Wednesday, August 21, 2013

ဆယ်စုနှစ်တစ်ခုတိုင်ကြာပြီးမှ “မြန်မာတွေ အောင်မြင်ဖို့” စာအုပ်နဲ့ လူပိုသိလာတယ်ဆိုတဲ့ စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)နဲ့ တွေ့ဆုံမေးမြန်းခြင်း

,


အာရ်ကန်တိုင်းမ်စ် (အင်တာဗျူး)

မြန်မာနိုင်ငံ စာပေလောကတွင် အောင်မြင်ရေးစာပေ အောင်မြင်ရေး ဟောပြောပွဲများကို အောင်မြင်စွာ ရေးသားဟောပြောနေသော အသက်အငယ်ဆုံး လူငယ်စာရေးဆရာ တစ်ယောက်လည်းဖြစ်၊ ရန်ကုန် ရွှေဂုံတိုင်ရှိ (Success, Motivation and Management Institute) ကျောင်း၏ ကျောင်းအုပ်တစ်ယောက်လည်းဖြစ်သည့် လင်းသိုက်ညွှန့် (မြန်မာ့မြေ)သည် အမေရိကန်ပြည်ထောင်စုတွင် ဇူလိုင်လ (၁၅) ရက်နေ့မှ လကုန်ရက်အထိ ကျင်းပနေသည့် နိုင်ငံတကာ ဧည့်ခေါင်းဆောင်မှု အစီအစဉ် (International Vistitor Leadership Program-IVLP) ဆွေးနွေးဟောပြောရန် ၀ါရှန်တန်ဒီစီမြို့သို့  ရောက်ရှိနေစဉ် ၄င်း၏ (IVLP) ဟောပြောဆွေးနွေးမှုအစီအစဉ်၊ စာပေဘ၀ဖြတ်သန်းမှုနှင့် ဘ၀အောင်မြင်မှုအတွက် လိုအပ်ချက်များကို ပရိတ်သတ်များ သိရှိစေရန် အာရ်ကန်တိုင်းမ်စ်မှ ဆရာလင်းသိုက်ညွှန့်(မြန်မာ့မြေ)အား ဇူလိုင်လ ၂၃ ရက်နေ့က တယ်လီဖုန်းလိုင်းဖြင့် ဆက်သွယ်မေးမြန်းထားသည်ကို ရေးသားတင်ဆက်လိုက်ပါသည်။

စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) အမေရိကန်နိုင်ငံ IOWA ပြည်နယ်သို့ ရောက်ရှိခဲ့စဉ်။စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) အမေရိကန်နိုင်ငံ IOWA ပြည်နယ်သို့ ရောက်ရှိခဲ့စဉ်။

အာရ်ကန်တိုင်းမ်စ် ။ ။ ပထမဆုံး အနေနဲ့ အမေရိကန်ကို (International Visitor Leadership Program-IVLP) အစီအစဉ်နဲ့ လာတယ်ဆိုတော့ ဘယ်သူတွေက ဖိတ်ကြားပြီးတော့ ဘယ်လိုအစီအစဉ်တွေနဲ့ ရောက်ရှိလာပါသလဲ ဆိုတာ ရှင်းပြပေးပါ ဆရာ။

ဆရာလင်းသိုက်ညွှန့် ။ ။ ဟုတ်ကဲ့..IVLP အစီအစဉ်က အမေရိကန်အစိုးရကနေ စပွန်ဆာပေးပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်သံရုံးတွေရဲ့ အစီအစဉ်နဲ့ လုပ်တာပါ။ သံရုံးတွေကနေ ကျနော်တို့ကို အဆိုပြုပြီးတော့ ရွေးတာပေါ့၊ ကျနော်က ရန်ကုန်မှာရှိတဲ့ အမေရိကန်စာကြည့်တိုက်မှာ ဟောပြောပွဲလေးတွေလုပ်ဖြစ်တော့ အမေရိကန်စင်တာက ကျနော့်ကို အဆိုပြုပေးလို့ ဒီအစီအစဉ်ကို ဒီနှစ် ကျနော်လာဖြစ်တာပါ။ ကျနော်တို့ လာတာကတော့ လူ့စွမ်းအားအရင်းအမြစ်နှင့် စီမီခန့် ခွဲမှု တိုးတက်မြင့်မားရေးပေါ့၊ ကျနော်တို့ အုပ်စုမှာတော့ မဲခေါင် ၈ နိုင်ငံက ၈ ယောက် ပါပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ ဆရာတို့က ဒီကို ဇူလိုင်လ ဒုတိယပတ်ထဲမှာ စရောက်တယ်ဆိုတော့ ဆွေးနွေးပွဲတွေ လုပ်ဖြစ်နေပြီလား။

ဆရာလင်းသိုက်ညွှန့် ။ ။ ဟုတ်ကဲ့.. ဒီလ ၁၅ ရက်နေ့က ကျနော်တို့ အစီအစဉ်တွေ စပါတယ်၊ သြဂုတ် ၃ ရက်နေ့ ထိ ဆွေးနွေးပွဲတွေ လုပ်မှာပါ၊ ၀ါရှန်တန်ဒီစီမှာတော့ ၁ ပတ်ပြီးသွားပါပြီ။ ၀ါရှန်တန်ဒီစီမှာတော့ US-8 ၊ US Economic Cooperation နှင့် လွှတ်တော်အမတ်တွေ (senators)နဲ့  တွေ့ဆုံ ဆွေးနွေးပြီးပါပြီ။ အခု ဖန်ဆာဗာနီးယား (Pennsylvania) မှာ ၂ ရက်၊ ၂၄ ရက်နေ့ မှာတော့ ကျနော်တို့ အိုင်အိုဝါ (Iowa)ကို သွားမှာပါ။

အာရ်ကန်တိုင်းမ်စ် ။ ။ ဒီအစီအစဉ်မှာ တခြားစာရေးဆရာတွေ အပါအ၀င် ဆရာက ဘယ်အကြောင်းအရာတွေကို အဓိက ဆွေးနွေးကြတယ်ဆိုတာကို ရှင်းပြပေးပါလား။

ဆရာလင်းသိုက်ညွှန့် ။ ။ ဟုတ်ကဲ့..ကျနော်တို့ ဒီအစီအစဉ်မှာ စာရေးဆရာတွေချဉ်း ဖိတ်တာ မဟုတ်ပါဘူး။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးဆိုတော့ ထိုင်းနိုင်ငံ တက္ကသိုလ်တခုက ပါမေက္ခတွေ(professors)ပါတယ်။ လာအိုနိုင်ငံကဆိုရင် လာအိုအစိုးရရဲ့ အရာရှိတွေပါတယ်။ ကျနော့်ကို စာရေးဆရာအနေနဲ့ ဖိတ်တာမဟုတ်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ကျနော့်ရဲ့ (Success, Motivation and Management Institute) ကျောင်းရဲ့ ကျောင်းအုပ်အနေနဲ့ ကျနော့်ကို ဖိတ်တာပေါ့။ အဓိကဆွေးနွေးကြတဲ့ အကြောင်းအရာတွေကတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်အစိုးရက ဘာတွေလုပ်ပေးနိုင်မလဲ၊ ကျနော်တို့ တက္ကသိုလ်ကျောင်းတွေရဲ့ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်၊ ကျနော်တို့ နိုင်ငံ အပြောင်းအလဲဖြစ်လာနေချိန်မှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ စတဲ့အချက်အလက်တွေကို ဆွေးနွေးကြပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ ဆရာတို့ ဆွေးနွေးပွဲတွေမှာ တက်ရောက်လေ့လာ နားထောင်ကြတဲ့ ပရိတ်သတ်တွေ ရှိပါသလား။

ဆရာလင်းသိုက်ညွှန့် ။ ။ မရှိပါဘူး။ ကျနော်တို့က အလုပ်ရုံဆွေးနွေးပွဲ (Workshop) ပုံစံနဲ့ သွားကြရတာပေါ့။ သူတို့တွေက ကျနော်တို့ကို ရှင်းလင်းပြောကြားတယ်။ ကျနော်တို့က မသိတာ မရှင်းတာတွေကို ပြန်မေးတယ်၊ သူတို့က ပြန်လည်ရှင်းပြတယ်။ ပြီးရင် သူတို့ရဲ့ ရုံးခန်း၊ ကျောင်းခန်းတွေကို လိုက်ပြပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ ဒီအစီအစဉ်မှာ နိုင်ငံတကာကလူတွေ တက်ရောက်ဆွေးနွေးနေကြတာဆိုတော့ ဆရာ့ထက် အသက်ငယ်တဲ့ လူငယ်တွေ ပါပါသလား။

ဆရာလင်းသိုက်ညွှန့် ။ ။ ဟုတ်ကဲ့ ပါပါတယ်။ လာအိုနိုင်ငံ တက္ကသိုလ်တခုက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အရာရှိလူငယ်တစ်ယောက်ပါတယ်။ သူ့အသက်က ၂၅ နှစ်၊ နာမည်တော့ ကျနော် မေ့သွားပါပြီ။

အာရ်ကန်တိုင်းမ်စ် ။ ။ ဒီအစီအစဉ်ကနေ ဆရာ့ကို ဘာတွေအထောက်အပံ့ဖြစ်ပြီးတော့ ဘယ်လိုအိုင်ဒီယာတွေ ရရှိလာနိုင်မယ်လို့ ထင်မြင်ယူဆမိပါသလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော် ဒီကပြန်ရောက်ရင် အမေရိကန်ခရီးစဉ်အကြောင်းကို ခရီးသွားမှတ်တမ်း ရေးမှာပါ။ ခရီးသွားမှတ်တမ်း ရေးလာမယ့် စာအုပ်ကနေ မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်လူ့အဖွဲ့ အစည်းတွေဆီကနေ လေ့လာသင်ယူလို့ရတဲ့ ဟာလေးတွေကို မျှဝေသွားမှာဖြစ်ပါတယ်။ ရန်ကုန် ရွှေဂုံတိုင်မှာဖွင့်ထားတဲ့ ကျနော့်ရဲ့ ကျောင်းမှာလည်း ကျနော့်ရဲ့ ကျောင်းသားတွေကို အမေရိကန်လူ့ အဖွဲ့ အစည်းတွေဆီက လေ့လာသင်ယူလို့ ရတဲ့ဟာလေးတွေကို ပို့ချသွားမှာပါ။ အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်မြင်နေတာဟာ သယံဇာတ အရင်းအမြစ်ကြောင့်လည်း မဟုတ်ဘူး။ သူ့ရဲ့လူဦးရေကြောင့်လည်း မဟုတ်ဘူး။ ကောင်းမွန်တဲ့ စနစ် (System) တခုကို တည်ဆောက်ထားနိုင်လို့ ဖြစ်ပါတယ်။ (System) ရဲ့ အရှည်ကိုပြောရင် (Save yourself, time, effort, money) ပေါ့။ စနစ်ကောင်းအောင် လုပ်ထားနိုင်ရန် စနစ်မကောင်းတဲ့သူတွေထက် အချိန်ကုန်သက်သာမယ်၊ အားထုတ်ရတာသက်သာမယ်၊ ငွေကုန်သက်သာမယ်။ ကျနော်တို့ နိုင်ငံကို ပြန်လည်တည်ဆောင်တဲ့အခါမှာ ကျနော်တို့ က ဘယ်သူ့ ကိုမှလည်း အမုန်းအာဃာတ မရှိပါဘူး။ ဘာသာတရားအရလည်း ပဋိပက္ခဖြစ်စရာအကြောင်းမရှိပါဘူး။ ကောင်းမွန်တဲ့ စနစ်တခုကို ၀ိုင်းဝန်းတည်ဆောင်နိုင်မယ်ဆိုလို့ရှိရင် အားလုံးအကျိုးရှိမှာပါ။ ကျနော့်ဟောပြောပွဲတွေမှာလည်း အမေရိကန်ခရီးစဉ်အတွေ့အကြုံတွေကို ဟောပြောဖြစ်မှာပါ။

အာရ်ကန်တိုင်းမ်စ် ။ ။ ဆရာက မြန်မာနိုင်ငံမှာ အောင်မြင်ရေးဟောပြောပွဲတွေကို အောင်မြင်စွာကျင်းပနေတယ်။ ဆရာရဲ့ ထွက်ရှိသမျှစာအုပ်တွေဟာလည်း ရောင်းအားအကောင်းဆုံးစရင်းထဲမှာ ပါနေတယ်ဆိုတော့ ခုလိုအောင်မြင်တဲ့ စာရေးဆရာတယောက်ဖြစ်လာဖို့ ဘယ်အချိန်လောက်ကနေ စာစရေးဖြစ်ခဲ့တာပါလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော် စာရေးဖြစ်တာကတော့ ဟိုးငယ်ငယ်ကတည်းကပါ။ ဒါပေမဲ့ ကျနော့်ရဲ့ ပထမဆုံးစာမူက ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလထုတ် Beauty မဂ္ဂဇင်းမှာ "ကျနော့်အကြိုက်ဆုံး စာအုပ်တအုပ်" ဆိုတဲ့ ဆောင်းပါး စတင်ဖော်ပြခံရပါတယ်။ အဲဒီတုန်းက ကျနော့်အသက် ၁၄ နှစ်၊ န၀မတန်းပါ။

အာရ်ကန်တိုင်းမ်စ် ။ ။ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလထုတ် Beauty မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ ဆရာ့ရဲ့ "ကျနော့်အကြိုက်ဆုံး စာအုပ်တအုပ်"က ဘယ်စာအုပ်၊ စာရေးသူနှင့် ဘယ်လိုစာပေအမျိုးအစားပါလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ဟုတ်ကဲ့.. "မြန်မာ့ဂုဏ်ရည် သူရဲကောင်းများ" စာအုပ်ပါ။ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးတာပါ။ ကျနော်ရေးတဲ့ အကြောင်းအရာကတော့ ကျနော့်အသက် ၁၄ နှစ်က ကျန်ကျောင်း၊ ပေါင်ချိန်နှင့် ၀ူခုန်းတို့က ခေတ်စားပါတယ်။ ကျနော် ၁၄ နှစ်သား လူငယ်အရွယ် တယေက်အနေနဲ့ သူတို့တွေမှာ ဒီလို ကျန်ကျောင်း၊ ပေါင်ချိန်နှင့် ၀ူခုန်းစတဲ့ သူရဲကောင်းတွေရှိသလို ငါတို့ မြန်မာတွေမှာကော သူရဲကောင်းတွေ မရှိဘူးလားလို့ စဉ်းစားတဲ့အခါမှာ ဦးဖိုးကျားရဲ့ "မြန်မာ့ဂုဏ်ရည် သူရဲကောင်းများ" စာအုပ်ဟာ ကျနော့်အတွက် အဖြေတခုဖြစ်တဲ့အတွက် ကျနော် လူငယ်တယောက်ရဲ့ ရင်ဘတ်နဲ့ ခံစားပြီးတော့ မြန်မာ့သူရဲကောင်းတွေဆီက ဘာတွေလေ့လာသင်ယူလို့ ရတယ်ဆိုတာတွေကို ရေးထားတာပါ။

အာရ်ကန်တိုင်းမ်စ် ။ ။ ပြည်တွင်း ထုတ်ဝေတဲ့ ဂျာနယ်တွေမှာ ဆရာ ဆောင်းပါးပုဒ်ရေ ဘယ်လောက်ရေးပြီးပါပြီလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော် ဂျာနယ်တွေမှာ ဆောင်းပါးတွေ အတော်လေးရေးဖြစ်ပါတယ်။ ဆောင်းပါးပုဒ်ရေ ၁၀၀၀ ၀န်းကျင်လောက် ရေးပြီးပါပြီ။ အပတ်စဉ် ဂျာနယ် ၃ စောင်နှင့် လစဉ် မဂ္ဂဇင်း ၄ စောင်မှာ ဆောင်းပါးတွေ ပုံမှန်ရေးနေပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ လက်ရှိမှာ ဆရာ လုံးချင်းဝတ္ထုစာအုပ်၊ ဆောင်းပါးပေါင်းချုပ်စာအုပ်တွေ စုစုပေါင်း ဘယ်နှစ်အုပ်လောက် ရေးသား ထုတ်ဝေပြီးပါပြီလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော် ခုချိန်ထိ စုစုပေါင်း ၁၉ အုပ် ရေးသား ထုတ်ဝေပြီးပါပြီ။ ၀တ္ထုက ၆ အုပ်၊ ဆောင်းပါးပေါင်းချုပ်က ၁၃ အုပ်ပါ။

အာရ်ကန်တိုင်းမ်စ် ။ ။ ဆရာရဲ့ ထွက်ရှိသမျှ စာအုပ်တွေဟာ နိုင်ငံတွင်းမှာ ရောင်းရအကောင်းဆုံးစရင်းဝင်နေတယ်လို့  သိရပါတယ်။ ဆိုတော့ ဆရာ့ရဲ့ ထွက်ရှိပြီးသမျှ စာအုပ်တွေထဲမှာ ဘယ်စာအုပ်က ရောင်းအား အကောင်းဖြစ်ပါသလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော့်အတွက် လင်းသိုက်ညွှန့် (မြန်မာ့မြေ)လို့ ဖြစ်စေတဲ့ စာအုပ်က "မြန်မာတွေ အောင်မြင်ဖို့ " ဆိုတဲ့ စာအုပ်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထွက်ရှိခဲ့တဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ဟာ ခုချိန်ထိလည်း ရောင်းအားကောင်းနေဆဲ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ "မြန်မာတွေ အောင်မြင်ဖို့" ဆိုတဲ့ စာအုပ်ဟာ ဆရာ့ရဲ့ ထွက်ရှိပြီးသမျှ စာအုပ်တွေအနက် ဘာကြောင့် ခုလို ရောင်းအား အကောင်းဆုံးလို့ သုံးသပ်ထင်မြင်မိပါသလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ အမှန်အတိုင်း ၀န်ခံရရင် ကျနော်တို့ နိုင်ငံမှာ စာပေက Cool မီဒီယာလို့ ပြောရင် တီဗွီ၊ ရုပ်ရှင်နှင့် ရုပ်သံလိုင်းတွေက Hot မီဒီယာပေါ့လေ။ ပြည်သူလူထုတွေထဲမှာ Hot မီဒီယာက Cool မီဒီယာထက် လွှမ်းမိုးမှုရှိပါတယ်။ မှတ်မှတ်ရရ "မြန်မာတွေ အောင်မြင်ဖို့ "စာအုပ်က စထွက်တဲ့အချိန်မှာ သိပ်မရောင်းရပါဘူး။ MRTV4 က "မချမ်းငြိမ်းသူ" ထင်တယ်၊ သူက ကျနော့်ကို ဆရာရယ် စာအုပ်ပြခန်းရိုက်ကြအောင်ဆိုပြီးတော့ စိမ်းလန်းစိုပြေပန်းခြံမှာ တွေ့ ဆုံမေးမြန်းခန်းလေးတခု ရိုက်လိုက်ပါတယ်။ ကျနော်တို့ရဲ့ စာအုပ်ပြခန်း တွေ့ဆုံ မေးမြန်းခန်းကို MRTV4 က တရက်တည်းမှာ ၂ ကြိမ်လွှင့်ထုတ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ဟာ သင်္ကြန်ရုံးပိတ် အားလပ်ရက် ဖြစ်နေတဲ့ခါကျတော့ လူတွေကလည်း အိမ်ထဲမှာရှိနေပြီး အတော်လေး ကြည့်ဖြစ်သွားကြတယ်။ ကျနော်ပြောတဲ့ဟာတွေကိုလည်း လူတွေက သဘောကျလို့ လားမသိပါဘူး (ရယ်လျက်) စာအုပ်တွေဝယ်ရင်းကနေ နောက်ပိုင်းမှာ ကျနော့်ကို "မြန်မာတွေ အောင်မြင်ဖို့ "ဆိုတဲ့ စာအုပ်နဲ့  လူပိုသိလာခဲ့တယ်လို့ ကျနော်ထင်ပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ ဆရာ့ရဲ့ ထွက်ရှိပြီးသမျှ စာအုပ်များအနက် "နိုင်ငံကြီးသားပီသဖို့ " ဆိုတဲ့ စာအုပ်က ဘာကြောင့် အမြို့မြို့ဆိုင်တိုင်းမှာ ၀ယ်ယူလို့ မရရှိနိုင်တာပါလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ "နိုင်ငံကြီးသားပီသဖို့" ဆိုတဲ့ စာအုပ်က ကျနော့်အသက် ၁၆ နှစ် ၂၀၀၂ ခုနှစ်မှာ စထွက်တာပါ။ ခလေးတယောက်အနေနဲ့ ရေးထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ ကျနော်နာမည်ရလာတဲ့အချိန်မှာ ဒီစာအုပ်ကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေဖို့ ကြည့်တဲ့အချိန်မှာ ကျနော့်ကိုကျနော် ဘယ်လိုမှ အားမလိုအားမရဖြစ်မိတဲ့ အရေးအသားတွေကို တွေ့ရတဲ့အတွက် ပြန်လည် မထုတ်ဝေဖြစ်ပါဘူး။ ကျနော့်လက်ထဲမှာတောင် သုံးလေးအုပ်လောက်ပဲ ရှိပါတော့တယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ မြန်မာနိုင်ငံထဲမှာ ဟောပြောပွဲ စုစုပေါင်း ဘယ်နှစ်ပွဲလောက် ကျင်းပပြီးပါပြီလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော် ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာ နယ်မြို့ရွာတွေအပါအ၀င် အတော်လေး ဟောပြောဖြစ်ပါတယ်။ စုစုပေါင်း ဟောပြောပွဲသက်သက် ၅၀ ကျော်လောက်ရှိပါပြီ။ ဒါ ရန်ကုန်မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ဟောပြောပွဲတွေ မပါဘဲနဲ့ ပေါ့လေ။

အာရ်ကန်တိုင်းမ်စ် ။ ။ ဆရာ့ရဲ့ ရေးသားထုတ်ဝေပြီးသမျှ စာအုပ်တွေကို လူကြိုက်လည်းများတယ်။ အောင်မြင်ရေး ဟောပြောပွဲတွေကိုလည်း အောင်မြင်စွာနဲ့ ကျင်းပဖြစ်နေတယ်လို့ သိရပါတယ်။ ဆိုတော့ ဆရာအနေနဲ့ စာဖတ်ပရိတ်သတ်ရဲ့ အားပေးမှုကို ဘယ်အချိန်ကနေစပြီး ရရှိလာတယ်လို့ ခံစားမိပါသလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော် ခုနားကပြောတဲ့ "ကျနော့်အကြိုက်ဆုံး စာအုပ်တအုပ်" ဆိုတဲ့ ဆောင်းပါးနဲ့ အသက် ၁၄ နှစ်လောက်ကတည်းက စာတွေစရေးခဲ့တာပါ။ ၂၄ နှစ်၊ ဆယ်စုနှစ်တခုတိုင်တိုင် မထင်မရှားနဲ့ စာပေလောကကို ဖြစ်သန်းလာခဲ့ပြီးနောက်ပိုင်း၂၆ နှစ်အရွယ်လောက်မှာ Sky Net, MRTV4 နှင့် ဂျာနယ် 7 တို့ ကနေ ထုတ်လွှင့်တဲ့ ကျနော့်ရဲ့ အောင်မြင်သော စကား (Successful Talk)၊ စာအုပ်ပြခန်းနှင့် လူကြိုက်များသော ပြောဆိုဆွေးနွေးခန်း (Popular Chat Room) တွေက ကျနော့်ရဲ့ အစီအစဉ်တွေကို ကြည့်ရာကနေ ကျနော့်ရဲ့ စာအုပ်တွေကိုပါ ဖတ်ဖြစ်လာကြတယ်လို့ ထင်မိပါတယ်။ အလွန်ဆုံးရှိရင် ကျနော့်ကို အသိအမှတ်စပြုတာ ၁ နှစ်ခွဲ ၂ နှစ် လောက်ပဲရှိပါသေးတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ ဆရာ့ရဲ့ စာအုပ်တွေမှာရော ဟောပြောပွဲမှာပါ ဆရာက အောင်မြင်ရေးအကြောင်းအရာတွေကို အဓိကထားပြီး ဟောပြောတဲ့ လူငယ်စာရေးဆရာ တယောက်လည်း ဖြစ်တယ်ဆိုတော့ အောင်မြင်ရေးအတွက် အဓိက အခြေခံအကျဆုံး အချက်အလက်တွေက ဘာတွေလဲဆိုတာကို ဆရာအတွေ့အကြုံနဲ့ယှဉ်ပြီး နည်းနည်းပြောပြပေးပါလား။

ဆရာလင်းသိုက်ညွှန့် ။ ။ အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့ခါ တစ်ဦးနဲ့တစ်ဦး ဖွင့်ဆိုပုံချင်း မတူညီကြပါဘူး။ ပိုက်ဆံချမ်းသာချင်တဲ့လူက ပိုက်ဆံတွေအများကြီးရလာရင် အောင်မြင်တယ်လို့ သတ်မှတ်တယ်။ နာမည်ကြီးချင်တဲ့လူက နာမည်ကြီးလာရင် အောင်မြင်တယ်လို့ သတ်မှတ်တယ်။ အများအကျိုး ပရဟိတလုပ်ချင်တဲ့လူကလည်း များများပေးဆပ်ရလေ အောင်မြင်တယ်လို့ သတ်မှတ်တယ်။ လူတိုင်းက ကိုယ့်ဖာသာကို အောင်မြင်မှုကို သတ်မှတ်ပိုင်ခွင့် (Right) ရှိကြတယ်ပေါ့လေ။ ပိုက်ဆံမက်တဲ့လူကို လူဆိုးလောဘသားလို့ သတ်မှတ်လို့ မရပါဘူး။ အဓိကက ငွေကြေးကို ဘယ်လိုရှာမလဲ (How to find the Money) ပေါ့လေ။ ကျင့်ဝတ်နဲ့ အညီ ရှာတယ်ဆိုရင် ပိုက်ဆံမက်တဲ့သူက ဒါဟာ သူ့ရဲ့ အခွင့်အရေး (Right)ပဲ ဖြစ်ပါတယ်။ ပိုက်ဆံမက်တဲ့သူတွေရှိလို့လဲ သန်းကြွယ် ကုဋေကြွယ် သူဌေးတွေရှိလာကြတာပဲလေ။ အောင်မြင်တာကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုလို့ရပါတယ်။ အများနဲ့သက်ဆိုင်တဲ့ အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ မိမိတို့ရဲ့ ပြီးမြောက်အောင်မြင်မှု (achievement )ကြောင့် စိတ်ကျေကျေနပ်နပ်နဲ့  ခံစားလိုက်ရမှုကို အောင်မြင်မှုလို့ ခေါ်ပါတယ်။ အောင်မြင်မှုမှာ အဓိက ၀ိသေသလက္ခဏာ ၂ ခုပါပါတယ်။ နံပါတ်(၁) ရိုးသားမှု (Honest)၊ ကိုယ်အောင်မြင်ဖို့အတွက် ဘယ်သူ့ကိုမှ ခြေမထိုးရဘူး။ နံပါတ် (၂) စိန်ခေါ်မှု (Challenge) ရှိရပါ့မယ်။ သုံးယောက်ပြိုင်လို့ တတိယရတာဟာ အောင်မြင်မှု မဟုတ်ပါဘူး။ ရိုးသားပြီး စိန်ခေါ်မှုရှိမှ ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်တယ်ဆိုရင် ဒါ အောင်မြင်မှုလို့ သတ်မှတ်လို့ရပါတယ်။ အောင်မြင်မှုကို ရရှိနေတဲ့သူတွေဟာ အရှုံးတွေကို ရင်ဆိုင်ကျော်လွှားဖြတ်သန်းပြီးမှ အောင်မြင်မှုကိုရရှိ ခံစားလာကြရတာပါ။ အဲဒီအရှုံးတွေကို ရင်ဆိုင်တုန့်ပြန်ပြီးမှ အောင်မြင်မှုရတယ်ဆိုတာကို သိစေချင်ပါတယ်။ လူငယ်တွေ အတွက်ကတော့ ဘ၀မှာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် အဓိက အချက် ၃ ချက် ဖြည့်ဆည်းဖို့ လိုပါတယ်။ (၁) အခြေခံဗဟုသုတ (Knowledge)၊ (၂) စွမ်းရည် (Skill) နှင့် (၃) စိတ်နေစိတ်ထား (Attitude) စတဲ့ အချက် ၃ သုံးချက် ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ပထမအချက် အခြေခံဗဟုသုတ (Knowledge) ပေါ့၊ ဒီ ဗဟုသုတတွေကတော့ စာဖတ်ခြင်းနှင့် အလွတ်သင်ယူလေ့လာမှု (informal Learning) တွေကနေ ရပါတယ်။ ဒုတိယတချက်ကတော့ စွမ်းရည် (Skill) ရှိရပါမယ်။ ကိုယ်က အင်ဂျင်နီယာဆိုရင် အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ စွမ်းရည်၊ ဆရာဝန်ဆိုရင် ဆရာဝန်နဲ့ ပတ်သက်တဲ့ စွမ်းရည် ရှိရပါ့မယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ပြောစကားအရဆိုရင်တော့ ဒီ ၂ ခုရှိတယ်ဆိုရင် ဒါ လူတော်ဖြစ်သွားပြီးပေါ့။ ဒါပေမဲ့ ကျနော်တို့ လူကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တတိယမြောက်အနေနဲ့ စိတ်နေစိတ်ထား (Attitude) ရှိရပါ့မယ်။ လူတယောက်မှာ (knowledge)၊ (skill) နှင့် (Attitude) စတဲ့ အချက်သုံးချက် ရှိသွားပြီဆိုရင်တော့ အောင်မြင်မှုရရှိဖို့အတွက် အတော်လေးနီးစပ်သွားပါပြီ။ အရေးကြီးဆုံး နောက်ဆုံးအချက်တခုအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (Learning) ရှိဖို့လည်း လိုအပ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဘ၀တသက်တာ စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (life long continuing learning) ရှိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာအရဆိုရင် သေရင်တောင် သင်ယူမှုက မရပ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နောက်ဘ၀မှာ ဆက်သင်ရအုံ့မယ်။ သံသရာတခုလုံး နိဗ္ဗာန်ကို မရောက်မချင်း လေ့လာသင်ယူရမှာဖြစ်တဲ့အတွက် အောင်မြင်ချင်တဲ့ လူငယ်တွေအတွက် လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့ ။ (knowledge, Skill နှင့် Attitude) တွေကို များသထက် များအောင်ဖြည့်ပါ၊ ဒါဆိုရင်တော့ အနှေးနဲ့ အမြန် အောင်မြင်လာမှာဖြစ်ပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ မြန်မာနိုင်ငံထဲမှာ ဆရာ့ရဲ့ စာပေဟောပြောပွဲတွေကနေ လူငယ်တွေအတွက်ရော မြန်မာ့လူ့အဖွဲ့အစည်း အတွက်ပါ ဘယ်လို အကျိုးကျေးဇူးများ ရရှိစေ နိုင်တယ်လို့ ယေဘုယျ ပြောလို့ ရနိုင်ပါမလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော်ပြောချင်တာက ကျနော်တို့ နိုင်ငံမှာ လူငယ် စာပေဟောပြောတဲ့သူတွေ (Speakers)လည်း နည်းပါတယ်။ ကျနော် အငယ်ဆုံးပါ။ ကျနော်ထက် ငယ်တာ မရှိပါဘူး။ ကျနော်ပြီးရင် ကျနော်နဲ့ အနီးဆုံး ဆရာညီမင်းညို၊ သူက အသက် ၄၀ ပတ်ဝန်းကျင် ရှိပါပြီ။ လူငယ်တွေ ဟောပြောနိုင်တဲ့ အဆင့်ထိ ရောက်ဖို့ ကြိုးစား စေချင်ပါတယ်။ လူကြီးတွေကလည်း နေရာပေးစေချင်ပါတယ်။ ကျနော်တို့ စာပေဟောပြောပွဲတွေမှာ အစိုးရကို မကောင်းပြောနေတယ်။ နိုင်ငံရဲ့ လိုအပ်ချက်တွေကို ရီစရာဟာသတွေလုပ်ပြီး ထောက်ပြနေတယ်။ လက်ခုပ်တွေတီးပြီး ဘေးထိုင်ဘုပြောနေတယ်လို့ ပြည်သူအချို့နှင့် အစိုးရကပါ ဝေဖန်ပါတယ်။ စာပေဆိုတာ ခေတ်ကိုထင်ဟပ်ပြီး ပြောရတာဖြစ်တဲ့အတွက် ခေတ်မကောင်းရင် ကျနော်တို့ပါးစပ်က မကောင်းတဲ့ စကားတွေထွက်မယ်။ ကျနော်တို့ စာပေဟောပြောပွဲတွေမှာ အစိုးရမကောင်းရင် မကောင်းတဲ့အကြောင်း ပြောပါတယ်။ အစိုးရမကောင်းရင် ဒီအတိုင်းပဲနေဆိုပြီးတော့ ပြည်သူလူထုကို ဒီအတိုင်းပဲ ထားခဲ့တာ မဟုတ်ပါဘူး။ ဒီခေတ်ကိုကောင်းအောင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကောင်းအောင် ဘယ်လိုတည်ဆောက်ဆောက်မလဲ (How to) ဆိုတဲ့ ဖြေရှင်းချက် အဖြေ (Solution)ကို ကျနော်တို့က ပေးခဲ့ပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ လူငယ်စာရေး ဆရာတယောက်အနေနဲ့ ဒီကနေ့ မြန်မာ့စာပေလောကအပေါ် ဘယ်လိုရှု မြင်ပါသလဲ ဆရာ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကျနော်တို့ စာပေလောကမှာ ပြောင်းလဲမှု အနည်းနဲ့ အများရှိလာပါပြီ။ ကျနော်နဲ့ဆိုင်တဲ့ ပြောင်းလဲမှုကို ပြောရရင် ပြန်ကြားရေးဝန်ကြီးဌာနကနေ ဒီနှစ်အတွက် အမျိုးသား စာပေဆု ရွေးချယ်ရေးကော်မတီမှာ ကျနော့်ကို ထည့်ထားပါတယ်။ ဒီနှစ်အတွက် လူငယ် စာပေဆု ရွေးချယ်ရေး ကော်မတီမှာ ကျနော်ပါပါတယ်။ ထုံးတမ်းအစဉ်အလာအရ မြန်မာနိုင်ငံမှာ အသက် ၂၇ အရွယ် လူငယ်တယောက်ကို သိပ်အသိအမှတ်ပြုရိုးမရှိပါဘူး။ လူငယ် စာပေဆု ရွေးချယ်ရေး ကော်မတီမှာ ကျနော်ပါတော့ ကျနော်က ကော်မတီကို တင်ပြပါတယ်၊ မြန်မာနိုင်ငံမှာ ထူးခြားတာတခုက အမျိုးသား စာပေဆုရတဲ့ စာအုပ်တွေဟာ ပြည်သူလူထုနဲ့ ကင်းကွာနေပါတယ်။ စာပေဆိုတာကိုက လူထုနဲ့ နီးစပ်ဖို့အတွက်ပါ။ ဒါကြောင့် နီးစပ်အောင်လုပ်ဖို့အတွက် အစိုးရအနေနဲ့ရော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေမှာပါ တာဝန်ရှိပါတယ်။ ပြည်သူလူထုကိုချည်း အပြစ်ပြောလို့မရပါဘူး။ စာရေးဆရာတွေကလည်း လူထုစိတ်ဝင်စားအောင် ရေးသားဖို့ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိတဲ့အနက် အများဆုံးထုတ်ဝေတဲ့ စာအုပ်အရေအတွက်ဟာ ၁၀၀၀ တစ်ထောင်ဆိုတာ နိုင်ငံရဲ့ အနာဂတ် အသိဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန် အန္တရာယ်ရှိတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောင်အနှစ် ၂၀ ကြာရင် စာရေးဆရာဖြစ်ချင်တယ်ဆိုတဲ့ ခလေးတွေကို ဟေ့ နင်ထမင်းငတ်ချင်လားဆိုတဲ့ စကားမျိုးကို မပြောကြပဲ မိဘတွေကလည်း တာဝန်ကျေဖို့ လိုအပ်ပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ စာရေးဖို့ ၀ါသနာပါတဲ့ လူငယ်တွေ၊ သတင်းရေးဖို့ ၀ါသနာပါတဲ့လူငယ်တွေကို ဆရာအနေနဲ့ ဘာတွေ၊ ဘာများအကြံပြု ပြောကြားချင်ပါသလဲ။

ဆရာလင်းသိုက်ညွှန့် ။ ။ ကောင်းပါတယ် ခင်ဗျ၊ စာပေနှင့် မီဒီယာတွေဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်း(industry) တွေပဲ ဖြစ်ပါတယ်။ စာပေတို့၊ မီဒီယာတို့ ဆိုတာက တကယ့် ဒီမိုကရေစီထွန်းကားတဲ့ ဥရောပလိုနိုင်ငံတွေ၊ အမေရိကန်နိုင်ငံတွေမှာ ကျနော်တို့ အားလုံးသိတဲ့အတိုင်း စီးပွားရေးအရလည်း အမြတ် (profit)အမြောက်အများ ထုတ်ပေးတဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာက စာပေနှင့် သတင်းမီဒီယာလုပ်ငန်းက ခုမှ လောင်းရိပ်အောက်က လွတ်ခါစ၊ ဖွံ့ဖြိုးတိုးတက်စပဲ ရှိပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်တဲ့အခါ စတုတ္ထမဏ္ဍိုင်လို့ ပြောတဲ့ မီဒီယာလုပ်ငန်းဟာ မရှိမဖြစ် ကောင်းမွန်အောင် တည်ဆောက်ဖို့ လိုပါတယ်။ စာပေလောကသားတွေ၊ မီဒီယာလောကသားတွေက မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်ကြရပါမယ်။ ဒါမှ ကမ္ဘာ့စာပေလောက၊ ကမ္ဘာမီဒီယာလောကနဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်မှာဖြစ်ပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ အပြန်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ကော ဘယ်နေ့ ဘယ်ရက်မှာ ဘယ်လေကြောင်းလိုင်းနဲ့ ပြန်ပြီးတော့ ဘယ်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ဆိုက်ရောက်မယ်ဆိုတာကိုလည်း ပြောပြပေးပါလား ဆရာ။

ဆရာလင်းသိုက်ညွှန့် ။ ။ သြဂုတ်လ ၃ ရက်နေ့မှာ ကျနော်တို့ ၀ါရှန်တန်ကနေ ပြန်မှာပါ။ လေကြောင်းလိုင်းက အမေရိကန်လေကြောင်းလိုင်း (united Airway)ပါ။ ဂျပန် နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်(Narita International Airport) မှာ လေယဉ်အပြောင်းအလဲ (Transit) လုပ်ပါမယ်၊ ဘန်ကောက်မှာလေဆိပ်မှာ တခါထပ်လုပ်ပါမယ်။ ရန်ကုန်ကိုတော့ သြဂုတ်လ ၅ ရက်နေ့ လောက်မှာ ရောက်မှာပါ။ သြဂုတ်လ ၁၁ ရက်နေ့ မှာ ရန်ကုန် အမျိုးသားဇာတ်ရုံမှာ ကျနော့် ဟောပြောပွဲ တပွဲရှိပါတယ်။

အာရ်ကန်တိုင်းမ်စ် ။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ပြောချင်တာတွေရှိရင် ထပ်ဖြည့်ပြီး ပြောပေးပါ ဆရာ။

ဆရာလင်းသိုက်ညွှန့် ။ ။ အမေရိကန်နိုင်ငံက ကျနော်တို့တွေ လေ့လာသင်ယူစရာတွေ အများကြီးရှိပါတယ်။ ကျနော် သဘောကျတာက ဒီနိုင်ငံက အိမ်တွေ တော်တော်များ၊ အဆောက်အဦးတွေ တော်တော်များများမှာ အမေရိကန်အလံတွေ လွှင့်တင်ထားတာတွေ့ ရပါတယ်။ အမေရိကန်စိတ်ဓာတ်တွေ ရှိကြပါတယ်။ သဘောကျတယ်ဆိုတာက ကိုယ့်နိုင်ငံအတွက် သဘောကျတာပါ။ ကျနော်တို့ နိုင်ငံမှာက အစိုးရအဆက်ဆက်ရဲ့ ပုံသွင်းမှုကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်ကြီးလေးစား တန်ဖိုးထားတဲ့စိတ်တွေ အတော်လေး လျော့ပါးလာတာတွေ့ ရပါတယ်။ အဲလိုလျော့ပါးလာအောင် အခြေအနေတွေက တကယ်လည်း ရှိခဲ့တာဆိုတော့ ပြည်သူလူထုကို အပြစ်ပြောလို့ မရပါဘူး။ ဒါပေမဲ့ အခု ကျနော်တို့ သမိုင်းရဲ့ လမ်းဆုံလမ်းခွ၊ ဒီမိုကရေစီ စနစ်သစ်မှာ အကောင်းဆုံး အမျိုးသားတွေ၊ အမျိုးသမီးတွေကို ဖန်တီးလို့ မရပေမယ့် စံထားလောက်တဲ့ အကောင်းဆုံး အသင်းအဖွဲ့တွေကို ဖန်တီးလို့ ရပါတယ်။ အဲဒီကမှ တဆင့် စံထားလောက်တဲ့ အကောင်းဆုံး လူမှုအဖွဲ့အစည်းအသိုက်အမြုံ ဖြစ်လာအောင် ကျနော်တို့တွေ အားလုံးက ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်ကြမယ်ဆိုရင် ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးဟာ ကမ္ဘာပေါ်မှာ ရောက်သင့်ရောက်ထိုက်တဲ့ နေရာတခုကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

0 comments to “ဆယ်စုနှစ်တစ်ခုတိုင်ကြာပြီးမှ “မြန်မာတွေ အောင်မြင်ဖို့” စာအုပ်နဲ့ လူပိုသိလာတယ်ဆိုတဲ့ စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)နဲ့ တွေ့ဆုံမေးမြန်းခြင်း”

Post a Comment