Thursday, August 15, 2013

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ သတင်းထုတ်ပြန်ကြေညာချက်

,
 
၁။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် ၂၀၁၃ခုနှစ် သြဂုတ်လ(၁၃)ရက်၊ အင်္ဂါနေ့က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီသစ်ပါတီမှ ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

၂။ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရာတွင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားတို့၏ သတင်းသိခွင့်ကို ဖြည့်ဆည်းပေးရန်အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအကျိုးအလို့ငှာ ကောင်စီက ရေးဆွဲထားသည့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး မှတစ်ဆင့် လွှတ်တော်သို့တင်သွင်းမည့် လုပ်ငန်းစဉ်များ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ကောင်စီ၏ ပြင်ဆင်အကြံပြုချက်များမပါဝင်ဘဲ ရေးဆွဲထားပြီး ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပါ ကောင်စီက သဘောမတူ၊ ကန့်ကွက်၊ ပြင်ဆင်ထားသည့်အချက်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကောင်စီအကြား အထက်ပါ ဥပဒေနှစ်ခုအပေါ် အမြင်မတူ ကွဲပြားချက်များ၊ နှစ်ဖက်သဘောတူထားခဲ့သည့် ကတိကဝတ်များ၊ နှစ်ဖက် အချေအတင်ဖြစ်ပွားခဲ့သည်များနှင့် ကောင်စီက မကြာမီတင်သွင်းမည့် သတင်းမီဒီယာဥပဒေအပေါ် ထောက်ခံဆွေးနွေးပေးရန် စသည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

၃။ ထိုသို့ အပြန်အလှန် ဆွေးနွေးရာတွင် ကောင်စီက မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် သတင်းမီဒီယာဥပဒေသည် အမှန်တကယ် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများ မထားဘဲ မည်သည့်ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းသည့် ဥပဒေဖြစ်စေ ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။

၎။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မည်သည့်အရေးကိစ္စမဆို၊ မည်သည့်ဥပဒေမဆို ပြည်သူလူထုအကျိုးရှိမည် ဆိုပါက ထောက်ခံဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်နှစ်ရပ်လုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားများကိုလည်း ပါတီ၏ ဦးတည်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ပါက လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ပြုထားကြောင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူလူထုအကျိုးကာကွယ်စောင့်ရှောက်မည့် ဥပဒေမျိုးဖြစ်ပါက ထောက်ခံဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၅။ ကောင်စီကရေးဆွဲထာသည့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပေးမည်ဟု ကမ်းလှမ်းလာသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ယင်းပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် တွေ့ဆုံကာ လာမည့် တနင်္လာနေ့ (၁၉-၈-၂၀၁၃)တွင် အမျိုးသားလွှတ်တော်မှတစ်ဆင့် တင်သွင်းရန် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။

၆။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့်လည်း တွေ့ဆုံခွင့်တောင်းခံကာ သတင်းမီဒီယာဥပဒေကြမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးသွားရန် ရှိပါသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)

0 comments to “မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ သတင်းထုတ်ပြန်ကြေညာချက်”

Post a Comment