက်တယ်၊ စိတ်ချင်းပဲ စကားပြောနေတာ နော်၊ ပါးစပ်ကတော့ သီလပေးနေတာ..
ခွင့်ပြုချက်လဲ ရပြီးရော.. မိန်းကလေးတစ်ယောက်နဲ့အတူဝင်လာပြီး ပရိသတ်ရှေ့ဆုံး ဆရာတော့်ရှေ့တည့် တည့်နားအထိ လာထိုင်တယ်၊ ထိုင်ပြီးတာနဲ့ မြင်ကွင်းက ပျောက်သွား တယ်၊ နောက်ထပ်မမြင်ရတော့ဘူးတဲ့၊ ပရိသတ်လဲတယောက်မှ မသိလိုက်ဘူးလို့အဲဒီဆရာတော်ကိုယ်တိုင်ပြောပြဖူးတယ်။ဒီအချက်ကိုထောက်ဆ
လျင် ပရလောကသား တွေအတွက်ဘယ်ဘာသာ စကားမှ မလိုအပ်ဘူး လို့ ယူဆမိပါတယ်။
(၇) သူတို့တွေအနေနှင့် မိမိတို့နှင့် အယူဝါဒ၊ ဓလေ့ထုံးစံမတူညီသော အခြား ဘာသာ၊ လူမျိုးတစ်ခုရဲ့  ဓလေ့ထုံးစံများကို နားလည်သိရှိနေတတ်ပါသလား။
(၇) အဖြေ။ ။ အထက်က ခရစ်ယာန်မိသားစုအဖြစ်အပျက်ကို ထောက်ဆရင် နားလည်ပြီးသား ဖြစ်နိုင် တယ်လို့ ယူဆသင့်တယ်၊
(၈) သရဲစီးရာမှ ပြန်ထွက်သွားတဲ့အခါမှာ မူလအစီးခံရတဲ့ လူရဲ့  ခန္ဓာကိုယ်အခြေအနေ၊ သူပြန်သတိရပုံ စတာတွေ ဘယ်လိုမျိုးရှိ တတ်ပါသလဲ။
(၈)အဖြေ။  ။အခြားသူတွေ အတွေ့အကြုံနဲ့ ခြားနားနေမလား မသိဘူး၊ မိမိအတွေ့ အကြုံအရတော့ ၀င်မစီး ခင်မှာ ၀င်စီးမယ့် သူရဲ့မျက်နှာမှာ တစ်ခုခုဖြစ်တော့မည့်ဟန် အနေဖြင့် ထူးခြားလာပြီး ခန္ဓာကိုယ်က အရုပ်ကြိုးပြတ်ပမာ လူသေကောင်ပမာ လဲကျ သွားတယ်၊ အလွန်ဆုံး နှစ်စက္ကန့်လောက်ပဲကြာမယ်၊ ပြန်လည်အသက်ဝင်လာပြီး စကားပြောတယ်၊ ပြီးလျင် ပြန်ထွက်တော့မယ် ဆိုတဲ့အကြောင်းပြောပြီး စက္ကန့် ပိုင်းအတွင်း ဘုန်းကနဲ ခန္ဓာကိုယ်ကြီးက လဲကျသွားပြန်တယ်၊ ၂စက္ကန့်လာက်ပဲကြာပြီးရင် သတိရ လာတယ်၊ ဒါပေမယ့်သူတို့ကို မေးရင် ဘာမှ မသိလိုက်ဘူး လို့ပဲ လူတိုင်းက ဖြေလေ့ရှိကြတယ်။
(၉) သရဲစီးနေစဉ် ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေမှာရော ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ရှိတတ်ပါသလားဘုရား။
(၉)အဖြေ။  ။ လူတစ်ချို့ကတော့ ကြက်သီးမွေးညှင်းထလာတာမျိုး၊ အကြောင်းမဲ့ စိတ်ခံစားမှုထူးခြား လာတာမျိုး စတဲ့ထူးခြား မှုလေးတွေ ပေါ်တတ်တယ် လို့ ဆိုကြတယ်၊ ကိုယ်တိုင်ကြုံဖူးတာတော့ တစ်ခုခုထူး တော့မယ် ဆိုတာသိလိုက်တယ်၊ အနားမှာ ထိုင်နေရင်း အန္တရာယ်ပေးခဲ့ရင်ကြိုတင်ကာကွယ်ရအောင် ခန္ဓာကိုယ်ကလဲ အသင့်အနေ အထား လုပ်နေခဲ့မိတယ်၊ ပါးစပ်ကလဲ သမ္ဗုဒ္ဓေဂါထာရော၊ သရဏဂုံသုံးပါးရော ရွတ်ဆိုနေမိတယ်၊ မိမိအတွက်တော့ ဘာမှ ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး။

စာကြွင်း။  ။ (ဒုတိယပိုင်း) ကို ဆက်လက်ဖတ်ရှုမှသာ အဖြေအားလုံးကို ခြုံငုံသုံးသပ်ကာ ပြည့်ပြည့်စုံစုံ နားလည်နိုင်မှာ ဖြစ်ပါတယ်

0 comments to “သူရဲဝင်စီးခြင်းဆိုင်ရာ အမေးအဖြေများ ( ပထမပိုင်း) ”

Post a Comment