Sunday, August 18, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၄)

,


(၂)

ဒုတိယကမ္ဘာစစ်ကြီးမှ ပေါ်ထွက်လာသည့် အချက်တစ်ချက်မှာကား အထူးသဖြင့် အာရှတိုက်တွင် နယ်ချဲ့စနစ် ၏ခေတ်ကုန်ဆုံးပြီဆိုသော အချက်ပင်ဖြစ်သည်။ အာရှတိုက်သည် အားအင်သစ်များနှင့် ပြည့်စုံ လာကာ ကမ္ဘာ့နိုင်ငံရေးထဲသို့ ပို၍ပို၍ချဉ်းနင်းဝင်ရောက်လာလေပြီ။ နိုင်ငံပေါင်းစုံအဖွဲ့အစည်းတို့ တွင် အာရှတိုက်ကို လျစ်လျူရှုထား၍မရတော့ပေ။ အာရှတိုက်၏အသံသည်လည်း ကျယ်၍ကျယ်၍လာ လေပြီ။ ဤအသံကို အင်ဒိုနီးရှားတွင်လည်းကောင်း၊ အင်ဒိုချိုင်းနားတွင်လည်းကောင်း၊ ဗမာပြည်တွင် လည်း ကောင်း၊ အိန္ဒိယပြည်တွင်လည်းကောင်း၊ အခြားနေရာများတွင်လည်းကောင်း ကြားနေရလေပြီ။ အာရှတိုက်၏ တိုးတက်လာမှုကို တရုတ်ပြည်တွင်လည်း မြင်နိုင်လေသည်။ အာရှတိုက်မှာရှေ့သို့ချီတက် နေပါပြီ။

ကမ္ဘာ့သည် တိုးပွားနေသော အာရှညီညွတ်မှုအင်အားကိုလည်း ထည့်သွင်းတွက်ရတော့မည်မ ဟုတ်။ ကျွန်တော်တို့သည် စုစည်းညီညွတ်၍ ဆန်းသစ်သောအာရှတိုက်စနစ်ကို တည်ဆောက်ကြတော့ မည်။ သို့သော် စစ်ဝါဒီဂျပန်ပြည်၏ သာတူညီမျှနယ်ပယ်မျိုး၊ အာရှတိုက်ဆိုင်ရာ မွန်ရိုးစာတမ်းမျိုး၊ နယ် ချဲ့သမား ဦးစားပေး စနစ်မျိုး၊ ငွေရေးကြေးရေး အုပ်စုမျိုးကားမဖြစ်စေရ။ ကျွန်တော်တို့ကို တစ်ဦးချင်းဖြစ် စေ၊ စုပေါင်း၍ ဖြစ်စေ၊ အပြင်လူတစ်ဦးက လာရောက်ချမှတ်ပေးသောစနစ်မျိုး၊ လူမျိုးတစ်မျိုးက အခြား လူမျိုးများအပေါ် ကြိုးကိုင်အာဏာပြနိုင်သောစနစ်မျိုးမဖြစ်စေရ။ မည်သို့ဖြစ်စေ အပြင်လူတစ်ဦးကလာ ၍ အချင်းချင်းတိုက်ပေးနိုင်သော စနစ်မျိုးမဖြစ်စေရ။

ကမ္ဘာ့မိသားစုအဖွဲ့အစည်းကြီး၏ အာရှတိုက်အဖွဲ့ ခွဲသာဖြစ်၍ အာရှတိုက် ညီညွတ်ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးအတွက်ဖွဲ့သော အဖွဲ့အစည်း၊ အာရှ တိုက်တစ်ခုအတွက်သာမက တစ်ကမ္ဘာလုံး ၏လွတ်လပ်ရေး၊ လုံခြုံရေး၊ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကို ရယူရန်ဖွဲ့သော အဖွဲ့အစည်း ဖြစ်သည်။ လူမျိုးရေးအရနှင့် ပထဝီပိုင်းခြားမှုအရ သီးသန့်ထားသည့် သဘောရှိသော အဖွဲ့အစည်းမျိုး လည်း မဖြစ်စေရ။ သို့သော် ကိုယ့်တိုင်းပြည်ကိုယ် စနစ်ကျအောင် ပထမကြိုးပမ်းသည့် အခြေခံနှင့် လက်တွေ့ ကျသော တာဝန်များကို ချမှတ်နိုင်စေရမည်။ ထို့ပြင် အာရှ တိုက်၏ကြမ္မာကို တွေ့ရှိ ဖန်တီး နိုင်စိမ့်သောငှါနှင့် ကမ္ဘာ့ယဉ်ကျေးမှုကိုလည်း ပိုမိုကြွယ်ဝအောင် အထောက်အကူပြုနိုင်စိမ့်သောငှါ အာရှယဉ်ကျးမှု ကို ပြန်လည်စုစည်းထိန်းသိမ်းရေးစသည့် အာရှတိုက် နှင့်သာဆိုင်သော တာဝန်ရပ် များကိုလည်း ချမှတ်နိုင်ရပေမည်။

ဖြစ်ပေါ်လာမည့် အာရှတိုက်သစ်ကို ကျွန်တော်ဤသို့မြင်ပါသည်။ လောလောဆယ်တွင်မူ အာရှတိုက် အတွင်းမှ လည်းကောင်း၊ အပြင်မှလည်းကောင်း၊ အဖိနှိပ်ခံပြည်သူတို့သည်လည်းကောင်း ပူးပေါင်းလိုသ မျှသောသူတို့ ပူးပေါင်းကြရမည်။ အတူတကွ ချီတက်ကြရမည်။ အလုပ်တူလုပ်ကြရမည်။ လက်တွဲကြရ မည်။ လိုအပ်ပါက ကျွန်တော်တို့တင်ပြ၍ဖြစ်စေ၊ အခြားသူတစ်ဦးဦးက တင်ပြ၍ဖြစ်စေ လတ်တလော အမျိုးတူ ပြဿနာများကို ရင်ဆိုင်ရန် ကြားဖြတ်ပူးတွဲအစီအစဉ်များပြုလုပ်ကြရမည်။ ကျွန်တော့်ပုဂ္ဂိုလ် အရမူ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတည်းဟူသော အသိဉာဏ်ကို မသိမမြင်ကြသေးမီ ဤ သို့သော ခြေလှမ်းမျိုးလှမ်းသင့်သည် ထင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်အမြင်များကို အာရှ တိုက်နှင့် တစ်ကမ္ဘာလုံးရှိ ညီအစ်ကိုတော်များ ရှေ့မှောက်တွင် ထိုက်တန်သလောက် စဉ်းစားနိုင်ရန် တင်ပြ လိုက်ခြင်းဖြစ်ပါသည်။

ကျွန်တော် ဤနေရာတွင် ရက်စက်ကြမ်းကြုတ်သော စိုးမိုးမှု၊ အင်အားသုံး၍ အနိုင်ယူမှု၊ လုပ်ကြံ၍အ သေရေဖျက်မှု စသည့် မိုက်မဲယုတ်မာသော အင်အားစုများကို ရဲဝံ့စွာခုခံတိုက်ခိုက်နေကြသည့် အင်ဒိုနီး ရှားပြည်သူ များနှင့် အင်ဒိုချိုင်းနားပြည်သူများကို ကျွန်တော့်တိုင်းပြည်ကိုယ်စား အူလှိုက်အသည်းလှိုက် ချီးကျူး ဂုဏ်ပြုလိုပါသည်။ သမုဒ္ဒရာနှင့် တောတောင်များ ခြားနားနေစေကာမူ ကျွန်တော်တို့သည် သူတို့ နှင့် အတူရှိသည်။ သူတို့တိုက်ပွဲကို ကျွန်တော်တို့တိုက်ပွဲဟုပင် ယူဆပါသည်ဟု ဤရဲရင့်စွန့်စားသူများ ကို သိစေ အပ်ပါသည်။ သူတို့ကဲ့သို့ပင် ကျွန်တော်တို့သည်လည်း လွတ်လပ်ရေးရရန် သန္နိဋ္ဌာန်ချထားပြီး ကြပါပြီ။

ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနားမှ ပြည်သူအပေါင်းတို့၊ ယနေ့အဖို့ အ ကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့၏အမျိုးတူလုပ်ငန်းများအတွက် ရဲဘော်တို့နှင့်လာရောက် မပူး ပေါင်းနိုင်သေးသော်လည်း လာရောက်ပူးပေါင်းနိုင်ရန် အစွမ်းကုန်ကြိုးစားကြပါမည်။ ရဲဘော်တို့၏တိုက် ပွဲကို ဆက်လက်ဆင်နွှဲကြပါ။ ကျွန်တော်တို့ဆုမွန်ကောင်းတောင်း၍ အကောင်းဆုံးသော ဆန္ဒများပို့ လိုက်ပါသည်။ ထိုမျှမက ဆုတောင်းရုံ၊ ဆန္ဒပို့ရုံမျှထက် ပို၍ဆောင်ရွက်နိုင်အောင် ကြိုးစားကြပါမည်။ ရဲဘော်တို့၏အားထုတ်မှုသည် မကြာမီတွင် အောင်မြင်မှုသရဖူဆောင်းရပါစေ။

တရုတ်ပြည်သူလူထုအားလည်းကောင်း၊ မာရှယ်ချန်ကေရှိတ်အားလည်းကောင်း၊ မော်စီတုန်း၊ ဗိုလ်ချုပ် ချူတေးနှင့်တကွ တရုတ်ပြည်တွင် အလင်းရောင်ပေးကာ တရုတ်ပြည်ကြီးကို ခိုင်မာစွာညီညွတ်ရေး တည်ဆောက်ပေးနေကြသည့် ခေါင်းဆောင်များကိုလည်း မေတ္တာရပ်ခံလိုပါသည်။ ၎င်းတို့၏တရုတ် ပြည်အတွက်သာမက အာရှတိုက်နှင့် တစ်ကမ္ဘာလုံးအတွက် သမိုင်းကပေးအပ်သော တာဝန်ကိုကျေပွန် အောင် ထမ်းဆောင်ရန်ရှိသေးကြောင်း၊ ၎င်းတာဝန်ကိုလည်း သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်ကြပါက ကျေပွန် အောင် ထမ်းဆောင်နိုင်ကြပြီး ၎င်းတို့ကိုယ်တိုင် ကမ္ဘာ့ခေါင်းဆောင်ကြီးများဖြစ်လာနိုင်ကြောင်းကို လေး စားစွာဖြင့် သတိပေးလိုပါသည်။ ကျွန်တော်တို့သည် အိမ်နီးချင်းနိုင်ငံတစ်ခု၏ငြိမ်းချမ်းမှုကို အမှန်လို လားသူများအဖြစ်နှင့်တကွ ကျွန်တော်တို့နိုင်ငံ၊ ကမ္ဘာ့အရှေ့ဖျားနှင့် တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းမှုကို လိုလား သူများအဖြစ် ဤသို့မေတ္တာရပ်ခံရခြင်းဖြစ်ပါသည်။

အလားတူပင် အိန္ဒိယပြည်ခေါင်းဆောင်ကြီးများဖြစ်ကြသော မဟတ္တမဂန္ဒီ၊ မစ္စတာဂျင်နား၊ ပန်ဒစ်ဂျဝါ ဟာလာလ်နေရူး၊ ဥက္ကဋ္ဌကြီးအဇဒ်နှင့် အခြားပုဂ္ဂိုလ်များအား တစ်ညီတစ်ညွတ်တည်း ရှေ့သို့ချီတက်ကြ ပါရန် မေတ္တာရပ်ခံလိုပါသည်။
ကျွန်တော်တို့တိုင်းပြည်တွင် နေထိုင်ကြကုန်သော အိန္ဒိယလူမျိုးများနှင့် တရုတ်လူမျိုးတို့ကို ကျွန်တော် ပြောလိုသည်မှာ ကျွန်တော်တို့သည် သူတို့ကိုလည်းကောင်း၊ ကမ္ဘာပေါ်ရှိ အခြားမည်သည့်လူမျိုးကိုဖြစ် စေလည်းကောင်း မုန်းတီးသောစိတ်ထားမရှိပါ။ သူတို့သည် ကျွန်တော်တို့နှင့် ပူးပေါင်းရန်လာကြပါလျှင် ညီအစ်ကိုရင်းချာပမာ ကျွန်တော်တို့က ကြိုဆိုပါမည်။

ကျွန်တော်တို့အား မိတ်ဆွေများ၊ အိမ်နီးချင်းများ အဖြစ်သာ ကူညီလိုသည်ဆိုပါကလည်း ကျွန်တော်တို့ ကလည်း ဤသဘောအတိုင်းပင် တုံ့ပြန်ပါမည်။ သို့သော် ကျွန်တော်တို့ပြည်တွင်းနိုင်ငံရေးတွင် တစ်ဖက်မှ သူတို့ကို ခုတုံးလုပ်သွားခြင်းမခံရအောင် သတိထားကြရမည်။ ယနေ့အဖို့တွင် အချို့သူများက ဗမာပြည် တွင် သူတို့နှင့် ကျွန်တော်တို့ကိုရန်တိုက် ပေးလိုစိတ်ရှိနေကြသည်။ ဤသူတို့သည် သူတို့ထံ အခွင့်အရေး အနည်းငယ် သာပါသော ကတိပေါင်း မြောက်မြားစွာနှင့် ချဉ်းကပ်လာကြပေလိမ့်မည်။ ဤသူများ၏ လိမ်လည်မှုကိုမခံရလေအောင် သူတို့ ဂရု ပြုကြရပေလိမ့်မည်။ သူတိုသည် ကျွန်တော်တို့နှင့် မိတ်ဆွေ ဖြစ်လိုသလား၊ ရန်သူဖြစ်လိုသလားကို အပြီးအပိုင် ရွေးချယ်ရပါလိမ့်မည်။ တစ်ချိန်တည်း၌ မိတ်ဆွေရော ရန်သူပါမဖြစ်နိုင်ပါ။ ဥရောပတိုက် သားများကို ပြောလိုသည်မှာ ကျွန်တော်တို့ကား မိတ်ဆွေအဖြစ် ဆက်လက်နေလိုပါသည်။ သို့သော် သခင်နှင့် ကျွန်ဆက်ဆံရေးမှုမျိုးတော့ မဖြစ်နိုင်ပါ။ ညီမျှမှုပေါ်တွင် အခြေခံသည့် ဆက်ဆံရေးသာဖြစ်ရ ပါမည်။
(၃)

ယခု ကျွန်တော် ပြည်တွင်းရေးအကြောင်း ဆက်လက်တင်ပြပါမည်။ သို့သော် ပြည်ပရေးရာကို ဘာ ကြောင့်အကျယ်တဝင့် တင်ပြခဲ့ရပါသလဲဆိုသည်ကို ပထမရှင်းလင်းလိုပါသည်။ ကျွန်တော်တို့ သဘော ပေါက်ပြီးဖြစ်ကြသည့်အတိုင်း ကမ္ဘာ့ဖြစ်ရပ်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေ၍ ကျွန်တော်တို့ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကမ္ဘာ့ဖြစ်ရပ်တို့က ကျွန်တော်တို့ကို ဂယက်ရိုက်သောကြောင့်ဖြစ်ပေ သည်။ ယခုပြီးခဲ့သည့် သုံးလေးနှစ်အတွင်း ဤသဘောကို ကျွန်တော်တို့ကောင်းစွာတွေ့မြင်ခဲ့ကြရပါပြီ။ သို့ဖြစ်၍ ကမ္ဘာ့ဖြစ်ရပ်များကို ကျွန်တော်တို့ကောင်းစွာနားလည်ရန် လိုအပ်ပေသည်။ ထို့ပြင်လည်း "လွတ်လပ်ရေး" "အချုပ်အချာအာဏာပိုင်ရေး"ဆိုသည့် စကားလုံး၏အဓိပ္ပာယ်မှာလည်း ယခင်ကဲ့သို့ "အကြွင်းမဲ့မှု" သဘောများ မရှိတော့ဘဲ ပြောင်းလဲလာခဲ့ပြီကို ကျွန်တော်တို့သဘောပေါက်ကြရပြီ။

ဤ သဘောမှာ တိုင်းပြည်ကြီးရော၊ တိုင်းပြည်ငယ်အတွက်ပါဖြစ်၍ နယ်ချဲ့သမားက  ကျွန်တော်တို့အား လွတ်လပ်ရေးပေးရမည်စိုးကာ သူတို့၏တပည့်တပန်းများနှင့်အတူ ငြင်းဆိုကြသလို တိုင်းပြည်ငယ်တို့ အတွက်သာ မဟုတ်ပါ။ အမှန်မှာ ယနေ့ကမ္ဘာတွင် တိုင်းပြည်ငယ်ပေါင်းမြောက်မြားစွာ လွတ်လပ်လျက် ရှိကြသည်။ ယင်းသို့သော လွတ်လပ်သည့် တိုင်းပြည်ငယ်တို့မှာ ပြင်ပမှကျူးကျော် တိုက်ခိုက်မှုခံရသော အခါ ဘာမျှမခုခံနိုင်ကြပေဟု တစ်စုံတစ်ဦးကပြောလာပါက၊ ၁၉၄၀-ခုနှစ်က ပြင်သစ်ပြည်ကျဆုံးခဲ့သည့် နည်းအတိုင်း တိုင်းပြည်ကြီးတို့မှာလည်း လုံခြုံမှုမရှိကြောင်း ပြီးခဲ့သည့် ကမ္ဘာစစ်ကြီးကသက်သေပြထား ပေပြီ။

သို့ဖြစ်၍ ကျွန်တော်တို့အား လွတ်လပ်ရေးမပေးလို၍ ဤသို့ငြင်းဆိုလာကြမှုကို ကျွန်တော်တို့ စဉ်းစားစရာ မဟုတ်၊ တကယ်ဆိုတော့ လွတ်လပ်သောဗမာပြည်သည် မိတ်ဆွေမဲ့တိုင်းပြည်ဖြစ်လိမ့်မည် မဟုတ်။ စင်စစ် အားဖြင့် ကာကွယ်ရေး၊ စီးပွားရေးကိစ္စတို့တွင် တူညီသောအကျိုးများအတွက် အခြား တိုင်းပြည်များနှင့် လွတ်လပ်စွာ မဟာမိတ်ပြုကာ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ့်တိုင်းပြည်အတွင်း  ကိုယ့် ဘဝကို ကိုယ် ဖန်တီး လိုသောကြောင့် ကျွန်တော်တို့လွတ်လပ်လိုကြခြင်းဖြစ်ပါသည်။ သို့ဖြစ်လျှင် ကျွန် တော်တို့၏ကမ္ဘာပေါ်ရှိ နိုင်ငံများအချင်းချင်း မှီခိုရေးဆိုသောအမြင်နှင့် ဗမာပြည်အတွက် အမျိုးသား လွတ်လပ်ရေးဆိုသော အမြင်နှစ်ခုကို မည်ကဲ့သို့ စပ်ဟပ်ပါမည်းနည်းဟု အချို့ကမေးကြလိမ့်မည်။

ကျွန်တော်စောစောကရှင်းပြခဲ့သလို အထက်ကချပေးသည့် သဘောမျိုးမဟုတ်လျှင် ဆိုဗီယက်ယူနီယံ ၏တိုးတက်လာနေသော သြဇာကို ခုခံတားဆီးရေးအတွက် ရည်ရွယ်၍ အင်အားချင်းညီမျှစေရေးဟူ သော ကျဉ်းမြောင်းသည့်အမြင်နှင့် ပြောဟန်ရှိသော မစ္စတာချာချီတစ်ကြိမ်က ပြောဖူးသည့် "ဥရောပ ပြည်ထောင်စု"မျိုးမဟုတ်လျှင် မိမိသဘောအရ ဖွဲ့စည်းသောအဖွဲ့ဖြစ်လျှင် ကောင်းပါသည်။ အမှန်စင် စစ် တစ်နေ့နေ့တွင် ပြင်သစ်ပိုင် အင်ဒိုချိုင်းနား၊ ယိုးဒယား၊ အင်ဒိုနီးရှားနှင့် ကျွန်တော်တို့ပြည်ပါဝင် သော "အင်ဒိုချိုင်းနား ပြည်ထောင်စု"ဆိုသည်မျိုး ဖွဲ့စည်းရန် လိုအပ်ကောင်းလိုအပ်၍ ဖြစ်နိုင်ကောင်း ဖြစ်နိုင် ပေလိမ့်မည်။ ဤသည်မှာ စိတ်ကူးယဉ်ခြင်းမဟုတ်။

လူမျိုးရေးအရ သေနင်္ဂဗျူဟာရေးအရ၊ စီး ပွားရေးအရနှင့် အခြားဘက်များတွင် တူညီမှုပေါင်း များစွာရှိသော ဤနိုင်ငံတို့၏သမိုင်းဖြစ်စဉ်အရ ဤ ပြည်ထောင်စုမျိုးဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။ သို့ဖြစ်၍ ကျွန်တော်တို့သည် လူမျိုးစုံသွေးစည်းရေး ဝါဒကို နားလည်အောင် ကြိုးစားရမည်။ မှန်ကန်သော လူမျိုးစုံသွေးစည်းရေးဝါဒကို ပြုစုပျိုးထောင်ပေးရ မည်။ အဘယ်ကြောင့်ဆိုသော် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဘက်ဘက်တွင် ကမ္ဘာ့အကောင်းဆုံးတို့၏အကျိုးအမြတ်တို့ကိုရကာ ကျွန်တော်တို့ ဘဝမှာလည်း အတိုင်းအဆမရှိ ပိုမို မြင့်မား ကြွယ်ဝလာစရာရှိသည်။ သို့မဟုတ်ဘဲ ကိုယ်ချည်းသာ နေမည်ဆိုက အကျပ်အတည်းများထဲမှ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ နောက်ပိတ်ဆုံး၌ ပျက်စီးခြင်း ကိုပင် ကြုံတွေ့ရဖွယ်ရာရှိပေသည်။

ဤ သို့သော သိပ္ပံနည်းကျသည့် လူမျိုးစုံသွေးစည်းရေးဝါဒ၊ အပြန်အလှန်အကျိုးပြု သဘောမျိုးရှိသည့် လူ မျိုးစုသွေးစည်းရေးဝါဒသည် အမျိုးသားရေး၏အကျိုးစီးပွားတို့နှင့် ကောင်းစွာကိုက်ညီသည်။ အဘယ့် ကြောင့်ဆိုသော် ယင်းကဲ့သို့သော လူမျိုးစုံသွေးစည်းရေးဝါဒသာ ပေါ်ပေါက်လာခဲ့ပါလျှင် ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့လွတ်လပ်မှုလည်း ရလာနိုင်ပေသည်။ ထိုအခါတွင် လူသားတစ်ရပ်လုံး၏တည် ဆောက်မှု စွမ်းပကားမှ ပေါ်ထွက်လာသည့်အကျိုးတို့ကို ကျွန်တော်တို့ ခံစားနိုင်ကြပြီး အနုမြူစွမ်းအား ကို သိပ္ပံနည်းအရ တွေ့ရှိလာရချက်ကိုလည်း အပြန်အလှန်ဖျက်ဆီးရမည့်နေရာတွင်မသုံးဘဲ ခန့်မှန်းနိုင် ခြင်းငှာ မစွမ်းသည့်ထုတ်လုပ်မှု အင်အားတို့ကို ဖော်ထုတ်ပေးရာတွင် ထိရောက်စွာ အသုံးပြုခြင်းဖြင့် ယနေ့ကျွန်တော်တို့ကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ထိုအခါ လူများ ကျန်းမာမည်၊ ပို၍အသက်ရှည်မည်၊ လူဦးရေနည်းမှုများမှုဆိုသော ပြဿနာတို့လည်း ပေါ်တော့မည်မ ဟုတ်။ ဝတ္ထုပစ္စည်းတို့တွင်လည်း ပေါများကြွယ်ဝလာမည်။ အချိန်ပြဿနာ၊ ဝေးကွာမှု ပြဿနာ တို့ကို လည်း အောင်နိုင်ပြီး ကမ္ဘာကြီးသည် အလှမ်းဝေးသော အိမ်နီးချင်း တို့၏ ကမ္ဘာမဟုတ်တော့ဘဲ နီးကပ် သော အိမ်နီးချင်းတို့၏ကမ္ဘာဖြစ်လာပေမည်။ မူလက အဆင့်မြင့်စွာဖြင့် တည်ရှိခဲ့သည့် လူသားတို့၏ ကမ္ဘာ့မိသားစုတည်းဟူသော သဘောမျိုးကို ကျွန်တော်တို့ပြန်ရောက်မည်။ ဤသဘော မှာ အလွန်တင့် တယ်သော သဘောဖြစ်သည်မှာ မှန်၏။ သို့သော် ယနေ့ ကမ္ဘာ့တိုင်းပြည် အချင်းချင်း ပို၍ပို၍ မှီခိုလာကြ ရပြီကို ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရပြီ။ ဖြစ်စဉ်တို့၏ယုတ္တိအရ ကမ္ဘာကြီး သည် ပို၍သာ ညီညွတ်လာရ တော့မည်။ ဤသည်မှာ မဖြစ်နိုင်သည်မဟုတ်၊ အချိန်မကျသေး၍သာ မရင့်ကျက် သေးခြင်းဖြစ်သည်။

ယခုပင် ကျွန်တော်တို့ "ဒေသဆိုင်ရာအုပ်စု"များ အကြောင်းပင်ပါနေသော ယုတ္တိသဘောတို့ဖြစ်သည်။ ခေတ်မီသိပ္ပံ နည်းစနစ်တို့ကလည်း ဤဖြစ်စဉ်ကို ပို၍လျင်မြန်စေမည်သာဖြစ်သည်။ ရူပသိပ္ပံပညာနှင့် သဘာဝ သိပ္ပံနည်းတို့က လူမှုရေးသိပ္ပံ၊ စိတ်သဘောသိပ္ပံတို့၏အရှေ့က ပြေးနေသောကြောင့်သာ စစ် များ၊ အကျပ်အတည်းများစသည့် အချိုးမကျသေးမှုကလေးများ ကျွန်တော်တို့ တွေ့နေရသေးခြင်းဖြစ် သည်။ သို့သော် ဒုတိယသိပ္ပံပညာနှစ်မျိုးကလည်း ပထမသိပ္ပံပညာနှစ်မျိုးကို အမီလိုက်နေပြီဖြစ်၍ မီ သွားသော အခါ အထက်ကဖော်ပြခဲ့သည့် လူမျိုးစုံသွေးစည်းရေးသဘောသည် ဖြစ်နိုင်သည့် နယ်ပယ် ထဲသို့ ရောက်လာပေတော့မည်။ ဤအတောအတွင်းတွင်ကား ဤသဘောဘက်သို့ ဦးတည်၍ဖြစ်နိုင်သ လောက် ကျွန်တော်တို့ဆောင်ရွက်သွားကြရမည်။ ဤသည်ပင်လျှင် သိပ္ပံနည်းကျသော လူမျိုးစုံသွေး စည်းရေး ဝါဒဖြစ်သည်။ အမျိုးသားရေးစစ်စစ်ဆိုသည်မှာလည်း မရှိပေ။

အမျိုးသားရေးဆိုသည်မှာ ဘာ လဲ၊ အမျိုးသားရေးဆိုသည်မှာ ရပ်တန့်နေသော၊ အကြွင်းမဲ့ပြီး ပြည့်စုံသော အရာဝတ္ထုလား၊ မဟုတ်ပေ။ ယင်း၏အနှစ်သာရရော ပုံသဏ္ဍာန်သည်ပါ ထာဝရပြောင်းလဲနေသည်။ လူမျိုးရေး၊ ဘာသာရေး၊ စာပေ ရေးဆိုသော ကြွေးကြော်သံတို့ဖြင့်သာ အမျိုးသားရေးဝါဒကို တည်ဆောက်ထားသည်မဟုတ်ကြောင်း လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးသိပ္ပံကို လေ့လာသူတိုင်း သိကြသည်။ မည်သည့် တိုင်းပြည်တွင်မဆို လူမျိုး တစ်မျိုးမကရှိကြသည်။ ယနေ့အဖို့ ကျွန်တော်တို့တွင် လူမျိုးတစ်မျိုးတည်းက ဘာသာအမျိုးမျိုးကို ကိုး ကွယ်နေကြသည်။ အမေရိကန်နှင့် အင်္ဂလိပ်တို့သည် စာပေတစ်ခုတည်းဖြစ်သော်လည်း တိုင်းပြည်တစ် ပြည်တည်းမဟုတ်။

ဆိုဗီယက်ယူနီယံတွင် ဘာသာစကားပေါင်းမြောက်များစွာရှိလျက် ပြည်သူလူထုမှာ တစ်လုံးတစ်စည်း တည်းရှိသည်။ သို့ဖြစ်လျှင် အမျိုးသားရေးဝါဒဆိုသည်မှာ ဘာလဲ။ အဓိကအချက်မှာ တူညီသော ဘဝတစ်ခု တွင် အေးအတူ ပူအမျှနေရခြင်း၊ လူမျိုးရေးအလိုက် ဘာသာစကားအလိုက် တူ ညီသော အကျိုးစီးပွားများကို တိုးတက်ဖွံ့ဖြိုးစေရခြင်း၊ တစ်မျိုးတည်း တစ်စားတည်းသောအသိကိုပေး ခြင်း၊ တစ်မျိုးတည်း တစ်စားတည်းဖြစ်နေရန် လိုအပ်မှုကိုလည်း အသိပေးခြင်းဖြစ်စေသည့် တူညီသော ထုံးတမ်းစဉ်လာ များကို ပြုစုပျိုးထောင်ခြင်းတို့ဖြစ်သည်။ သို့ဖြစ်၍ လူမျိုး၊ ဘာသာနှင့် စာပေတို့မှာ လူမျိုး တစ်မျိုး ဖြစ်ရန် ဖန်တီးသည့် အခြေခံအချက်များ မဟုတ်ပေ။

သမိုင်းဖြစ်စဉ်အရ တူညီသော ဘဝတစ်ခု တွင် အတူတကွနေရမှုသည်သာ အမျိုးသား၊ အမျိုးသားရေးကို ဖန်တီးသည့် အဓိကမူတစ်ခုဖြစ်သည်။ ယနေ့အဖို့ တိုင်းပြည်အချင်းချင်း ပိုမိုကူးလူးဆက်ဆံလာမှုတို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေများတွင် နိုင်ငံခြားသားများ တိုင်းရင်းသား အဖြစ်ခံယူရေး နှင့် ပတ်သက်သည့် ပြဋ္ဌာန်း ချက်များပါရှိသည်။ ကျွန်တော့်အမြင်အရဆိုလျှင် တစ်ချိန်က အမျိုးသားရေး ဆိုသည်တွင် ဗဟိုမှဘေးသို့ တွန်းကန်ထုတ်သည့်သဘော၊ အဓိက လူမျိုးတစ်မျိုး မှ လူမျိုးများ ခွဲထွက် သွားခြင်းသဘောရှိ၍ ယနေ့အ ဖို့တွင်မူ ဗဟိုသို့ပြန်လည်စုစည်းသည့် သဘောမျိုး သို့ပြောင်းလဲလာပြီဟု မြင်သည်။

သို့ဖြစ်၍ အမျိုးသား ရေးနှင့်ပတ်သက်သော ကျွန်တော်တို့ အယူအဆမှာလည်း ခေတ်နှင့်အတူ လှုပ်ရှားပြောင်းလဲတိုးတက် ရပေမည်။ သို့မဟုတ်က လူသားတစ်ရပ်လုံးအတွက် အလွန်မလိုလားအပ်သော ဖြစ်ရပ်တစ်ခုပင်ဖြစ် သည်ဟု ကျွန်တော်တို့တွေ့မြင်ခဲ့ရသော ဖက်ဆစ်စနစ်တွင်းကဲ့သို့ ကိုယ့်အမျိုးသားရေးဝါဒတွင် ကိုယ် နစ်မြုပ်ကာ ဂျာမနီပြည်ကဲ့သို့ ကျွန်တော်တို့လည်း နောက်ဆုံး ပျက်စီး မည်သာဖြစ်သည်။ သို့သော် အချောင်သမား နိုင်ငံရေးခေါင်းဆောင်တို့သည် ပြည်သူလူထု၏ပြင်းထန်သော အမျိုးသားရေးစိတ်ဓာတ် ကို အမြတ်ထုတ်ကာ သူတို့အကျိုး သူတို့အသင်းအဖွဲ့၏အကျိုးကို ဆောင်ရွက်တတ်သော သဘောမျိုး သမိုင်းတွင်ရှိခဲ့သည်။ ဤသို့ အမျိုးသားရေးစိတ်ဓာတ်ကို အမြတ်ထုတ်တတ်ခြင်းကို ကျွန်တော်တို့သတိ ပြုရမည်။ သို့မဟုတ်ပါက အမျိုးသားရေး ပဋိပက္ခများကို ပေါ်ပေါက်စေရန် ကျွန်တော်တို့၏အာရုံကို အဓိက ရည်မှန်းချက်မှ ဝေးသွားအောင် ဖန်တီးခြင်းခံရပေလိမ့်မည်။

ယခု ကျွန်တော်တို့ကမ္ဘာ့အလားအလာ အာရှတိုက်အလားအလာတို့ကို ဆင်ခြင်သုံးသပ်ပြီးပါပြီ။ ကျွန် တော်တို့ ဦးနှောက်ကို ဝိုင်းဝန်းနေသည့် မရှင်းလင်းသော အမြင်များကိုလည်း ရှင်းလင်းပစ်ပြီးပြီ။ ယခု ကျွန်တော်တို့ ပို၍မှန်ကန်ရှင်းလင်းစွာ မြင်ကြရပြီ။ သို့ဖြစ်လျှင် ကျွန်တော်တို့ရှေ့တွင်ရှိသော အမျိုးသား ရေးတာဝန်ကို မည်သို့ထမ်းဆောင်ကြမည်နည်း။ ကျွန်တော်တို့ အမျိုးသားရေးတာဝန်အနက် အကြီးမား ဆုံး တာဝန်မှာလည်း အမျိုးသားလွတ်လပ်မှုရအောင် ဆောင်ရွက်ရေးတာဝန်ဖြစ်ကြောင်း ကျွန်တော်တို့ မြင်ခဲ့ကြပြီ။ ကျွန်တော်တို့ အမျိုးသားလွတ်လပ်မှုကို မည်သို့ရအောင် ယူကြမည်နည်း။
ယနေ့အဖို့ ဗြိတိသျှနယ်ချဲ့စနစ်သည်လည်းကောင်း၊ ကမ္ဘာ့နယ်ချဲ့စနစ်သည်လည်းကောင်း အလွန်တ ရာ အားနည်းသွားခဲ့ပြီ။

ကျွန်တော့်မိန့်ခွန်းအစပိုင်းတွင် ဤအကြောင်းကိုမြင်တွေ့ခဲ့ရပြီ။ ယနေ့ အာရှ တိုက်သည် တိုးတက်လျက် ရှိသည်။ ယနေ့ ကျွန်တော်တို့အင်အားကို ကျွန်တော်တို့ဘာသာ ထူထောင် မိပြီ။ ဤအင်အားသည်လည်း ထာဝရ ကြီးမားလျက်ရှိနေသည်။ ဗြိတိသျှနယ်ချဲ့စနစ်သည် ပြည်တွင်း ရေး ပြည်ပရေးတို့၌် ကြာလေ နစ်လေဖြစ်လာလိမ့်မည်။ ဗြိတိသျှနယ်ချဲ့သမားများသည် နိုင်ငံခြားရေး ကိစ္စတို့တွင် အမေရိကန်ကို တွယ်ကပ်နေရသော်လည်း အမေရိကန်ကလည်း ဗြိတိသျှနယ်ချဲ့သမားကို ယနေ့အထိ အကူအညီ ပေးနေသေးသော်လည်း သူတို့နှစ်ဦးတိတ်တိတ်ကြိတ်၍ စစ်ပွဲဆင်နွှဲကြရေး အတွက် နောက်ကွယ်တွင် ကယောင် ကတမ်း ပြင်ဆင်နေကြသည်ကို မြင်ရသည်။

ဗြိတိသျှနယ်ချဲ့စနစ် သည် ယနေ့ထက်တိုင် စီးပွားရေးနှင့် ဘဏ္ဍာရေးအုပ်စုများ၊ ဦးစားပေး အုပ်စုများအကြောင်း ကြံစည်စဉ်း စားဆဲဖြစ်၍ ဤသဘောကို အမေရိကန်ပြည်ထောင်စုနှင့် ဘရက်တန်ဂွဒ် ငွေရေးကြေးရေးစာချုပ်မှ ချေးယူသွားသောချေးငွေတို့နှင့် ပတ်သက်သည့် ပါလီမန်တွင်း ပါလီမန်ပြင် ဆွေးနွေးချက်တို့တွင် တွေ့ မြင်နိုင်ပေသည်။ ကျွန်တော်တို့ကား စီးပွားရေးအုပ်စုများ၊ ဦးစားပေးအုပ်စုများ ဖွဲ့စည်းခြင်းကို ဆန့်ကျင် ကြရမည်။ ကျွန်တော်တို့ကား တိုင်းပြည်အချင်းချင်း လွတ်လပ်စွာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို လိုလားသည်။ ဤသည်ပင်လျှင် ကမ္ဘာနှင့် ဗမာ၏ ယနေ့ လိုအပ်ချက် ဖြစ်သော ကြောင့်ပင်။

သို့သော် ဗြိတိသျှနယ်ချဲ့စနစ်က ဤသို့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို သဘောတူညီပုံမရ။ ဗြိတိန် ပြည်ရှိ ဆိုရှယ်လစ်ဆိုသူ အချို့သည်ပင်လျှင် လွတ်လပ်သော ကမ္ဘာ့စီးပွားရေးစနစ်ကို ဆန့်ကျင်လျက် ရှိကြသေးသည်။ သူတို့သည် အမျိုးသားစီးပွားရေးဝါဒ၊ စီးပွားရေးနယ်ချဲ့ဝါဒအမြင်မှ မလွတ်ကင်းကြ သေးသချေ။ ငွေစက္ကူကျပ်တည်းမှု၊ အလုပ်လက်မဲ့ဖြစ်ရမှုတို့၏ ဒဏ်ရာဒဏ်ချက် တို့ကိုလည်း မမေ့နိုင် ကြသေးပေ။ ငွေစက္ကူလဲလှယ်မှု ကြီးကြပ်ထားရေး၊ ဦးစားပေး အုပ်စုများ ထားရေးတို့မှာ လိုအပ်သေး သည်ဟု သူတို့ယူဆနေကြသေးသည်။ အမှန်မှာ အလုပ်လက်မဲ့ပြဿနာနှင့် အခြားပြဿနာတို့ကို စီး ပွားရေးနှင့် နိုင်ငံရေးတို့၌ တိုတောင်းသော အမြင်ရှိသည့် ဝါဒဖြင့် ဖြေရှင်း၍ ရမည်မဟုတ်။

အလုပ်လက် မဲ့ဖြစ်ရမှု၊ အလုပ်လက်မဲ့တို့အား အစိုးရက ထောက်ပံ့ကြေးပေးနေခဲ့ရမှုတို့မှာ ငွေစက္ကူကျပ်တည်း၍ ဖြစ် ခဲ့ရခြင်းမဟုတ်။ အရင်းရှင်စနစ်၏သဘာဝအရ မရှောင်မလွဲသာ ဖြစ်ခဲ့ရခြင်းဖြစ်သည်ကို ကျွန်တော်တို့ မြင်ခဲ့ရပြီ။ ဗြိတိန်ပြည်သူလူထုသည် ကြွယ်ဝချမ်းသာသော ဗြိတိန်ပြည်သစ် ကို ထူထောင်လိုပါက ပြည် တွင်းရေးပြဿနာ၊ ကိုလိုနီဆိုင်ရာပြဿနာနှင့် ကမ္ဘာ့ပြဿနာ တို့တွင် ဆိုရှယ်လစ်လုပ်ငန်းအရ ဆောင် ရွက်ကြရပေလိမ့်မည်။ ပြည်တွင်း၌ ပြည်သူတို့၏ စီးပွားရေး ကောင်းကျိုး အတွက် အဓိကတာဝန်ကို အစိုး ရက ယူရမည်ဖြစ်၍ ပုဂ္ဂလိကအရင်းရှင်တို့၏ လက်တွင် လွှဲအပ်ထားရန် မဖြစ်။

ပြည်ပရေးရာတွင် ကမ္ဘာ့ စီးပွားရေးစနစ်ကို ထောက်ခံရမည်။ ကိုလိုနီနိုင်ငံအားလုံးအား စွန့်လွှတ်ရမည်။ လွတ်လပ်လာသော ကို လိုနီနိုင်ငံမှ လုပ်သားအားလုံး၏ ကုန်လုပ်စွမ်းအားများသည် ထိုအခါ ကြီးမားစွာတိုးပွားလာပြီး၊ ဗြိတိသျှ ပြည်သူတို့ ပိုမိုကြွယ်ဝလာစေရေးအတွက်ပင် အကျုံးဝင်လာအောင် ဆောင်ရွက်နိုင်လိမ့်မည်။ ဗြိတိသျှ ပြည်သူလူထုက လေဘာပါတီအား အစိုးရအဖြစ် ရွေးကောက် တင်မြှောက်လိုက်ခြင်းမှာ ဤသဘောပင် ဖြစ်သည်ဟု ကျွန်တော်တို့နားလည်သည်။ သူတို့သည် ပြည်တွင်းပြည်ပဆိုရှယ်လစ်စနစ် တည်ဆောက် လိုကြသည်ဟု ကျွန်တော်တို့ နားလည် ကြသည်။ အခြားစနစ်တစ်ခု တည်ဆောက်လိုကြစရာလည်းမရှိ။

ဆိုရှယ်လစ်စနစ်ကို တစ်စိတ်စီတစ်ပိုင်းစီ ကျင့်သုံးနေခြင်းဖြင့် ဖြစ်ပေါ်နေသော ပြဿနာများကို ထိ ရောက်စွာ ဖြေရှင်းနိုင်မည်မဟုတ်။ ဗြိတိန်ပြည်၏လေဘာပါတီအစိုးရသည် ဆိုရှယ်လစ်စနစ်ဆီသို့ ရဲဝံ့ စွာ ချီတက်ရမည်။ ကျွန်တော်တို့အပြင် လူအမြင်အရ ဗြိတိန်ပြည်၏ဆိုရှယ်လစ်အစိုးရသည် တွန့်ဆုတ် လျက်ရှိနေသည်။ အချို့အပိုင်းတွင် သူတို့သည် ကျွန်ဆာဗေးတစ်တို့ထက်ပင် ပို၍ခေတ်နောက်ပြန်ဆွဲ နေသည်ကို တွေ့ရသည်။ ဗြိတိန်ပြည်ဆိုရှယ်လစ်အစိုးရက အမေရိကန်မှ ငွေးချေးရာနှင့် ဘရက်တန် ဂွဒ်စာချုပ်ချုပ်ဆိုရာ၌ ကွန်ဆာဗေးတစ်နှင့် ဗြိတိန်ပြည်အထက်လွှာလူတန်းစားအား တောင်းပန်တိုးလျှိုး သလို လုပ်နေရသည်ကို မြင်ရခြင်းမှာ သနားစဖွယ်ဖြစ်သည်။

သူတို့ ဤသို့သာဆက်လုပ်နေပါက သူတို့ တစ်သက်မှ တစ်ခါရသော ပြည်တွင်းရေး ပြည်ပရေးတို့ကို ဖန်တီးနေနိုင်သော အခွင့်အရေးတို့ကို လက် လွှတ်သွားကြတော့မည်ထင်သည်။ သူတို့ပါတီ၏ ဂုဏ်သိက္ခာ နှင့် အကျိုးစီးပွားရေးသာမက ဗြိတိသျှဂုဏ် သိက္ခာနှင့် အကျိုးစီးပွားတို့ပါ ကျဆုံးသွားတော့မည်။ သူတို့ပြည်တွင်း မှ အိုးအိမ်ပြဿနာ၊ အလုပ်သမား ရှားပါးမှုပြဿနာ၊ ကျောက်မီးသွေးရှားပါးမှုပြဿနာ၊ လူမှုဖူလုံရေး ပြဿနာတို့သည် ကြီးမား၍သာလာ တော့မည် ထိုအခါ ပြည်တွင်း၌  အမျိုးမျိုး သဘောကွဲလွဲ လာတော့မည်။ ကိုလိုနီနိုင်ငံတို့မှာလည်း ယခင် ဘယ်အချိန်အခါနှင့်မျှမတူအောင် အင်အားကြီးမား လာကြပြီဖြစ်သည်တစ်ကြောင်း၊ ကမ္ဘာ့ပြည်သူလူထု ၏ထောက်ခံကူညီမှုကို ရကြသည်ကလည်း တစ်ကြောင်းတို့ကြောင့် သူတို့လွတ်လပ်ရေး သူတို့ဘာသာ ရယူသွားကြတော့မည်။ သမိုင်းဝင် အင်အားစု အားလုံး သည်လည်း ကိုလိုနီနိုင်ငံများဘက်မှ ရှိနေလေပြီ။ အာရှတိုက်နှင့် ကမ္ဘာရှိ ကိုလိုနီနိုင်ငံဆိုင်ရာ ပြဿနာများအပေါ်တွင် သမိုင်းက သက်ညှာသောအချိန် သို့ရောက်နေလေပြီ။ ဤသည်ပင်လျှင် ဗြိတိန်ပြည်နှင့် ဗြိတိန်ပြည်သူတို့အတွက် အလားအလာဖြစ် တော့သည်။ ဤအလားအလာကို သူတို့ ဘယ်လို ရင်ဆိုင်ကြမလဲ။

ဗြိတိသျှနယ်ချဲ့သမားသည် နိုင်ငံတကာရေးရာတွင် စီးပွားရေးအချောင်သမားဝါဒနှင့် ကိုလိုနီရေးရာ တွင် စီးပွားရေးဖက်ဆစ်ဝါဒကို လိုက်နာကျင့်သုံးနေဟန်ရှိသည်။ ဤသို့ ကျင့်သုံးခြင်းဖြင့် သူ့သေတွင်း ကို သူတူးနေခြင်းပင်ဖြစ်သည် ဤနည်းအားဖြင့် ဗြိတိန်ပြည် နာလန်ထူမည်မဟုတ်။ သို့သော် ဗြိတိသျှ နယ်ချဲ့သမားသည် ကိုလိုနီနိုင်ငံများကို ပို၍သွေးစုပ်ခြင်းနည်းအားဖြင့် သူ၏နေရာဟောင်းကို ပြန်လည် ရရှိအောင် ဂမူးရှူးထိုးကြိုးစားနေသည်။ အိန္ဒိယပြည်ကဲ့သို့သော စတာလင်နယ်ပယ်တွင်ပါဝင်သည့် သူ့ ကိုလိုနီနိုင်ငံတို့ထံမှ အမြတ်ထုတ်ခြင်းအားဖြင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် သူ့အတွက်သူ ရနိုင်သမျှ ယူနေသည်ကို ကျွန်တော်တို့မြင်ကြရသည်။

ဤလုပ်ပုံကို အမေရိကန်ပြည်မှ ငွေချေးရာတွင်လည်း ကောင်း၊ ဘရက်တွန်ဂွဒ် ငွေရေးကြေးရေး စာချုပ်ချုပ်ရာ တွင်လည်းကောင်း ကျွန်တော်တို့မြင်ခဲ့ရပြီ။ ဗမာ ပြည်တွင်လည်း ဗြိတိသျှနယ်ချဲ့ သမားသည် "ပြန်လည်ထူထောင်ရေး"ဟူသော အမည်ဖြင့် စီးပွားရေး ဖက်ဆစ်စနစ်ကို တိတ်တဆိတ် သွတ်သွင်း နေလေသည်။ ဤစီးပွားရေးဖက်ဆစ်စနစ်အတွက် စီမံကိန်း များ၊ ပရိုဂျက်များမှာ သူ၏စစ်နှင့်ပတ်သက်သော ဝါဒမှားယွင်းခြင်းကြောင့် ပြည်သူလူထုက မထောက်ခံ ၍ ဖက်ဆစ်များ ချင်းနင်းဝင်ရောက်လာရာတွင် ဗမာပြည်မှ ကသောကမျောဆုတ်ခွာထွက်ပြေးပြီး အရေး ရှုံးနိမ့်စွာ ဆင်းမလား တွင်နေခဲ့ရစဉ်က ရေးဆွဲခဲ့သည်များဖြစ်သည်။ ဤစီမံကိန်းများ၊ ပရိုဂျက်များအား လုံး၏ အကြောင်းပြောရန် အချိန်မရှိသောကြောင့် ယင်းတို့နှင့်ပတ်သက်သော ယေဘုယျသဘောများ ကိုသာ ပြောသွားပါမည်။

ယနေ့ ဗမာပြည်၏အဓိကလိုအပ်ချက်တို့မှာ ပြန်လည်ထူထောင်ရေး၊ သက်သာချောင်ချိရေးပင်ဖြစ်သည် ဆိုသည်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်။ သို့သော် ဤကိစ္စကို ဗြိတိသျှအစိုးရက မည်သို့ဆောင်ရွက် ပေးသွားရန်ကြံရွယ်သနည်း။ ဤပြန်လည်ထူထောင်ရေး ပရိုဂျက်များအတွက်ဆို၍ ဘုရင်ခံသည် အတိုး မရှိ ချေးငွေပေါင် ၈၇ သန်း ချေးယူပြီးပြီဟုဆိုသည်။ အတိုးမရှိဟုဆိုသည်။ သူကိုယ်တိုင်မှ ၂ ရာခိုင်နှုန်း အတိုးနှင့် ငွေချေးယူနေရသည့် ဗြိတိသျှအစိုးရက ကျွန်တော်တို့ကို အတိုးမယူဘဲ ဘယ်လိုချေးနိုင်ပါသ လဲ။ အမှန်မှာ ၎င်းသည်ငွေချေးသည်လည်းမဟုတ်၊ အတိုးမရှိသည်လည်းမဟုတ်။ ကျွန်တော်တို့ ဗြိတိန် ပြည်ပြည်က ငွေချေးသည်ဆိုခြင်းမှာ ငွေရခြင်းမဟုတ်၊ ကုန်ပစ္စည်းဈေးထဲတွင် ထည့်ပြီးဖြစ်သည်။

သို့ ဖြစ်၍ ယခု အတိုးမရှိငွေချေးသည်ဆိုသည့်ကိစ္စကို အကြွင်းမဲ့ယုံကြည်ရန်မလို။ သူတို့အမေရိကန်မှ ငွေ ချေးမည့်ကိစ္စကို ပါလီမန်အတွင်းအပြင်တွင် ဆွေးနွေးကြစဉ်က စိုးရိမ်ပူပင်မှုများ ပေါ်ပေါက်ခဲ့သည်ဖြစ် ၍၊ အစိုးရက ပါလီမန်ကိုရော ပြည်သူလူထုကိုပါ ငွေချေးယူရာ၌ ဘာစည်းကမ်းချက်မှမပါပါဟု အကြိမ် ကြိမ်အဖန်ဖန် ရှင်းပြခဲ့ရသေးသည်။ အချို့က အလုပ်သဘောဆန်လွန်းသည်၊ ကြောက်ရွံ့တတ်လွန်း သည်ဟုပင် အမေရိကန်အစိုးရကို အပြစ်တင်ကြသေးသည်။ သို့သော် ဗြိတိသျှက ဗမာကိုငွေချေးသော အခါတွင်မူကား ငွေချေးယူသော စည်းကမ်းချက်များ အထင်အရှားဖော်ပြမထားစေကာမူ စည်းကမ်း ချက်များ ပါရှိလေသည်။

ဘာစည်းကမ်းချက်များလဲ။ ချေးယူရရှိငွေကို ဗြိတိန်ပြည်၌သာ သုံးစွဲရမည်ဆို သော စည်းကမ်းချက် ကိုထားဦးတော့၊ ဘုရင်ခံ ရေးဆွဲထားသော ပြန်လည်ထူထောင်ရေးပရိုဂျက်များကို စစ်ဆေးကြည့်ရှုလျှင်ပင် ယင်းချေးငွေမှာ ဗမာပြည်သူလူထု၏စီးပွားရေးကို ပြန်လည်ထူထောင်နိုင်ရန်မ ဟုတ်ဘဲ ဗြိတိသျှတို့၏ ဗမာပြည်ကို စီးပွားရေးအရချုပ်ကိုင်ထားမှုကို ပြနလည်ထူထောင်ရန်ဖြစ်ကြောင်း တွေ့မြင်ရမည်။ ဖြစ်နိုင် လောက်သော ရည်မှန်းချက်များပြပြီး အစိုးရချုပ်ကိုင်မှုဆိုသော အမည်ကိုသုံး လျက် ဗြိတိသျှ အရင်းရှင် တို့အား ပြန်လည်လွှဲပြောင်းပေးလိမ့်မည်။ ဤသည်မှာ အကြမ်းအားဖြင့် ဗြိတိ သျှတို့က ဗမာပြည်မှာ ဆောင်ရွက်ရန် ကြံစည်စိတ်ကူးထားပုံဖြစ်သည်။

သို့သော် ယနေ့အထိ ကျွန်တော် တို့တိုင်းပြည်တွင် အသက်စည်းစိမ် အိုးအိမ်ဆုံးရှုံးခဲ့ကြရသော ထောင်ပေါင်း များစွာ ပြည်သူလူထုကို လျော်ကြေးပေးရန် ဗြိတိသျှအစိုးရ၏ အရေးယူမှုဟူ၍ တစ်ခုမျှမတွေ့ရသေးပေ။ ကျွန်တော်တို့တိုင်း ပြည်မှ အပျက်အစီးများမှာ ၁၉၄၂-ခုနှစ် ဗြိတိသျှတို့ ဆုတ်ခွာစဉ်က မြေလှန်စနစ်အသုံးပြုသွားခြင်းနှင့် ဗြိတိသျှတို့၏ဗုံးကြဲ ဖျက်ဆီးမှုများကြောင့် ပျက်စီး ခဲ့ရခြင်း ဖြစ်သည်။ ထိုမျှမကသေး၊ ကျွန်တော်တို့ပြည် သူများ ဤစစ်ပွဲတွင် ဆင်းရဲဒုက္ခ ရောက်ခဲ့ရခြင်း သည် ဗြိတိသျှအစိုးရက ကျွန်တော်တို့ တိုင်းပြည်ကို ကာကွယ်မပေးနိုင်သောကြောင့် တစ်ကြောင်း၊ သူတို့၏နယ်ချဲ့သေနင်္ဂဗျူဟာအရ ကျွန်တော်တို့ကို စွန့် ခွာသွားခဲ့ကြသော ကြောင့် တစ်ကြောင်း ဖြစ်သည်။ ဗမာပြည်၌ ဤသို့မရှုမလှ အရေးရှုံးနိမ့်ခဲ့ရခြင်းအ တွက် သူတို့မှာ ကြီးစွာ တာဝန်ရှိကြောင်း သူတို့ကိုယ်တိုင်ပါလီမန်တွင် ဝန်ခံပြီးခဲ့ပြီ။

ဗမာပြည်၏ကာကွယ် ရေးသည် သူတို့၏တာဝန်ဖြစ်သည်ဟုပင် သူတို့ပြောဆိုခဲ့ဖူးသည်။ သို့ဖြစ်၍ ဗမာပြည်ကို ၁၉၄၁-ခုနှစ် အဆင့်အတန်းအထိ ပြန်လည်ထူထောင်ရန် ဗြိတိသျှအစိုးရက ငွေကြေး ထောက်ပံ့ကြေးကို အလကား ပေးသင့်ပေသည်။ သို့သော် ယခုကား ချေးငွေအဖြစ် ပေးထားသည်။ အဓိပ္ပာယ်မှာ ပြည်သူလူထုထံမှ အခွန်အဖြစ် ပြန်လည်ကောက်ယူမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤအချက် ကို ထားဦးတော့။

ငွေ ချေးယူရသောကြောင့် ပြည်သူလူထုအကျိုးဖြစ်မည်ဆိုလျှင် တော်သေးသည်။ ယခုကား ချေးငွေကို သူတို့အကျိုးစီးပွားများ ပြန်လည်ပျိုးထောင်ရေးအတွက်သာ အသုံးပြုမည်ဖြစ်သည်။ သို့ဖြစ်၍ ဤငွေ ပေါင် ၈၇ သန်းမှာ ချေးငွေမဟုတ်၊ တုံးတိပြောရလျှင် ပြည်သူလူထုထံမှ စစ်လျော်ကြေးတောင်းခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့ပြည်သူလူထုမှာ စစ်လျော်ကြေးရရမည်ကို မရရုံမျှမက ဖုံးကွယ်ထားသော စစ် လျော်ကြေးကိုပင် ပေးရဦးတော့မည်။ ဤသည်မှာ အမှန်အတိုင်းဖြစ်သည်။

ပြည်သူလူထုအား လျော် ကြေးပေးရေးအတွက် ဘာ့ကြောင့် ဘာမျှမလုပ်သေးသလဲဟု အစိုးရကို မေးသောအခါ အစိုးရက ကုန်ခဲ့ သော သုံးနှစ်အတွင်း အခြေခံအချက်အလက်များ မရရှိသေး သောကြောင့် နှင့် ထိုအချက်အလက်များ စုဆောင်းရန်နှင့် ပြည်သူ့ဆန္ဒကို စုံစမ်းရန်မှာလည်း လေထီးနှင့် မဆင်းနိုင်ခဲ့သောကြောင့် ဘာမှမလုပ် နိုင်သေးဟု ဖြေပါသည်။ သို့သော် အခြားတစ်ဖက်တွင်ကား ဗြိတိသျှ အရင်းအနှီးများ ပြန်လည်ယူသွင်း လာနိုင်ရေးအတွက် အရင်းအနှီးကို မျှားယူတတ်ရမည်ဟုပြောသည်မှာ ယုတ္တိတန်လှပေသည်။ ကျွန် တော်တို့ အရင်းအနှီး ခေါ်ယူရမည်ကားမှန်ပါသည်။ ကျွန်တော်တို့ အရင်းအနှီးလိုပါသည်။ သို့သော် ကျွန်တော်တို့တိုင်းပြည်တွင် ဖုံးကွယ်ထားသော စစ်လျော်ကြေးပေးရမှု၊ လက်ဝါးကြီးအုပ်စနစ် တစ်ဖက် သတ် အရင်းအနှီးမြှုပ်နှံမှုများ မလိုပါ။

ဆက်ရန်

0 comments to “စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၄)”

Post a Comment