Tuesday, August 13, 2013

ဆီးရီးယားအစိုးရ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက် လူ ၃၀ သေဆုံး

,


ဒမတ်စကတ်၊ သြဂုတ် ၁၂

သူပုန် အဓိက ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံ လာတာကီရာ ပြည်နယ်နှင့် မြောက်ပိုင်းမြို့တော် ရာကာတို့ကို အစိုးရက လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူ ၃၀ ဦးကျော် သေဆုံး သွားကြောင်း သူပုန် သတင်းရင်းမြစ်များကို ကိုးကားလျက် Sky News သတင်းတစ်ရပ်က ဖော်ပြထားသည်။

သေဆုံးသူများထဲတွင် ကလေးငယ် ခုနစ်ဦးနှင့် အရပ်သား ၁၃ ဦးတို့ ပါဝင်ကြောင်း ပြည်ပရောက် ဆီးရီးယား အဖွဲ့အစည်းတစ်ရပ် ဖြစ်သည့် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာမှု အဖွဲ့က ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းတွင် ကြီးစိုးနေသည့် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သော အစ္စလာမ် အီရတ်နိုင်ငံတော် အဖွဲ့အစည်းနှင့် ISIS အဖွဲ့အစည်း တို့ကို နှိမ်နင်းရန်အတွက် အဆိုပါ လေကြောင်း ထိုးစစ် ဆင်ခဲ့ခြင်း ဖြစ်နိုင် သည်ဟု ဆီးရီးယား အတိုက်အခံ အဖွဲ့က ပြောဆိုထားသည်။

ISIS အစ္စလာမ္မစ် အဖွဲ့အစည်းသည် ရာကာမြို့တော်ကို သူပုန် အင်အားစု များက မတ်လတွင် သိမ်းနိုင်ခဲ့ပြီးနောက် အင်အား ကြီးမားသော အဖွဲ့ တစ်ရပ်အဖြစ် နယ်မြေ စိုးမိုးနေခြင်း ဖြစ်ပေသည်။

ဒေသခံများသည် ISIS အစ္စလာမ္မစ် အဖွဲ့အစည်း၏ ဘာသာတရား အရ ပြင်းထန်သော စည်းမျဉ်းများ ထုတ်ကာ ချမှတ်သည့် ပေါ်လစီများကို သဘောမတူကြဘဲ ဆန္ဒပြပွဲများ ပြုလုပ်ကြသည်ဟု သတင်းများက ဆိုသည်။

ISIS အဖွဲ့နှင့် ညှိနှိုင်း ဆွေးနွေးပေးရန်အတွက် ရာကာသို့ သွားရောက် ခဲ့သော အီတလီ ဘုန်းတော်ကြီး တက်ကြွ လှုပ်ရှားသူလည်း သြဂုတ်လ အစောပိုင်းတွင် ထိုမြို့၌ပင် ပျောက်ဆုံးသွားခဲ့သည်ဟု ယင်းသတင်း က ဖော်ပြထားသည်။

ဆွန်နီ သူပုန်များ ရှိရာ ဆီးရီးယား အနောက်မြောက်ပိုင်း ဆယ်မာမြို့နယ် သို့လည်း လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် စုစုပေါင်း လူ ၂၀ သေဆုံးခဲ့သေးသည်ဟု စောင့်ကြည့် လေ့လာသည့် အဖွဲ့အစည်းများက ဆိုသည်။

သေဆုံးသွားသူများထဲတွင် ဆီးရီးယားနိုင်ငံသား အတိုက်အခံ သူပုန် တပ်ဖွဲ့ဝင်များ ပါသကဲ့သို့ ပြည်ပမှ စေတနာအလျောက် လာရောက် တိုက်ခိုက်ပေးနေသော အပျော်တမ်း တပ်သားများလည်း ပါဝင်ပေသည်။

ရာကာမြို့တော်သည် သူပုန် တပ်ဖွဲ့က နောက်ဆုံးအဖြစ် သိမ်းဆည်း ရမိခဲ့သော မြို့တော်ဖြစ်ကာ အစိုးရကလည်း အဆိုပါဒေသ ပြန်လည် ရရှိရေးအတွက် သူပုန်ကို အပြင်းအထန် တိုက်ခိုက်နေလျက် ရှိရာ နှစ်ဖက် စစ်သား ဒါဇင်ပေါင်းများစွာ သေဆုံးထားခဲ့ပေသည်။

ပြီးခဲ့သည့် ၂၉ လကျော်ကြာ ဆီးရီးယား နိုင်ငံရေး အကျပ်အတည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် သေဆုံးထားသူ တစ်သိန်းကျော် သွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

0 comments to “ဆီးရီးယားအစိုးရ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက် လူ ၃၀ သေဆုံး”

Post a Comment