Friday, August 9, 2013

ဆီးရီးယားသမ္မတ အာဆတ်၏ နေအိမ်အနီး လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

,


ဒမတ်စကတ်၊ သြဂုတ် ၈

ပြည်တွင်းစစ် ဖြစ်လျက်ရှိသော ဆီးရီးယားတွင် သမ္မတ အာဆတ် နေထိုင်သော စံအိမ်အနီးသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ခဲ့ကြောင်း ဆီးရီးယား အတိုက်အခံများနှင့် အဆိုပါရပ်ကွက် အတွင်း နေထိုင်ကြသူများ၏ အတည်ပြုချက်အရ Al Jazeera သတင်း တစ်ရပ်က ဖော်ပြထားသည်။

ထို့ပြင် သမ္မတ အာဆတ် စီးနင်း လိုက်ပါလာသော ယာဉ်တန်းကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ရန် ကြိုးပမ်းမှု တစ်ရပ် ဖြစ်ခဲ့ကြောင်းလည်း ယင်းသတင်းက ဆိုသည်။

သို့သော် အဆိုပါ သတင်းများသည် ကောလာဟလများသာ ဖြစ်ကြောင်း ဆီးရီးယား ပြန်ကြားရေး ဝန်ကြီး အွန်ရမ်ဇို အာဘီက ငြင်းဆန်ခဲ့သည်။

ဆီးရီးယား သမ္မတ အိမ်တော်အနီး ပစ်ခတ် တိုက်ခိုက်ခံရသည် ဆိုသော သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဆီးရီးယား အစိုးရပိုင် ရုပ်သံလိုင်းတွင် သမ္မတ အာဆတ်က ဗလီဝတ်ကျောင်း တစ်ကျောင်းတွင် လာရောက် ဝတ်ပြု ကိုးကွယ်နေသည့်ပုံကို တင်ဆက် ပြသခဲ့သည်။

မွတ်ဆလင်တို့၏ ဥပုသ်လ ရာမန်ဒန် ပြီးဆုံးခြင်း အထိမ်းအမှတ်အဖြစ် ဝတ်ပြု ကိုးကွယ်ခြင်းကို အူမာရတ် ဗလီတွင် ဆီးရီးယား သမ္မတ အာဆတ် ကိုယ်တိုင် ဦးဆောင်ပြီး လာရောက် ကျင်းပမည် ဖြစ်ကြောင်း သတင်း ဖော်ပြချက်များက ဆိုထားသည်။

သမ္မတ နေထိုင်ရာ အိမ်တော် အနီးသို့ တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း အသံ ကြားခဲ့ရသည်ဟု ယင်းရပ်ကွက်နေ ပြည်သူများက အတည်ပြုပေးခဲ့သော် လည်း သမ္မတ ယာဉ်တန်း တိုက်ခိုက်ခံရသည့် သတင်းကိုမူ မျက်မြင် အတည်ပြုပေးမည့်သူ မရှိသေးကြောင်း လူမှု မီဒီယာများတွင်သာ အဆိုပါ သတင်း ပျံ့နှံ့နေခြင်း ဖြစ်ကြောင်း Al Jazeera သတင်းဌာန၏ လက်ဘနွန် အခြေစိုက် သတင်းထောက် နစ်စ်ရင်းအယ်ရှာ မာလာက ပြောကြားခဲ့သည်။

သမ္မတ နေထိုင်ရာ မာကီခရိုင်ဘက်မှ မီးခိုးလုံးများ တက်လာသည်ကို youtube တွင် ဗီဒီယိုဖိုင်များ တက်လာနေပြီး Al Jazeera က ယင်းမီးခိုးများ သည် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သော မီးခိုးများ ဟုတ် မဟုတ်ကို အတည် မပြုနိုင်သော်လည်း ဒေသခံများကမူ ပေါက်ကွဲသံများ ကြားရကြောင်း ဆိုကြသည်။

“ဒီဧရိယာဟာ အာဆတ် နေထိုင်ပြီး ရုံးစိုက်တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီနေရာဟာ ဈေးကြီးပြီး လူချမ်းသာတွေ နေတဲ့ ရပ်ကွက် ဖြစ်ပြီးတော့ လုံခြုံရေးလည်း ကောင်းပါတယ်”ဟု သတင်းထောက် အယ်ရှာမာလာက ပြောကြားသည်။

Liwa al-Islam အဖွဲ့က အာဆတ် နေထိုင်ရာ ရပ်ကွက်ကို ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း Liwa al-Islam ကို ပြောကြားခဲ့ပြီး အာဆတ်၏ ယာဉ်တန်း ကိုလည်း ဒုံးကျည်များဖြင့် ပစ်ခဲ့ကြသည်။ ဒဏ်ရာရ သေဆုံးမှုများ ရှိကြောင်း လည်း ဆိုထားသည်။

Source__The Voice

0 comments to “ဆီးရီးယားသမ္မတ အာဆတ်၏ နေအိမ်အနီး လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ”

Post a Comment