Wednesday, August 21, 2013

"လွှတ်တော်တွင်း မေးခွန်းမေးမြန်းဘို့ အချိန်ကန့်သတ်ချက် ပေးရန်လိုပြီလား"

,
  • ကိုသန်းဇော်ညွန့်ရေ…ဒီနေ့လည်း ပြောချင်ဆိုချင်တာတွေရှိလာပြန်တယ်ဗျာ။ ကိစ္စက မနေ့က လိုပါဘဲ။ မေးခွန်းမေး မြန်းတဲ့အချိန်မှာ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က အချိန် (၁၀) မိနစ်လောက်သုံးပြီး သူရေးလာခဲ့တဲ့ စာ (၃) ရွက် လောက်ကိုဖတ်ပြလိုက်တာ ဦးရွှေမန်းက (၂) ကြိမ်တိတိ မေးခွန်းသာမေးမြန်းဘို့ သတိပေး ဟန့်တားတာခံရတယ်။ မနေ့ ကတော့ ရေဖြူအမတ် ဦးဝင်းဦး ရှည်ရှည်ဝေးဝေးပြောနေလို့ ဟန့်တားခံခဲ့ရတယ်။ အမှန်တကယ်ကတော့ဗျာ… လွှတ် တော်ကိုယ်စားလှယ် တော်တော်များများကလွှတ်တော်ရုံးက ရေးပြီး လာတင်ပေးထားတဲ့ မေးခွန်းအတိုင်း မမေးလိုကြ ဘူးဗျ။ မိမိမေးခွန်းနဲ့ပတ်သက်ပြီးဘာကြောင့် မေးရတယ်ဆိုတာကြားရတဲ့သူ နားလယ် အောင်ရှင်းပြချင်ကြတာဗျ။ အဖြစ်အပျက်တွေကမခံမရပ်နိုင်အောင်ဘဲ မတရားလွန်းဘူးဆိုရင် ကိုယ်ခံစားရသလို  ကြားရတဲ့သူအပေါင်းကိုလည်း  ခံ စား သွားစေချင်ကြတယ်။ အစိုးရကလည်း Good governance ၊ Clean Government ဖြစ်အောင်လုပ်ပါ့မယ်လို့ နိုင်ငံတော်သမ္မတက ကြွေးကြော်ထားလေတော့ လွှတ်တော်အမတ်တွေကော ပြည်သူတွေကပါ မျှော်လင့်ချက် ထားကြတာပေါ့ဗျာ။ ဒါကြောင့် မေးခွန်းမေးမြန်းရခြင်းရဲ့ နောက်ခံအခြေအနေကို ရှင်းပြလိုကြတာပါ။
  •      လွှတ်တော်ဥက္ကဌ အနေနဲ့ကတော့ အစည်းအဝေးအချိန်ကို တတ်နိုင်သမျှ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် အ သုံးချလိုတယ်။ မေးခွန်းမေးမြန်းလိုတဲ့သူကသိပ်များလွန်းတော့ အားလုံးကိုလည်းမျှတတဲ့ အခွင့်အရေးရစေချင်တယ်။ ဒါကြောင့် စာထဲမှာ ရေးတင်ထားတဲ့အတိုင်းမေးပါလို့ လွှတ်တော်ကိုယ်စားလှယ်များကို ပန်ကြားရခြင်းဖြစ်ပါတယ်လို့ ရှင်းပြတယ်။ ဒီတပါတ်မှာ မေးခွန်းပေါင်း တစ်ထောင်ကျော်တောင်ရောက်တယ်တဲ့ဗျား။ အဲဒီအထဲကမှ ၅ ပုံ ၁ ပုံ ( ၂၀၀) လောက်ဘဲ ဒီတပါတ် ဖြေဆိုနိုင်မှာဖြစ်တဲ့အကြောင်းလည်းရှင်းပြတယ်ဗျ။ အဲဒီတော့ ဥက္ကဌပြောတဲ့ စာထဲမှာရေး ထားတဲ့ အတိုင်းဆိုတာ ကျနော်တို့မေးခွန်းမေးဘို့ လွှတ်တော်ရုံးကို ကြယ်ပွင့်ပြမေးခွန်းတင်စဉ်မှာကတဲက ရေးတင်လိုက်တဲ့စာကို ဆိုလိုတာဆိုရင်တော့ မဆိုးပါဘူးလို့ပြောရမှာပေါ့။ ဒါပေမဲ့လည်း ပြဿနာတစ်ခုရှိပြန်တာက မေးခွန်းမေးမြန်းစဉ် က တည်းကိုက နောက်ခံအဖြစ်အပျက်တွေနဲ့ ဇတ်ကြောင်းရယ်စုံလင် ရေးထားပြီး မေးထားတဲ့ဟာမျိုးဖြစ်နေရင်လည်း အချိန်က ၁၀မိနစ် ၁၅မိနစ်လောက်သွားမှာဘဲ။ ဒါဆိုရင်အချိန်တွေ အလဟဿကုန်မှာဖြစ်တဲ့အပြင် မသက်ဆိုင်တဲ့ အမတ်တွေကလည်း နားကြားပြင်းကပ်လာတတ်တယ်ဗျ။ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်းကို နားမထောင်ချင် အောင်ဖြစ်မိတတ်ကြတယ်။
  •      အဲဒီတော့ မေးခွန်းမေးတဲ့အခါ ၃ မိနစ်ဘဲကြာပါစေ။ ဆိုတာမျိုး အချိန်နဲ့ ကန့်သတ်တာလုပ်လိုက်ရင်ကောင်းမယ်လို့ ထင်တယ်ဗျာ။ လိုအပ်လို့ ဥက္ကဌက ပြည့်ပြည့်စုံစုံရှင်းပြပေးပါလို့ တောင်းဆိုရင် ၁၀ မိနစ်- ၁၅ မိနစ်လောက်ခွင့်ပြုတာ မျိုးပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ရုံးက ရေးထားပေးတဲ့ မေးခွန်းကလည်း တိုတောင်းလွန်းတော့ အမတ်တွေက အဲဒီအတိုင်းဘဲမေးဘို့ ကိုတော့သိပ်လိုလိုချင်ချင်မရှိကြဘူးဗျ။
  •      မေးခွန်းတွေကိုစာနဲ့ ရေးတင်ပြီးမေးတဲ့အချိန်မှာ သက်ဆိုင်ရာက ပြည့်ပြည့်စုံစုံ သိရှိနိုင်အောင် ကိုယ်ပြော ချင် တင်ပြ ချင်တာတွေကို ရေးပို့လို့ရပါတယ်။ အဲဒီအချိန်မှာ အဖြစ်အပျက်တွေရော၊ ကိုယ်ဖြစ်စေချင်တာတွေရော၊ အကြံပေးလို တာတွေရော ရေးပို့နိုင်ပါတယ်။ သို့သော် ပြန်လာဖြေတဲ့ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုဝန်ကြီးက ကိုယ်ဖြေစေချင် သလို ဖြေလိမ့်မယ်လို့တော့ တထစ်ချ မျှော်လင့်လို့မရဘူးပေါ့။ သူတို့ကလည်း အဲဒီ ပြဿနာဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဟိုတုံး က တာဝန်ယူလုပ်ခဲ့တဲ့ပုဂ္ဂိုလ် တွေကိုဘဲ ပြန်လည်မေးမြန်းပြီး လာဖြေတာဖြစ်လေတော့ အားလုံးက ဥပဒေနဲ့ မညီ ညီအောင် စားပွဲပေါ်မှာ အဆင်သင့်လုပ်ထားပြီးသားပေါ့ဗျာ။ မှန်မှန်ကန်ကန် လုပ်ထားတာတွေလည်း အတော်အသင့်ရှိကောင်းရှိမှာပါ။ အားလုံး လို့တော့ ကျနော်မဆိုလိုပါဘူး။
  •        ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ… Good governance ၊ Clean government တကယ်ဖြစ်ချင်တယ်ဆိုရင်တော့ အရင်ခေတ် က မတော်မတရားဖြစ်ခဲ့တာတွေကို ပွင့်လင်းမြင်သာစွာ ပြန်လည်စစ်ဆေးပေးဘို့တော့လိုလိမ့်မယ်ဗျ။ ဒီလိုမှ မလုပ်ပေး နိုင်ရင်တော့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိဘို့ သိပ်မလွယ်ဘူးလို့ ကျနော်ထင်တယ်။
  •                        ဒီနေ့တော့ ဒီလောက်နဲ့ဘဲ တော်တော့မယ်ဗျာ။ ခင်ဗျားလည်း ပြောချင်တာရှိရင် ကွန်မင့်လေးဘာ လေးပေးပါအုံး။
  •                                                                                                   ရဲထွန်း ( သီပေါ )

0 comments to “"လွှတ်တော်တွင်း မေးခွန်းမေးမြန်းဘို့ အချိန်ကန့်သတ်ချက် ပေးရန်လိုပြီလား"”

Post a Comment