Monday, August 19, 2013

စာရေးဆရာ မင်းလူ ဈာပန အနုပညာရှင်များနှင့် နိုင်ငံရေးသမားများ တက်ရောက်

,


ရန်ကုန်၊ သြဂုတ် ၁၈

စာရေးဆရာ မင်းလူ (အမည်ရင်း ဦးဉာဏ်ပေါ်) ၏ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၈ ရက် ညနေ ၄ နာရီတွင် ရေဝေးသုသာန်၌ ပြုလုပ်ရာ စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် နိုင်ငံရေး နယ်ပယ်များမှ ထင်ရှားသူများစွာ တက်ရောက်၍ ဝမ်းနည်းစကား ပြောကြားခဲ့ကြသည်။

ဆရာ မင်းလူသည် သြဂုတ်လ ၁၄ ရက်နေ့ ည ၁၁ နာရီ၌ ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံတွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ငါးရက် အကြာတွင် မီးသဂြုင်္ိဟ်ခဲ့ခြင်း ဖြစ်သည်။

“အင်မတန် ဟာသ အရေးကောင်းတဲ့ လက်ပိုင်ရှင် တစ်ယောက် ဆုံးရှုံးသွား တာပါ၊ မိသားစုထဲက ညီငယ်လေး တစ်ယောက်လိုပဲ ခံစားရတယ်” ဟု သမိုင်းနောက်ခံ ဝတ္ထုများဖြင့် ထင်ရှားသူ ဆရာချစ်ဦးညိုက The Voice သို့ ပြောကြားသည်။

ဆရာမင်းလူ၏ ဈာပန အခမ်းအနားသို့ ဆရာ အော်ပီကျယ်၊ စာရေးဆရာ မသန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာမ မစန္ဒာနှင့် ဆရာမ နုနုရည်(အင်းဝ) အပါအဝင် စာပေနယ်မှ စာရေးဆရာ၊ ဆရာမများစွာ တက်ရောက်ခဲ့ကြသည်။

ဆရာမင်းလူကို စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓု (သခင်ဖေသန်း) နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့မှ ၁၉၅၄ ခုနှစ် တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် နေဝင်သွားတော့ လထွက်သည် ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် ခြေချခဲ့ပြီး နောက်တစ်နှစ် တွင် ပန်းကျောင်း လုံးချင်းဝတ္ထုကို ရေးသား ထုတ်ဝေခဲ့သည်။

တက္ကသိုလ် နောက်ခံနှင့် ဟာသ ဝတ္ထု ကဗျာများစွာ ရေးသားခဲ့သော ဆရာသည် ၁၉၉၀ ခုနှစ်တွင် ‘ဘာမှမတတ်နိုင်ဘူး’ ကဗျာကိစ္စဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

“ကျွန်တော် ထောင်ကျတုန်းက ဆရာနဲ့ ၅ တိုက်ထဲမှာ အတူ နေခဲ့ရဖူးတယ်၊ ကျွန်တော် လွတ်တော့ ဆရာက သူ့အိတ်ထဲက ပိုက်ဆံ တစ်သောင်း ထုတ်ပေးတယ်၊ လူသားအကျိုး၊ နိုင်ငံ့အကျိုးတွေ အများကြီး လုပ်ခဲ့ပြီးပြီမို့ ဆရာ့အတွက် ဂုဏ်ယူပါတယ်၊ အခုလို ဆရာ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာပါတယ်” ဟု ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသမားဟောင်း တစ်ဦးဖြစ်သူ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဝမ်းနည်းစကား ပြောကြားသည်။

အဆိုပါ ဈာပန အခမ်းအနားတွင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့နှင့်အတူ အခြား နိုင်ငံရေးသမားများက လွမ်းသူ့ပန်းခွေ ချထားခဲ့ကြသည်။

ဆရာမင်းလူသည် စာပေ ရေးသားခြင်းများ သာမက ရုပ်ရှင် ဇာတ်ညွှန်း များလည်း ရေးသားခဲ့ပြီး ၁၉၉၉ ခုနှစ်က အစ်ကိုဖြစ်သူ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးသည့် ရင်ထဲက ဆောင်းရာသီ ဇာတ်ကားအတွက် ကိုယ်တိုင် ဇာတ်ညွှန်း ရေးသားခဲ့ရာ လွင်မိုး၊ မြတ်ကေသီအောင်နှင့် ကလေး သရုပ်ဆောင် အိဖြူစိုးတို့ ရုပ်ရှင် ထူးချွန်ဆု ရရှိခဲ့သည်။

ဦးဇင်ဝိုင်း၊ ဦးအောင်လွင်၊ အရိုင်း၊ ဒါရိုက်တာ မီးပွား၊ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ အဆိုတော် ဆောင်ဦးလှိုင်၊ လင်းလင်းနှင့် အနုပညာရှင် များစွာလည်း ဆရာ၏ နောက်ဆုံးခရီးကို လာရောက် နှုတ်ဆက်ခဲ့ကြသည်။

“သူ့ဝတ္ထုတွေထဲက သုံးခုကို ဇာတ်ကား ရိုက်ဖူးတယ်။ (နှစ်ကိုယ်ကွဲ) ရင်ထဲက ဆောင်းရာသီနဲ့ ရေတမာ ဇာတ်ကားတွေပါ။ ရင်ထဲက ဆောင်း ရာသီက အစ်ကို့ရဲ့ ပထမဆုံး အကယ်ဒမီပါ။ သူဆုံးသွားတာဟာ တော်တဲ့၊ တတ်တဲ့သူ တစ်ယေက်ကို ဆုံးရှုံးရတာပါ၊ သူ့လိုမျိုး နောက်ထပ် မမြင်မိသေး ပါဘူး” ဟု အကယ်ဒမီ လွင်မိုးက The Voice သို့ ပြောကြားသည်။

ဆရာမင်းလူ ကွယ်လွန်ချိန်တွင် ၎င်းကိုယ်တိုင် စီစဉ်ခဲ့သော ထွက်ရှိရန် ကျန်သည့် စာအုပ် အချို့နှင့် ဆေးကုသမှု ခံယူနေစဉ် ရေးသားခဲ့သည့် စာအုပ် တစ်အုပ် ကျန်ရစ်ကြောင်း ဈာပန အခမ်းအနားတွင် အမှတ်တရ ဝေငှသော ဆရာ၏ ဘဝနှင့် စာပေ မှတ်တမ်းတွင် ဖော်ပြ ထားသည်။

မျောက်လက်၊ ပြန်ခေါ်သက်သေနှင့် ၁၉၇၆ ခုနှစ် နိုဝင်ဘာလ ရုပ်ရှင်ပဒေသာ မဂ္ဂဇင်းတွင် စတင် ဖော်ပြခဲ့သော နေဝင်သွားတော့ လထွက်သည် ဝတ္ထုတိုမှ စ၍ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ သည့် ဘောအေးတိုက်ပွဲ ဝတ္ထုတိုအထိ ဝတ္ထုတိုပေါင်း ၉၂ ပုဒ်ကို စုစည်းကာ မင်းလူ ဝတ္ထုတို ပေါင်းချုပ် (၁၉၇၆-၂၀၀၅) စာအုပ်များကို ၂၀၁၁ ခုနှစ် တွင် နောက်ဆုံး ထွက်ရှိခဲ့သည်။

ဆရာမင်းလူသည် တက္ကသိုလ် နောက်ခံ၊ ဘဝသရုပ်ဖော်၊ ဟာသ၊ သရော်စာနှင့် ရုပ်ရှင်ဇာတ်ညွှန်းများ၊ ကဗျာများကို တစိုက်မတ်မတ် ရေးသား ခဲ့ပြီး စာအုပ်ပေါင်း ၆၀ ကျော်ကို ရေးသား ထုတ်ဝေခဲ့သည်။ အမည်ရင်းမှာ ဦးဉာဏ်ပေါ်ဖြစ်ပြီး မင်းကိုဉာဏ် ကလောင်အမည်ဖြင့်လည်း TEEN (ဖူးငုံ ဆယ်ကျော်သက်) မဂ္ဂဇင်းတွင် စာအုပ် အညွှန်းများ ရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၀ ရှိပြီ ဖြစ်ပြီး ဇနီး ဒေါ်စန်းစန်းအောင်နှင့် သမီး နှစ်ဦး ကျန်ရစ်သည်။

အောင်မျိုးထက်
The Voice Weekly

0 comments to “စာရေးဆရာ မင်းလူ ဈာပန အနုပညာရှင်များနှင့် နိုင်ငံရေးသမားများ တက်ရောက်”

Post a Comment