Thursday, August 15, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁)

,

စာရေးဆရာ ကိုအောင်ဆန်း
ရေးသားသူ - မောင်စိမ်းနီ (စုစည်းသည်)
 အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရေးသားခဲ့သော စာပေလက်ရာ များနှင့် မိန့်ခွန်းများ အပြင် သမိုင်းဝင်ရှားပါး ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ရေးသားထားသော ဆောင်းပါး များ အား စုစည်းထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်။

ဤစာအုပ်ဖြစ်ပေါ်လာအောင် စုစည်းခဲ့သည့် မောင်စိမ်းနီက “ပခုံးပေါ် ရောက်လာတဲ့ သမိုင်းပေးတာဝန်ကို အထိုက် အလျောက် ကျွန်တော်တို့ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု (၉၆) နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အမီ စာအုပ် ထွက်ရှိလာခြင်းနှင့်ပတ်သက်ပြီး တင်ပြထားပါသည်။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ကွယ်လွန်ခဲ့သည်မှာ (၆၃) နှစ်အတွင်း ဝင်ရောက် လာခဲ့ပြီ ဖြစ်သော် လည်း ဗိုလ်ချုပ်ရေးသားခဲ့သော စာပေလက်ရာများနှင့် မိန့်ခွန်းများကို ယနေ့အချိန်ထိ စာရေးဆရာ အများအပြား က ပြန်လည်ဆွေးနွေးတင်ပြ နေကြဆဲပင်ဖြစ်ပါသည်။

ယခုစာအုပ်တွင်လည်း ဗိုလ်ချုပ်ဖြတ်သန်းခဲ့သော တက္ကသိုလ်ကျောင်းသးဘဝ၊ နိုင်ငံရေးသမားဘဝ၊ တော်လှန်ရေးခေါင်းဆောင်ဘဝ တို့အပြင် စာပေနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရေးသားခဲ့သော ဆောင်းပါးကဗျာ တို့အပေါ်တွင် ဝေဖန်ဆွေးနွေးထားကြခြင်း တို့ကြောင့် နှောင်းခေတ်လူတို့မသိရသေးသော ဗိုလ်ချုပ်၏ အကြောင်း များကို သိရှိနိုင်မည် ဖြစ်ပါသည်။

ဗိုလ်ချုပ် ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် “ကျွန်တော်သည် ဣနြေ္ဒကြီး၍ မျက်နှာထား အလွန် တည်သူ တစ်ယောက် ဟု အသိအမှတ်ပြုခံရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွှဲ ဖောက်ပြန် သဘောကိုမပြပေ။ သို့သော်အကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။ မည်မျှ သမာဓိတရား ကို ပိုင်ဆိုင် ပေသနည်း။ ကျွန်တော်သာလျှင် အသိဆုံး ဖြစ်ပေမည်”ဟု ဆိုထားသည်ကို တွေ့ရသည်။

အဆိုပါအတ္ထုပ္ပတ္တိတွင် ပညာနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်က “ပညာဆိုသည်မှာ စာအုပ် စာတမ်းတတ်၍ စာသိမှု ကို ပညာဟု မဆိုပေ။ ပညာသည် “အတိုင်းအဆမထင်” အလွန်ကျယ်ပြောနက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ် အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ် တို့သည် ပုခက်တွင်းမှ မြေကြီး ထဲသို့ ရောက်သည်အထိ ပညာသင်သားများဖြစ်နေကြစေသည်။

ပညာတတ်သူ သည် လောကရှိအရာရာကို အခွင့်အလမ်းလိုက်၊ ဆင်ခြင်သုံးသပ် နိုင်စွမ်းသော ဥာဏ် အားလုံး ကို လည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်ကိုလည်းကောင်း၊ ပြုပြင် စီမံ ထားခဲ့သူ သာလျှင် ဖြစ်သည်။ 

ဘီအေ ပင် အောင်စေ ကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက်အသုံးမဝင်ပေ။
ပညာသည် လူ၏ ဥာဏ်များကိုတိုးတက်စေရမည်။ လူထု၏ဆန္ဒအားလုပ်အားကို နူးညွတ်စေ ရမည်။ ရာဇဝင် သိရုံသာမဟုတ် ရာဇဝင်ကိုဖန်တီးစေရမည်”ဟု တင်ပြထားပါသည်။

Weekly Eleven

အထူး ညွှန်းဆိုခြင်း
စာရေးဆရာ ကိုအောင်ဆန်း
မော်နီတာ သတင်းဂျာနယ်(နိုင်ငံရေး အထူး ဆောင်းပါးပေါင်းချုပ်)

အထူး ညွှန်းဆိုခြင်းလို့ ရေးလိုက်ပေမယ့် တကယ်တော့ ညွှန်းနေစရာတောင် လိုမယ် မထင်ပါဘူး။ “ဗိုလ်ချုပ်အောင်ဆန်း”လို့ ဆိုလိုက်တာနဲ့ ပြီးပြည့်စုံ နေပါပြီ။ ဒါပေမဲ့ နေမင်းကြီးလို၊ လမင်းကြီးလိုပဲပေါ့။ လူတိုင်း သိပြီးသားပေမယ့် ညွှန်းဆို ဖွဲ့သီလို့ မ၀နိုင်ဘူး မဟုတ်လား။

စာရေးဆရာ ကိုအောင်ဆန်း စာအုပ်ကို ကဗျာဆရာ မောင်စိမ်းနီနဲ့ ပိတောက်ပွင့်သစ် အဖွဲ့သားတွေက စီစဉ်တာပါ။ စာမူတွေ စုဆောင်း တာကနေ စာအုပ်ထွက်လာတဲ့ အထိ နှစ်နဲ့ချီပြီး ကြာအောင် ဇွဲနဲ့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပင်ပန်းရ ကျိုးနပ်ပါတယ်။ စာအုပ်က သပ်သပ်ရပ်ရပ်၊ လှလှပပ၊ ခံ့ခံ့ ညားညား ရှိလှပါတယ်။ စာအုပ် မျက်နှာဖုံးကလည်း ဆေးရောင် လှလှတွေမပါ။ ရိုးရိုးကလေး။ ပကာသန မကြိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း စရိုက်နဲ့ အံကိုက်ပဲ။

ဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်နဲ့ ခေတ်ပြိုင်လုပ်ဖော် ကိုင်ဖက်တွေက စပြီး ဗိုလ်ချုပ်ကို မသိမမီ လိုက်တဲ့ စာရေးဆရာတွေကပါ အမှတ်တရ ပါဝင် ရေးသား ထားကြပါတယ်။ ဒါတင်မက သူ့ရဲ့ မြေးအရွယ် လူငယ် စာရေးဆရာ ကဗျာ ဆရာလေးတွေရဲ့ လေးစားအားကျ၊ လွမ်းဆွတ်တမ်းတတဲ့ မှတ်ချက်စာ တို၊ ကဗျာတိုလေးတွေလည်း နောက်ဆက်တွဲ အဖြစ်ပါ ရှိပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးတဲ့ ဆောင်းပါးကတော့ ထိပ်ဆုံးကပေါ့။

စာတွေကို ခဏ ဖယ်ထားပါဦး။ အယ်လ်ဘမ် တစ်အုပ်စာလောက် ရှိတဲ့ ဓာတ်ပုံမှတ်တမ်း တွေကို မြင်ရုံနဲ့ ရင်ခုန် သွားနိုင်ပါတယ်။ စာအုပ်က ဈေးနည်းနည်း ကြီးတယ်လို့ ဆိုနိုင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု ဓာတ်ပုံတစ်ပုံတည်းနဲ့တင် တန်နေပြီလို့ ဆိုချင်ပါတယ်။

နောက်တစ်အုပ်ကတော့ မော်နီတာ သတင်းဂျာနယ် အစောင် ၅၀ ပြည့် အထူးထုတ် ဖြစ်ပါတယ်။ ဂျာနယ်မှာ ပါခဲ့ဖူးတဲ့ ဗိုလ်ချုပ်အကြောင်း ဆောင်းပါးတွေကို ပြန်လည် စုစည်း ပေးထားတာပါ။ အဖိုးတန် ဓာတ်ပုံတွေလည်း ဝေေ၀ဆာဆာ ပါဝင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တ တစ်ပိုင်း တစ်စ ကလည်း တကယ် ရတနာ တစ်ပါးပါပဲ။ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေး တိုက်ပွဲအတွက် အလုပ်တွေ များလွန်းလို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဂရု မစိုက်နိုင်ခဲ့ဘူး။ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တကိုလည်း ပြီးဆုံးအောင် ရေးဖြစ်ခဲ့ဟန် မတူဘူး။ ဒီအချက်ဟာ ငမောက် ပတ္တမြား ပျောက်ဆုံး သွားခဲ့ရတာထက် ပိုပြီး မချင့်မရဲ ဖြစ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။

ဒီဂျာနယ်ကို စီစဉ်သူများရဲ့ အမှာစကား အရ စာမျက်နှာ အကန့်အသတ်ကြောင့် တချို့ ဆောင်းပါးတွေ ချန်လှပ် ထားခဲ့ရကြောင်း သိရပါတယ်။ အဲဒါတွေရော နောက်ထပ် ရှာဖွေ တွေ့ရှိတဲ့ ဆောင်းပါးတွေပါ ပေါင်းပြီး စာအုပ်အဖြစ် ပြန်လည် ထုတ်ဝေ သင့်ပါတယ်။

ဒီစာအုပ် စာစောင်တွေကို ဖတ်ကြည့်ခြင်း အားဖြင့် ဗိုလ်ချုပ် အကြောင်းကို ပိုပြီး ပြည့်ပြည့်စုံစုံ သိလာ ရပါတယ်။ ကြားဖူးနားဝ ရှိတာတွေနဲ့ တူတာတွေ ရှိသလို နည်းနည်း ကွဲပြားတာတွေလည်း တွေ့ရမှာပါ။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမှု ဆက်ဆံရေးမှာ ညံ့ဖျင်းတယ်ဆိုတာ မှန်ပါတယ်။ အစ်ကိုကြီး တစ်ယောက်လို နေခဲ့တဲ့ သခင်နု(နောင် ၀န်ကြီးချုပ် ဦးနု)ကိုတောင်မှ လမ်းမှာတွေ့ရင် နှုတ်ဆက်ချင်မှ နှုတ်ဆက်တာ။ စကားထိုင် ပြောရင်းက သူများ စကားမဆုံးခင် ထထွက်ချင် ထွက် သွားတတ်တာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူကလည်း ၀န်ခံတယ်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တထဲ မှာ မိမိဟာ အရိုင်းအစိုင်း ဘ၀က လာတာလား မသိဘူးလို့ ရေးထားတယ်။ ဒါတွေက သူ့ရဲ့သီးခြား ပုဂ်္ဂိုလ်ရေး ကိစ္စတွေမှာသာ ဖြစ်တတ် တာပါ။ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်တဲ့ နေရာမှာတော့ ၀ါရင့် သံတမန် တစ်ယောက်လို ပရိယာယ် ကြွယ်ဝတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ထူးဆန်းတာကတော့ သူ့ရဲ့ပရိယာယ်က ရိုးသား ပွင့်လင်းခြင်း ဖြစ်နေပြန် တာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်ယူသန် တစ်ဇွတ်ထိုးသမား ဆိုတာကတော့ ဟုတ်လည်းဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူးလို့ ပြောရမှာပဲ။ လွတ်လပ်ရေးကို မရရအောင် ယူမယ်ဆိုတဲ့ ဘက်မှာ တစ်ယူသန် တယ်။ ဘယ်လိုရအောင် ယူရမလဲ ဆိုတဲ့ ကိစ္စမှာကျတော့ နည်းလမ်း အသွယ်သွယ်ကို ထည့်သွင်း စဉ်းစားတယ်။ မှားမှန်း သိလျက်နဲ့ ဇွတ်တိုးတာမျိုးထက် အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြုပြင် ပြောင်းလဲမှု လုပ်သင့်ရင် လုပ်ရ မယ်ဆိုတာသူကိုယ်တိုင် ရေးတဲ့ ဆောင်းပါးထဲမှာ အတိအလင်း ပါပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားပြေ အရေးအသား အကြောင်းကိုလည်း လေ့လာကြည့်နိုင်ပါ တယ်။ သူဟာ စကားပြောရင် ဆတ်တောက် ဆတ်တောက် ဖြစ်တတ်ပေမယ့် စာရေးတဲ့ နေရာမှာ အလွန် ပြေပြစ် ချောမွေ့ကြောင်း တွေ့ရမှာပါ။ ၀ါကျ တည်ဆောက်ပုံ၊ စကားလုံး သုံးနှုန်းပုံ၊ ဥပမာ ပေးပုံတွေဟာ တကယ့် “စာရေးဆရာ ကိုအောင်ဆန်း”ပါပဲ။

သူဟာ လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးက အနားယူပြီး စာရေးဆရာ တစ်ဦး အဖြစ်သာ နေထိုင်သွားဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲဒီ အချိန်ကတော့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလဖြစ်တာကြောင့် နိုင်ငံရေး နွယ်တဲ့ ဆောင်းပါးတွေပဲ ရေးဖြစ်တာ များပါတယ်။ နောက်ပိုင်းဆိုရင်တော့ ရသစာပေ တွေလည်း ရေးဖြစ်မယ် ထင်တယ်။ ရေးရင်လည်း ကောင်းမှာပါပဲ။ အချစ် ၀တ္ထုတွေတော့ ရေးဖြစ်မယ် မထင်ဘူး။ သူဟာ ရည်းစားစာလည်း တစ်ခါမှ မရေးဖူးဘူး။ ရည်းစား စကားတောင် ခွကျကျ ဘုဆတ်ဆတ်ကြီး ပြောတတ်တဲ့ လူမျိုး မဟုတ်လား။ ဒါပေမဲ့ သူဟာ အချစ်မရှိတဲ့ လူတော့ မဟုတ်ပါဘူး။ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို ကြည့်တဲ့အခါ သူ့မျက်လုံးတွေက ချစ်ရည်လဲ့ နေတတ်ကြောင်း ဓာတ်ပုံတွေက သက်သေခံ နေပါတယ်။

တကယ်လို့သာ ခုချိန်ထိ ဗိုလ်ချုပ်အောင်ဆန်း အသက်ထင်ရှား ရှိနေဦးမယ်ဆိုရင် သူ့ကို ဂုဏ်ပြုရေးသား ထားတဲ့ ဆောင်းပါးတွေ၊ အက်ဆေးတွေ ကဗျာတွေကို ဖတ်ကြည့်ပြီး ခေါင်း တညိတ်ညိတ်နဲ့ ပြုံးနေမလား၊ ဘာမှ မပြောဘဲ ရှုတည်တည်ကြီး လုပ်နေမလား။ သူ့ထုံးစံအတိုင်း “ဒါတွေ မလိုပါဘူး”လို့ ဘုကျကျ ပြောပြီးတော့ပဲ ငေါက်လွှတ် လိုက်လေမလား မရဲတရဲ စဉ်းစား စိတ်ကူးယဉ် ကြည့်နေမိပါတော့တယ်။

မင်းကိုဥာဏ်
(
Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂ဝ၁၁)

******************************************************
ဇာတိ
စာရေးသူ - ဗိုလ်ချုပ်အောင်ဆန်း

မြေလတ် ဟု ခေါ်သော ဗမာပြည်၏အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်းရထားလမ်းတ၀က်ခန့်တွင် အပူပိုင်းဇုံကုန်းမြင့်ပြင်များဖြစ်သော နှမ်း၊ ပဲ နှင့် ၎င်းဆီ အများထွက်၍ ကုန်ရောင်းကုန်ဝယ်အတော်တွင်ကျယ်သော မြို့ကလေးတမြို့ရှိလေသည်။ မီးရထား ဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန် သည် ဆိုင်များ အနည်းငယ်ရှိလေသည်။ ဘူတာ၏၀ဲယာပတ်လည်တို့တွင် မြေပဲ၊ နှမ်းခင်းတို့ရှိလေ သည်။ ထိုယာခင်း များမှကျော်လွန်၍ အရှေ့စူးစူးသို့ကြည့်လျှင် ရေးရေးထင်သောတောင်တန်းများကို နောက်ခံ ကာ တောရကျောင်း နှင့် ကမ္မဌာန်းထိုင်သူတို့၏လိုဏ်ဂူများကို တွေ့နိုင်ပေသည်။ ထိုဘူတာ ၏ အနောက်မြောက် ယွန်းဂိုက် ၄၀၀ခန့်အကွာတွင်ကား၊ မိုင်ဝက်ခန့်ကျယ်သော သဲချောင်းရိုးကမ်းစပ် ပေါ်၌ "ခပေါင်းကုန်" (သို့မဟုတ်) နကျားထူး ခေါ်သော အိမ်ခြေတစ်ရာခန့်ရှိ ရွာကလေးရှိလေသည်။

ယင်းချောင်း ဟုခေါ်သော သဲချောင်းကြီး၏တဘက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်းလယ် ကွင်းပြင် များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀ ခန့်ရှိရွာတစ်ရွာရှိလေသည်။ ထိုရွာ၏အနောက် ကိုက် ၃၀၀ ခန့်တွင် အိမ်ခြေ ၁၀၀ခန့်ရှိ ရွာတစ်ရွာရှိလေသည်။ ရွာ၏မြောက်ဘက်တွင်ကပ်လျက် (ရှေးလူကြီး များပြောသလို) လောကဓါတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိလေသည်။

ထိုမှ ယာတစ်ခင်းအလွန်တွင် ငါးရက်တစ်ဈေးဖွင့်ရာ ဈေးဝိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ် တန်းလျားများ ရှိသည်။ ထိုအနီးတွင် စာတိုက်ရှိလေ၏။ ထိုစာတိုက်၏အနောက်မြောက်စောင်းစောင်းနှင့် ရှေ့တည့်တည့် ပေတရာလမ်းနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍ ကိုက် ၁၀၀ခန့်အကွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့်ကပ်၍ မြို့အုပ်ရုံးရှိလေသည်။ ထိုဘုန်းကြီးကျောင်းနှင့်ဆက်၍ ထောင့် မှန် (Right angle)ကျကာ ၁၅ ပေခန့်မြင့်သော အုတ်တံတိုင်းကြီးဘေးဘက်လေးတန် ခြံရံလျက်၊ စေတီငယ်များ အလယ်တွင် ရွှေရောင်တပြောင်ပြောင်တောက်နေသော စေတီတော်ကြီးတစ်ဆူနှင့် သပ် ယပ် ခမ်းနား သော ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန်များရှိလေသည်။

ထိုမှ မြောက်မလှမ်းမကမ်းတွင် ကား အိမ်ခြေ ၁၀၀ ကျော်ရှိ ရွာတစ်ရွာရှိပြန်လေသည်။ ထိုရွာများအနက် ရွာမကြီး သဖွယ် အိမ်ကောင်း အများဆုံးနှင့် ဆိုင်ကန္ဒားအတော်အတန်ရှိ၍ စာရေးစာချီ၊ မြို့အုပ် ရှေ့နေ ကုန်သည်များ နေကြသော ရွာ ကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီးအနောက်ဘက်ကမ်း တောင်ကုန်း ပေါ်တွင် တည်လျက်ရှိသော ရွာပင် ဖြစ်လေသည်။ ထိုရွာကို နတ်မောက်ဟူ၍၎င်း၊ တောရွာ ဟူ၍ လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကို သမိုင်းစာအရကား ပီဠိယက္ခမင်းတည်ထောင်သွားသည်ဟု ဆိုလေ သည်။ သို့သော် ကျွန်တော်၏ဘေး မှတ်တမ်းအရကား၊ ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါ လောက် တွင် ထိုရွာကိုစတင်တည် ထောင်ခဲ့သည်ဟု မှတ်သားဘူးသည်။

ထိုရွာ၏မြောက်ဘက်စွန်း၌ တစ်ရွာလုံးရှိ အိမ်ဝိုင်းများအနက် အကျယ်ဆုံးအိမ်ဝိုင်းကြီးထဲတွင် ဧရာမ အိမ်ကြီး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့်ဝင်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာရှိသော်လည်း၊ ထိုအခါ ကား အတောင်ရှစ်တောင်ခန့်မျှသာရှိတော့သည်။ အိမ် အမြင့်မှာလည်း သုံးပေခွဲ မျှသာ ရှိ တော့သည်။ ထိုအိမ်ကြီးကား ရှေှးဗမာမင်း လက်ထက်က နတ်မောက်မြို့ မြို့သူကြီးအိမ်ပင်ဖြစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ်နောက်ဖေးဆောင်ငယ်တွင် ကျွန်ုပ် အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့်ကို မွေးဖွားလာစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထား လမ်းမပေါက်သေး။ သို့သော် ရည်ရွက် ချက်ကား ထားပြီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီး တရွာ မျှသာ ဖြစ်လေသည်။ နံနက်ညနေခင်းများတွင် ခလောက်သံ တဒေါက်ဒေါက်၊ နေ့လည်နေ့ခင်းများတွင် ယက္ကန်းသံ တချွန်ချွန်နှင့် ကြားရတုန်းပင်ရှိလေသည်။

အချိန်ကား ၁၉၁၅ ခု ဖေဖော်ဝါရီလဖြစ်၍ ပဌမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲမှာပင်ဖြစ်ပေသည်။ ထိုအ ချိန်၊ ထိုအခါ ကား ဂျာမနီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ်ဒုက္ခပေး နေသည့် အချိန်အခါဖြစ်လေသည်။ အနောက်စစ်မျက်နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမဏီတို့ စစ် ခင်းရာ မျက်နှာ ၌ကား၊ ပဌမအကြိမ်တိုက်ပွဲကြီးများမျာ မပြီးမဆုံးနိုင်သော သောင်တင်ရေမကျ ရှေ့မတိုး နောက်မဆုတ် အခြေအနေပင်ရှိလေသည်။

အရှေ့မျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာ ကား မဆူးရိယာ နှင့် ၀ါဇနစ်ဇူစစ်ပွဲကြီး ဖြစ်ပွား လျက် ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့၊ ၁၂၇၆ ခု၊ တပေါင်းလဆန်းတစ်ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည် ကို ပဌမဆုံးရောက်ရှိလာခဲ့ရပေသည်။ ဖေဖော်ဝါရီ ၁၃ရက်နေ့ကား၊ နာမည်ကျော် နက္ခဗေဒင်ဆရာကြီး ကီရို၏ဟောပြောချက်အရဆိုလျှင် တိုင်းပြည် တစ်ပြည် ၏ အစိုးရထီးနန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသောသူ များကို မွေးဖွားတတ်သောဇာတာဟု ဟောထား လေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူး ခြားခြား ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ကြချေ။

ကျွန်တော် မွေးဖွားလာာသည်နှင့် ပတ်သက်၍ ကျွန်တော်၏ဇာတာနာမည်မှာ (ထိန်လင်း)ဖြစ်လေသည်။ သို့သော် ကျွန်တော့အထက် အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် "အောင်ဆန်း"ဟုခေါ်တွင် ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘ၀မှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူဖြစ်ခဲ့လေသည်။ ကျွန်တော် ငယ်ငယ်တုန်း က တော်တော်နဲ့ စကား မပြောတတ်ရကား၊ လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိရ လေသည်။ အနာအဖျားထူသည်။ အစားကြူးသည်။ အမဲ၊ သား၊ ငါးကို အလွန်ကြိုက်သည်။ ကျွန်တော် ၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။

တစ်ခါသော် အမဲသားစိမ်း ကို အတင်းလု၍စားမည်ပြုသည်ဟု ကျွန်တော့်မိခင်ကပြန်၍ ပြောသဖြင့် သိရ ပေသည်။ လူရိုင်းဘ၀ က ကျွန်တော် လာသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုးနေချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများ နှင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ် လာသည်။ ထိုအခါ လူယဉ်ကျေးများ နှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့်စိတ်များရှိသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူးဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါ့စိုင်း ညောင်ကိုင်း ရောက်ရောက်ဆိုသည်ကို ကျွန်တော်ကြိုက်၏။

ကျွန်တော်၏စိတ်တွင် အင်မတန် စိုပြည်လတ်ဆတ် သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိသည့်လူသည် လူရိုင်းမျိုး ဘ၀ရောက်ချင် ရောက်သွားပါစေ။ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ် သော လူ့ယဉ်ကျေးဘ၀ထက် ကျွန်တော် အဆတစ်ရာကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်း စိုပြေကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ် တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးတူး အော်ဟစ် လိုသည်။

ငယ်ငယ်တုံးက ကျွန်တော် အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော် ၀ါသနာပါသည်။ စာပွဲဖြစ်စေ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန်မှတ် လက်ရည်ကွဲကျခဲ့လေသည်။ သို့သော် ကျွန်တော် အနည်းငယ်ကြီးပြင်းလာ သည့် နှင့် လူကြီးမိဘများက ကျွန်တော်အား အတီးအမှုတ်ဝါသနာကို ခွင့်မပြု။ နဂိုက ၀ါသနာမဟုတ်၍ လားမသိ။ ယခု စိတ်မျိုး ပျောက်သလောက်ရှိခဲ့သည်။

ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော၊ စိတ်ရော၊ ပြော့ပြောင်းသည်ဆိုသည့်အချက်ကို သက်သက် နားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်း မကြိုးစားချင်၊ ကျွန်တော်ကား စကား ပြောလျှင် မဖွယ်ရာမယဉ်ကျေး၊ အသက် ရှစ်နှစ်ထဲရောက်၍ ကျောင်းနေသည့်အချိန်၌ပင် ဘုန်းကြီးကို ဘုန်းကြီး စကားနှင့်မလျှောက်တတ်၊ အမူ အရာလည်း ကြမ်း၏။ အလိုက်လည်း မသိ။ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်း ဟူ၍လည်း တစ်ခုမျှမရှိ။ အသက်လေး၊ ငါး၊ ခြောက်နှစ်တိုင်အောင် ညအိပ်ရာ တွင် သေးပါ၏။ မီးဖိုကို ညညရှိခိုး၍ "အရှင်စဖိုည၊ ကျွန်တော်မျိုးနေ့ဟုဆိုခဲ့ရသည်ကို အမှတ်ရ သေးသည်။

အသက် ဆယ့်ငါးနှစ်ထဲရောက် သည့်အခါ၌ပင် အခြားအိမ်တစ်အိမ်၌ တည သေးပါဘူး သေးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှာ ခြောက်တန်းအောင်၍ ခုနှစ်တန်း အ၀င် ကျောင်းအ ပြန်ဖြစ်သည်။ ကျွန်တော်၏အစ်ကို အကြီးဆုံးမှာလည်း ၎င်းနှစ်တွင် ဘီအက်-စီ သင်္ချာဂုဏ်ထူးတန်း ကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ကျောင်းတွင် မိမိကျောင်းဟောင်း ဖြစ်သည့် အတိုင်း ကျောင်းဆရာ ၀င်ရောက်လုပ်ကိုင်ရန် ကျွန်တော်နှင့်အတူပါလာခဲ့ပေသည်။ ထိုအခါ ရေနံချောင်း မြို့သို့ နတ်မောက်မှ သွားသည့်နည်းမှာ တောင်တွင်းကြီးမြို့သို့ ရထားစီး၊ တောင်တွင်းကြီးမှ မိချောင်းရဲ သို့ ကားစီး၊ မိချောင်း ရဲမှ ရေနံချောင်းသို့ သင်္ဘောစီးရလေသည်။

၂-ရက်ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်း မှတစ်ဆင့် မီးရထားတစ်တန်၊ မော်တော်ကား တစ်တန် သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ် တွင် ကျွန်တော်တို့မကွေးမှတစ်ဆင့် သွား ကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းက လေးရှိသော အစ်ကိုဖြစ်သူအိမ်တွင် တည်းခို ကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ တစိမ်းတရံ ဆန် အိမ်တွင်မ နေတတ်၊ အထူး ရှက် တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ညအိပ်ခါနီး ရှက်လွန်း၍ သေး မပေါက်မိရာ၊ ညအိပ်သည့်အခါ မအောင့်နိုင်တော့ဘဲ သေးပါ ကျလေသည်။ ကျွန်တော်လည်း ပါပြီးမှ သိပေသည်။ ဤမျှ ကျွန်တော်သည် မသိမ်မွေ့၊ ညီအစ်ကို မောင်နှမများထဲတွင် ကျွန်တော် အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ် စံချိန်နှင့်ကြည့်လျှင် ကျွန်တော်အလိုလိုက်ခံရဆုံးဖြစ်၏။ အဆိုးဆုံး ဟု လည်း အိမ်နားနီးချင်းပါမက ရွာနီးနားချင်းများကပါ အသိအမှတ်အပြုခံရ၏။

ကျွန်တော်၏အထက် အစ်ကို ကိုအောင်သန်း နှင့် ကျွန်တော်မှာ အသက်သုံးနှစ်ခွဲလေးနှစ်မျှသာ ကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူကား လက်မြန်၏။ ကျွန်တော်ကား အားကြီး ၏။ မချိန်မဆလက်လွယ်စပါယ် လုပ်တတ်သည်။ သူကား နု၏။ မင်းသားကျချေသည်။ ကျွန်တော်ကား ကြမ်း၏။ သူသည် အစားအသောက်အနေအထိုင်မှစ၍ သပ်ယပ်၏။ အစားဆိုလည်း အစားတိုင်းမစား။ စားသောက် နေသည့်အခါ မြေကြီးပေါ်သို့ကျသွားလျှင် သူသည် မစားတော့ချေ။ ကျွန်တော်ကား ကျသွား သောအစာ ကို ဖုတ်ဖတ်ခါ၍စားနိုင်လျှင် ကောက်စား၏။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ်ဝတ် တတ်၏။ ကျွန်တော်ကား မ၀တ်တတ် မြန်မြန်ညစ်အောင် ဖြစ်ကတတ်ဆန်းဝတ်တတ်၏။

သူသည် မြေ ကြီးနှင့်ကြမ်းများပေါ်တွင် မည်သည့်အခါမျှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး ၏။ သူ ကား ပါး၏။ လျှင်သည်၊ ကျွန်တော်ကား ထူ၏။ အ၏။ ကျွန်တော်၏မြို့ကား ရွာသာသာ တောအရပ် ဖြစ် သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါက (ကလီဖာ) ခေါ် ဆံပင်ညှပ်ကုလားတစ်ယောက်တလေသာရှိ၏။ သို့ဖြစ်ရာ ၎င်းကလီဖာမှာ လက်မလည်၊ ကျွန်တော် တို့အား ခေါင်းတုံးရိတ်ရန် တစ်ခါတစ်ခါ ရိတ်တတ်သည့် အိမ်နီးနားချင်းတို့ကို ခိုင်းရလေသည်။ တခါ တခါ ကျွန်တော့်ဘခင် ကိုယ်တိုင်ရိပ်ပေးလေသည်။ ကျွန်တော်၏ဘခင်ကား ယခုကွယ်လွန်သည်မှာ ၁၅ နှစ်ကျော်လွန်လေပြီ။ ကျွန်တော်၏ဘခင်သည် ကျွန်တော်နှင့်အမူအရာ အတော်ဆင်သည်။

တနေ့နေ၍ စကားတစ်ခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးရသည့်ထဲ ကျောက်ပေါက်မများလည်း ရှိ၏။ လောကွတ် မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာနေတတ်သည်။ အကိုင်အတွယ်၊ အသွားအလာ အမူအရာ ကြမ်းတမ်း ၏။ ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော၊ ထို့ကြောင့် ရှေ့နေစာမေးပွဲဝင်ထားသော်လည်း ရှေ့နေလိုက်၍စားသည်ကို ကျွန်တော်တို့ မမှတ်မိ။ ယာလုပ်ကုန်ကူး ငွေချေး၍သာ စီးပွားဖြစ်၏။ စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့ မိခင်၏ဒိုးတူဘောင် ဘက် ကူညီမှုကြောင့်ပင်ဖြစ်လေသည်။ ကျွန်တော်တို့အား အခြားသူတစ်ဦးက ခေါင်းရိတ် ပေးလျှင် အင်မတန် ညင်သာ၏။ ကျွန်တော်တို့ ဘေဘေကား ဒါးမထက်ထက်ကို ကောင်းကောင်း မသွေးဘဲ အတင်းတွန်းချ၍ ရိတ်ချ၏။

အထူး ပင် ခေါင်းရည်နာ၏။ ကျွန်တော်တို့သည် ၎င်းခေါင်းရိတ်မည့်အခါ ရွံ့ ၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့် အခါတိုင်း ကျွန်တော့်အစ်ကိုကား အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ ၏။ ကျွန်တော်ကား မငို၊ ကျိတ်ခံ ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်သည်။ ကျွန်တော့်အစ်ကိုကား စိတ်မြန် ၏။ ကျွန်တော်တို့ ညီအစ်ကို လေးယောက်ရှိသည့်အနက်၊ ဒုတိယအစ်ကိုကြီး ကိုနေအောင် သာလျှင် စိတ်ရှည်၍သိမ်မွေ့၏။ တသက်ပတ်လုံး မည်သူနှင့်မျှ ရန်မဖြစ်ခဲ့ဘူးချေ။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့အစ်ကို ကိုအောင်သန်း ကား၊ သူများအကြောမခံ၊ သူကသာ ဦးအောင်ကြောခဲ့သည် ကျွန်တော်ကား သူများ အကြော ခံရ၏။

မြှောက်လို့ မြှောက်မှန်းမသိ၊ ချောက်လို့ ချောက်မှန်းမသိ ထုံပေပေ အလွန်နိုင်၏။ တခါသော် ဆယ်မိုင်ခန့် အကွာ ရွာတရွာ သို့ ကျွန်တော့်မိဘများနှင့်လိုက်သွား၍ သူကြီး အိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတစ်ယောက်က ကျွန်တော့်အားမြှောက်၍ "ဗိုလ်ကြီး၊ ဗိုလ်ကြီး"ဟုခေါ်ရာ၊ ကျွန်တော့် မှာ များစွာသဘောကျကာ ထန်းလျက်အဖြူဆုတ် ကို ခေါ် တိုင်း၊ ခေါ်တိုင်း ပေးခဲ့လေသည်။ ကျွန်တော် သည် လိမ်လည်လေ့မရှိ။ မလိမ်တတ်၊ လိမ်မိခဲ့သော်လည်း ခဏချက်ခြင်း ဖြောင့်ချက်ပေး၏။

ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းပိတ် သည်။ သို့သော် ယောက်ျားကလေးများမှာ ဥပုသ်နေ့ပင်ဖြစ်သော်လည်း ကျောင်းသို့သွားရ၍ ရေခပ်၊ မြက်နှုတ်လုပ်ရသည်။ တနေ့သော် နေ့ခင်းတွင် ကျောင်းသား များ အလုပ်မရှိ၍ "အလုပ်မရှိလျှင် အိပ်နေ ကြ၊ မကစားကြနဲ့"ဟု ဘုန်းကြီးက အမိန့်ရှိ လေသည်။ အားလုံးကျောင်းသားများက "မအိပ်ချင်ဘူးလား" ဟုမေးသောအခါ မအိပ်ချင် ကြသော်လည်း အိပ်ချင် သည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော်အား ဘုန်းကြီးက "အောင်ဆန်း ကော မအိပ်ချင် ဘူးလား"ဟု အထူးတလည်မေးရာ ကျွန်တော်က "မအိပ်ချင်ပါဘုရား"ဟု ပြန်လျှောက်ရာ ဘုန်းကြီး ကား ပြုံး၍ နေလေတော့သည်။

ကျွန်တော် သည် ငယ်စဉ်က ချောင်တစ်ချောင်တွင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍နေသော်လည်း နေ တတ်သည်။ ခလေး နှင့် မလိုက် အများအားဖြင့် ဣနြေ္ဒကြီးသည်။ ကစားခုန်စားဆိုလျှင် များစွာမလေ့ ကျင့်။ သို့သော် ကစားသည့် အခါ ကြမ်းတမ်း၏။ ကြမ်းတမ်းသော ကစားမျိုးမှ နှစ်သက်သည်။ တွတ်တိုး ခြင်း၊ ကြည်းသား ရိုက်ခြင်း စသည်တို့ကို ၀ါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်၊ ရွရွကလေး လုပ်ရသော အလုပ် ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော်၏ကလေးဘ၀မှာ ချီးမွှမ်း စရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောက်စောင်းကဲ့သို့ အဖုအထစ်အပြစ်အနာအဆာများ သည်။

 စိမ်းလန်း စိုပြေညီညာသော မြက်ခင်းသဘွယ် မွချင်စရာ မဟုတ်ပေ။ အသက်ဆယ်နှစ်ခန့် အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ခဲ့ဘူး၏။ ၀ဲနာအကြီးအကျယ် စိုခဲ့ဘူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေပါမည်နည်းဟု တမ်းတမိသည်။ ကျွန်တော် သည် ထိုကလေးဘ၀တွင်ပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေ၏။ ဗမာ ပြည်အား အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးစဉ်းစားခဲ့ဘူးလေသည်။ တခါတရံလည်း ဟုတ်တိ ပတ်တိ စိတ်ကူး၏။ တခါတခါလည်း ပြဒါးရှင်လုံးစသည်များကို ရှာဖွေလိုသော စိတ်များပေါ် ပေါက်၏။ ပြဒါးရှင်လုံးစသော အစွမ်းအားဖြင့် ဗမာပြည်ကို ကယ်တင်လို၏။

ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သည်ဟု မဆိုနိုင်၊ ငယ်ငယ်က တစ္ဆေ အလွန်ကြောက်တတ် သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အစ်ကို ဦးအောင်သန်းကား ခဏခဏရန်ဖြစ်၏။ ဦးအောင် ရိုက်နှက်၍ အိမ်ပြေးလာခဲ့၏။ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများအရိုက်ခံရ၏။ ကျွန်တော် ကား ဤကဲ့သို့ မဖြစ်ဘူး။ ရန်တစ်ခါသာ အကြီးအကျယ်ဖြစ်ဘူးသည်။ ထိုအခါ လူချင်းလည်း ထိုးသတ် ပုတ်ခတ် စဉ်က ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဘိနပ် နှင့် အပေါက် ခံရ၍ ခေါင်းပေါက်ဘူး၏။ ထိုအခါမှ ကျွန်တော်၏ရန်ဖြစ်ဘက်ကို လိုက်လေရာ ခေါင်းမူး၍မမှီ၊ ထိုးလိုက် သည့် အချိန်ထိကား သတ္တိကောင်းပါ၏။

ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်ရာ သွေးတွေမြင်သဖြင့် ခေါင်း ပေါက်မှန်းသိသောအခါ ကျွန်တော် ငို လေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူကလေးချင်းများ အပေါ်တွင် တခါတလေ အနိုင်ကျင့် ချင်သည့် စိတ်ကားရှိလေသည်။ တစ်ခါတွင်ကား ဘုန်းကြီး ကျောင်းနေစဉ် နဘူးသားများကို ကြက်တောင် စိုက်၍ ကြက်တောင်ရိုက်ကစားနေရင်းမှ ကျောင်းသား နှစ်ယောက်ရန်ဖြစ်ရာ ကျောင်းသား တစ်ယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်း သားမိဘများက ဘုန်းကြီးအား လာရောက် တိုင်တန်းရာ၊ ဘုန်းကြီးက ဤကစားနည်းမျိုးကို အားလုံး ကျောင်းသားများလည်း ကျောင်းဝင်း အတွင်းမှ သော်၎င်း၊ အပြင်မှာသော်၎င်း မကစားရဟု ပညတ်ရလေ သည်။ ထိုပညတ်ချက်ကို ကျွန်တော် နှင့် ညီအစ်ကိုဝမ်းကွဲ များက သဘောမကျကြသဖြင့်၊ အာဏာ ဖီဆန်ကာ ရွာထဲတွင်ကစားကြလေသည်။

ကျွန်တော်တို့ကစားနေသည်ကို အခြားကျောင်းသားတစ်ဦး နှစ်ဦးကမြင်သဖြင့် ဘုန်းကြီးအား သွားရောက် တိုင်တန်းသောအခါ ဘုန်းကြီး က ကျွန်တော်၏မိခင်နှင့် ဦးလေးများကိုခေါ်၍ ၎င်းတို့ရှေ့တွင်ပင် ကျွန်တော် တို့အား ပြင်းထန်စွာရိုက်နှက်လေတော့၏။ ကျွန်တော်မှာ ပဌမကြိတ်မှိတ်၍ခံသော်လည်း နောက်ပိုင်းတွင် သတ္တိ မကောင်းနိုင်တော့ဘဲ ငိုလေတော့ သည်။ ကျွန်တော်သည် ထိုသို့သွားရောက်တိုင်တန်းသူ ကျောင်းသား ကို ယနေ့တိုင် အခဲမကျေချင်လှ၊ ဤကဲ့သို့ အလုပ်ပို မေတ္တာရိမျက်နှာလို၊ မျက်နှာရ အထက် လူကြီး အား တိုင်ခြင်းတောခြင်းကို ငယ်ငယ် ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူးစက်ဆုပ်လှသည်။ ယခု ခေတ်သစ်ကျောင်းများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက် စေသင့် ပေသည်။ ဤအကျင့်မျိုး ကား အကျင့်ယုတ်ဖြစ်လေသည်။ ကျွန်တော်တို့မိဘကား ပစ္စည်းဥစ္စာ အတော် အတန်ရှိ၏။ ကြွေးရှင် မြေ ရှင်ဖြစ်ရာ၊ ဆင်းရဲသားများနှင့် အများအပြားဆက်ဆံရလေသည်။ ကျွန်တော် တို့ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။

သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော် အထူး ပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါက ကျွန်တော်ကား ငွေတိုးကြီးစနစ်ဆိုးရွားပုံကို မျက်ဝါး ထင်ထင် တွေ့ခဲ့ရလေသည်။ များစွာသော ဆင်းရဲသားတို့မှာ ကြွေးတစ်ခါယူမိလျှင် ကြေနိုင်စ ရာ အကြောင်း မရှိပေ။ ဤစနစ်ကို ယခုခေတ်သစ်တွင် အလျှင်အမြန် ပြင်ဆင်သင့်သည်။ ၎င်းပြင် ယခု လက်ရှိ ဆင်းရဲသား ကြွေးမြီများကို အားလုံးလျှော်ပစ်ရန်သင့်ပေသည်။ ထိုကြွေးများမှာ အတိုး၏အညွှန့် ကြွေးများသာ ရှိတော့မည်ဟု ကျွန်တော် ယုံမှားသံသယမရှိပေ။ ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုး ကြီးဆွေကြီး မှ ပေါက်ပွားသူဖြစ်သည်။

(ဂျစ်ဂျစ်ခန်)အမှူးရှိသော တရုတ်တို့ဝင်ရောက်နှောက်ယှက် သောအခါတွင် နိုင်ငံခြားသား တို့၏ လက်အောက် တွင် မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော် မွေးဖွားရာဒေသသို့ စုန်ဆင်း ခဲ့လေသည် ဟု ဦးလေးတစ်ယောက်က ပြောပြဘူးလေသည်။ အလောင်း ဘုရားတတိယနိုင်ငံတော် ထူထောင်စဉ် အခါ က တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုမြို့မှ ဦးအောင် ဇေယျထ၍ ကျွန်တော်တို့၏ အဆက် အနွယ် ပင်းမင်းကြီး ဦးမြ(ဘွဲ့မည်ကောင်းကောင်းမမှတ်မိ) ဆိုသူ မှာလည်း မိမိနယ်ကို အုပ်စီး ခေါင်းဆောင် ၍ ဗမာ့ထီးနန်း ထူထောင်ရန် ကြံလေသည်။ နောက်မှ အလောင်းဘုရား ၏ ဘုန်းလက်ရုံး အကြောင်း ကြားသိသည့် အခါ၊ အလောင်းဘုရားထံဝင်ရောက်၍ သက် စွန့်ကြိုးပမ်း အမှုထမ်းလေသည်ဟုလည်း မှတ်သား ရဘူးသည်။

မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏အ မျိုး အနွယ်ပင် ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်းဘုရင်၏သမားတော်တစ်ဦး (လူမည်မှာ ဦးကျော်ဇံ ဖြစ် လေသည်။ ဘွဲ့ကိုကားမသိ)မှာလည်း ကျွန်တော်တို့အမျိုးအဆွေပင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေး သော ဆရာကြော့မှာ ဦးကျော်ဇံ၏မြေးပင်တည်း။ ရှင်အဂ္ဂသမာဓိမှာလည်း ကျွန်တော်တို့အမျိုးဟုပင် သိရသည်။ ကျွန်တော် တို့ ဘေးမှာ နတ်မောက်မြို့သူကြီးဖြစ်လေသည်။ စာတတ်သည်။ ဥာဏ်ထက် သည်။ လက်မြောက် သည်။ စိတ်ထက်သည်ဟူ၍ ကြားဖူးလေသည်။ မိမိအထက်မြို့ဝန်နှင့်မတဲ့၍ အလုပ်ပြုတ် သဖြင့်၊ မန္တလေးရွှေမြို့တော်သို့တက်၍ အရာခံနေဆဲ အနိစ္စရောက်သည်ဟု တစ်ခါက ပုရပိုက် မှတ်တမ်း တွင် ဖတ်ရဖူးသည်။

(စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။ အခေါ် အဝေါ် ကိုကား မေ့သွားလေပြီ။ ကျွန်တော်တို့ (ဘေး)အိမ်ကြီးတွင် တွေ့ဘူးသော ပုရပိုက်များတွင်  ကျွန်တော် တို့ ဘေး နေ့စဉ် ဘာလုပ်သည်၊ ဘယ်သွားသည်စသည်ကို မှတ်သားချက်များ တွေ့ရလေ သည်။) ကျွန်တော်တို့ ဘေးတွင် အစ်ကိုနှင့်ညီနှစ်ယောက်ရှိသည်ဟု သိရသည်။ အစ်ကိုကြီးမှာ ရန်ကုန် ဆိပ်ကမ်း အုပ်ဖြစ်သည်ဟု သိရသည်။ ညီအငယ်တစ်ယောက် မှာ တလုပ်မြို့ဝန် ဦးဘွားယူ ခေါ်၏။ မြင်းကွန်း-မြင်းခုံတိုင် တို့၏ ငယ်ဆရာဖြစ်သည်။ ၎င်းမင်းသားများအထတွင် မြင်းကွန်းမင်းသားတို့ အ တွက် ဓားပြ တိုက်၍ ငွေရှာပေးရလေသည်။ ထိုအချက်ကို နေပြည်တော် က သိလေ၍ ဦးဘွားယူ ရာထူးမှ ကျလေသည်။ ကျွန်ယုံ၏သစ္စာကြီးမှုကြောင့်၎င်း၊ အမှုမထင်ရှား၍၎င်း မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်း လက်ထက်ဖြစ်၍၎င်း အသက်ချမ်းသာရလေသည်။

နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်)မှာ ကျွန်တော်တို့ အဖွား၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံး အားကိုး ဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထား သည်။ ၎င်း၏ တပည့်တစ်ယောက် (နာမည်ကားမမှတ်မိ) သည်ဇာတ်ပွဲများတွင် လူပျက်ပျက် သည့်အခါ လူများရယ်တုံးမရယ်၊ အများရယ်ပြီးမှ တယောက် တည်း ကျယ်လောင်စွာ အကြာကြီး ရယ်တတ်သည်ဟု သိရသည်။ ဤကဲ့သို့ အရွဲ့တိုက် ရသည် ကို ဗိုလ်လရောင် တွေ့၍ အားရကာ ဆုချလေလေတော့သည်။ တခါလည်း ၎င်း၏တပည့်နှင့် ၎င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ ဘွားမယ်တော်ပျံတွင် လက်ဝှေ့ထိုးကြ သည်။ ဦးမင်းရောင် ၏ တပည့် ရှုံးသည်။ ညီဖြစ်သူ ဦးမင်းမောင်က မိမိတပည့်နိုင်သဖြင့် ပုဝါတပိုင် ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင် က မခံချင်၍ မိမိတပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတစ်ထည် ဆုချလေသည်။

တစ်ခါလည်း ကြက်သားဟင်း စားလို၍ ဦးမင်းမောင် အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မ တူ လူပျော့် ဖြစ်လေသည်။ စောင်း တီး သီချင်းဆိုတော် သည်။ စကားပြောချိုသာသည်။ အထက် လူကြီးများ၏ အချစ်မင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင် က သူကိုယ်တိုင် သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအားမကျွေးဘဲ ခွေးကျွေးပစ်သော ဟူ၏။ (ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း)

ကျောင်းသားဘဝ

ကျွန်တော်၏ မိခင်ဘခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုး ဖြစ်လေသည်။ ကျွန်တော်၏ ဘခင်သည် ရှေ့နေ စာမေးပွဲ တွင် ဗမာတပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဥာဏ်ကောင်း ကြသည်။ သို့သော် ဒုတိယအစ်ကိုကြီး ကား စာသင်အထူးပျင်းလှ၍ အခြားညီအစ်ကို များကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲအစ်ကိုများ၊ ဦးလေးများ မှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူများချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကို များကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။

ကျွန်တော်တစ်ယောက် သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစ နေရပေသည်။ ကျွန်တော် ကျောင်းနေလာရင်း ပြောပြရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်း အား မြန်မာ ၆တန်းတွင် ရှိသည်။ ကျွန်တော်မှာ အသက် ၈နှစ်ထဲ ရောက်သော်လည်း ကျောင်း တွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်းသန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော် လည်း ရှင်လောင်းဆင်းသောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာ လေသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့ သူသည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေ ပါတော့မည် ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေ ဖြစ်လေသည်။

တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ၁၀တန်း အောင်ငြမ်သည်။ အင်္ဂလိပ်၊ မြန်မာသတ္တမတန်း စာမေးပွဲ တွင် ဗမာတပြည်လုံး န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသား ကျောင်းများ တွင် ပဌမစွဲခဲ့၍ ဦးရွှေခိုဆု ကို ရရှိခဲ့ပြီးသည်နောက်၊ ရန်ကုန်တက္ကသိုလ်တွင် ၆နှစ်ခွဲမျှ နေခဲ့ သည်။ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် (ဘီအေ) အထက်တန်း အထိအောင်ရုံသာ အောင်ခဲ့သည်။

(ဘီအေ) အထက်တန်းနှစ်တွင် ကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်၍ အလုပ်ရှုပ်သဖြင့် (ဘီအေ) စာမေးပွဲ တစ်နှစ်မဖြေပဲ နေခဲ့ရသည်။ နောက် (ဘီအယ်လ်) အတန်းကို တက်ခဲ့သည် အတန်းလည်း မှန်မှန်မတတ် စာအုပ်လည်း မရှိ မှတ်စုလည်း မထား။ စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီအယ်လ်) ပထမနှစ်စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော်တစ်သက်တွင် လိုက်စားသဖြင့် စာမေးပွဲပထမဆုံးနှင့်နောက်ဆုံး ကျရှုံး ခြင်းပင် ဖြစ်ပေသည်။

ကျရှုံးသော်လည်း ဥပဒေရာဇ၀င်ဖြစ်သော ပထမမေးခွန်းစာတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ (ဘီအယ်လ်)နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေ တော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ်အခြေအနေနှင့် ဗမာ ပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည် အတွက် ကိုယ်ထိ လက်ရောက်လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။ မြန်မာစာသင်ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်နိုင်သည့် အချက် တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်ခြင်း၊ ကလေးဘ၀သစ်ပင်တက်၊ ရေကူးအလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သဘော တည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင် တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင် တက်သည်ကို မြင်လျှင် အဆိုအမည်ခံရသည်။

ရေကူးသည်ကိုမြင်လျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာ မှ အခွင့် အလမ်း ရခဲ့ ၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်းအမျိုးသား ကျောင်းနေစဉ် ကလည်း အခွင့်အလမ်းမရခဲ့၊ မရခဲ့သည်မှာ အမျိုးသားကျောင်းဖြစ်သည့်အတိုင်း၊ ဆင်းရဲ သဖြင့် ကစားခုန်စား၊ လေ့ကျင့်ရာနေရာ၊ ကိရိယာ၊ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့ အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်ပေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုး တို့ အခြေနေသည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။

ပညာဆိုသည်မှာ စာအုပ်စာတမ်းတတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် "အတိုင်းအဆမထင်" အလွန် ကျယ်ပြော နက်နဲ လှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက် တွင်းမှ မြေကြီးထဲသို့ ရောက်သည် အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် လူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင် ပေ။

ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်း သော ဥာဏ်အားလုံး ကို၎င်း၊ မိမ်ဥာဏ်အမြင်အရစိတ်နေ စိတ်ထား ဓိတ်ဓါတ်ကို၎င်း၊ (Emotion of The Education) ပြုပြင်ပြုစုစီမံထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီး ပင်ရစေကာမူ၊ ပညာဆိုသော သဘာဝအဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ် နားလည်းခြင်းမရှိခဲ့သော် တကယ် အရာမရောက် အသုံးမ၀င်ပေ။ ပညာသည် စာအုပ် များထဲ၌သာရှိသည်မဟုတ် စာအုပ်ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်များကို တိုးတက်စေရမည်။ လူထု၏ ဆန္ဒအားလုပ်အားကို နူးညွှတ်စေ ရမည်။ ရာဇ၀င်သိရုံသမဟုတ်၊ ရာဇ၀င်ကို ဖန်တီးစေရမည်။ လောကဓါတ်ပညာ ကို သိရုံသာ မဟုတ်၊ လောကဓါတ်ပညာကို တိုးချဲ့နိုင်ရမည်။

ပထမပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်သည့် ထက်ကောင်းသောလောကကို ဖန်ဆင်း နိုင်စေရမည်။ ဤကားပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရ မည့်ပညာတွင် သညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချမ်းသာ တိုးတက် ၍"သညာ" မရှိပါမူလည်း ဤမျှပိုမိုဆန်းကျယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလညနိုင်ပေ။

လောကဓါတ်ပညာကို အတတ်မသိဘဲ လောကဓါတ်ပညာဥာဏ်ကိုသုံးလျှင် လောကဓါတ်ပညာ၏ တန်ဘိုးကို ဒင်ပြည့်မသုံးနိုင်ပေ။ တိုင်းပြည်အခြေအနေ၊ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဥပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်းမပြုနိုင်ပေ။ မွေးကတည်းက သေသည့် အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညတ်သည်ဟု မဆိုနိုင်ပေ၊ လူတစ်ယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင်ပြောင်းလဲရမည့်သာတည်။

ယနေ့အယူအဆနှင့် နက်ဖြန်အယူအဆတို့မှာ တူချင်မှတူပေမည်။ အမှန်ကား လူတစ်ဦး၏ တစ်ဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည်သမာဓိ မတည် ရှေ့နောက် မညီ ဟု ထင်မှတ်မှားလေသည်။ သမာဓိမတည်ခြင်းသည် ကိုယ်ကျင့်တရားဖောက် လွှဲ၊ ဖောက်ပြန်ဖြစ်ခြင်း ပေတည်။ ၀ါဒပြောင်းမှုမှာ ဥာဏ်အမြင်၏ပြောင်းလဲမှုကြောင့် သမာဓိမတည် ခြင်းမဟုတ်ပေ၊ တနည်း တိုးတက်ခြင်း ပေတည်း။

အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ရရှိသူ ရှိပေသည်။ သမာဓိဆိုသည်မှာ လောက၏အကောင်းအဆိုး၊ အကျိုးအဖြစ် အပျက်၊ သနစ်စုံကိုပိုင်းခြားထင်ထင်သိမြင်၍ ဆင်းရဲလည်းဝမ်းမနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု ဘေးဒုက္ခအန္တရာယ်တို့ကို မထိတ်မလန့် တမတ်တည်း တည်ငြိမ်စွာ ရှိခြင်းကို ဆိုလေသည်။

ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ့်ကျင့်အမူအရာ ဘမ်းပြ တည်ငြိမ်မှုကို လူအပေါင်း က သမာဓိ ဟု လူများပြောစမှတ်ပြုကြလေသည်။ အမှန်စင်စစ်ကား-ထိုဘမ်းပြ တည်ငြိမ်မှု နောက်တွင် မည်မျှ အတွင်း ဖောက်လွှဲဖောက်ပြန်မှုများ တိုးပွားများပြားသည်ကို လူအပေါင်း တို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒျကြီး၍ မျက်နှာထားအလွန်တည်သူ တယောက် ဟု အသိအမှတ်အပြုခံရလေ သည်။ ကျွန်တော်၏ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွှဲ ဖောက်ပြန် သဘောကို မပြပေ။ သို့သော်အကယ်ပင် ကျွန်တော်သည်သမာဓိရှိ၏။ မည်မျှ သမာဓိ တရားကို ပိုင်ဆိုင်ပေသ နည်း။ ကျွန်တော်သာလျှင် အသိဆုံးဖြစ်ပေသည်။ ကျွန်တော်၏ အတွင်း လှုပ်ရှားမှုတို့ကို ဤစာအုပ် ကိုဖတ်ရင်းဖတ်ရင်း တွေ့မြင်ကြရပေလိမ့်မည်။

ကျွန်တော် ၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရား ကို လုံးဝမပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာ ပင်တည်း။ ယခုလည်း ကျွန်တော်သမာဓိတရားကို ပိုင်ပြီလော။ လုံးဝမပိုင်ဆိုင်သေးပေ။ ထို့ ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်မဆိုကြပါနှင့်ဦး။ လူတစ်ယောက် ဥာဏ်အမြင် လှုပ်ရှား ပြောင်းလဲ မူဝါဒပြောင်းလဲမှုကို သမာဓိမတည် ဟု တံဆိပ် အရိုက် မစောသင့်ပေ။ 
ဥပမာ အားဖြင့် လွန်ခဲ့သော နှစ်များက အရှင်အာဒိစ္စ၀ံသဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခူနီမများ ရှိသင့်သည်ဟု စာအုပ်တအုပ် ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ပြောင်းလဲမှုသည် မှားချင်လည်းမှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိ အလားဖြင့် အမှားမရှိသူ မရှိ။ အမှားသိမှ အမှန်မြင်လေသည်။ အမှားတခါလုပ်မိ လျှင် အမှားနှစ်ခါ လုပ်မိသော အခါ မှန်လာပေလိမ့်မည်။

သို့သော်လည်း မှားပင်မှားစေကာမူ၊ မိမိဥာဏ်အမြင်အလျှောက်ပြောင်းလဲမှုမှာ ရှိအပ်သည်သာ တည်၊ လှေနံဓါးထစ် ဆိုသော အလုပ်အပြောအတွေးတို့မှာပညာ၏ အဓိပ္ပါယ်ဆန့်ကျင်ဘက်ပေ တည်း။
ဗုဒ္ဓဂေါတမ သည် သဗ္ဗညူတ ရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကို ကျော်ကာ ရှာဖွေ တွေ့ရှိ ခဲ့လေသည်။ ထိုဥာဏ်တော်ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌ သိဒ္ဓတ္ထမင်းသားသည် မိမိ ဥာဏ်အမြင် အရ အနုမာနမျက်ရမ်းဆ၍ ပြောင်းလဲမှုရှိလာလေသည်။

အလှယ်လှယ်အပြောင်း ပြောင်းအသောင်းမကသော မောင်းမမိဿံချွေရံ ပရိသတ်တို့နှင့်တကွ၊ နန်းသုံး ဆောင်ဝယ် မင်းစည်းစိမ် ကို စွန့်ပယ်၍ သောင်မမြင်ကမ်းမမြင် ရသေ့၊ ရဟန်းအသွင်လျော်တေသင်္ကန်း တို့ ၀တ်ဆင်၍ "ဘိက္ခူနီသီလောတိယာစနသီလောတီ ဘိက္ခူ"ဟူသည်နှင့်အညီ၊ သူတောင်းစားဘ၀မျိုးသို့ ပြောင်းလဲမှု သည် သာမန်ပကတိ မျက်စိအားဖြင့်ကြည့်လျှင် ရူးသည်မိုက်သည်ဟု ဆိုရပေမည်။ မိမိ၏ မင်းစိတ် မင်းဝါဒကို ဆန်းကျယ်သော လောကစိတ်၊ လောက၀ါဒ အား ဤသို့ပြောင်းလွဲခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း
မှတ်ချက်-မူရင်းသတ်ပုံအတိုင်း။


အပိုင်း (၂) သို့ မျှော်----->>>

0 comments to “စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁)”

Post a Comment