လောက လူ့ရွာဝယ် အပြစ်မရှိသော အမှုကို
ပြုခြင်း၊ ရိုသေထိုက်သူတို့အား ရိုသေခြင်း၊ ချိုသာစွာ ပြောဆိုခြင်းတို့သည်
မင်္ဂလာဖြစ်ကြောင်း ၃၈ ဖြာ မင်္ဂလာ တရား၌ ပြဆိုထားသည်။ ရိုသေထိုက်သော
သူဆိုသည်မှာ ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ မြတ်စွာဘုရား၏ တပည့်များ၊
အမိ၊ အဖ၊ အလေးအမြတ် ပြုအပ်သော ဆရာ၊ ဆုံးမသော ဆရာ၊ တရားဟောပြသူ၊
ပေးကမ်းသောသူတို့ကို ရည်ညွှန်းသည့် ခင်ပွန်းကြီး (၁ဝ)ပါး
ပင်ဖြစ်သည်။ကျေးဇူးရှင် ခင်ပွန်းကြီး (၁ဝ)ပါးကို ရိုသေသူတို့ ရရှိသော
အကျိုးမှာ တစ်ပါးရွာသို့ သွားလျှင် အစားအစာ မရှားပါးခြင်း၊ ရောက်ရာအရပ်၌
အပူဇော် ခံရခြင်း၊ ရန်သူမျိုးငါးပါးက မနှိပ်စက်ခြင်း၊ မျက်နှာမြင်က
ချစ်ခင်သူ ပေါများခြင်း၊ ပွဲအလယ်၌ ရဲဂုဏ်ရှိခြင်း၊ မိမိ၏ ကျေးဇူးသတင်း
ပျံ့လွင့်ခြင်း၊ အခြံအရံ အမြဲမပြတ်ရှိခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွားပေါလျက်
စပါးသီးနှံ မပျက်စီးခြင်း၊
တောင်စောက် ချောက်ကမ်း၌ ကျသော်လည်း
တည်ရာရနိုင်ခြင်း၊ သားသမီးနှင့်တကွ အခြေအမြစ် ကြီးကျယ်ခြင်းတို့ ဖြစ်သည်။
ကျေးဇူးရှင် ခင်ပွန်းကြီး (၁ဝ) ပါး ပြစ်မှားသူတို့ ခံရမည့် အပြစ်မှာ
ကြီးမားသော ဝေဒနာမျိုးစုံကို ခံစားရတတ်ခြင်း၊ စည်းစိမ် လျော့ပါးတတ်ခြင်း၊
မီးဘေးစသည် ကြုံတွေ့ရတတ်ခြင်း၊ ကျိုးပျက်သော အင်္ဂါနှင့် သက်တမ်း
ကုန်ရခြင်း၊ အနာရောဂါ စွဲကပ်တတ်ခြင်း၊ စိတ်ဖောက်ပြန်သော
သူရူးဖြစ်တတ်ခြင်း၊ မင်းဘေး မင်းဒဏ် ကျရောက်တတ်ခြင်း၊ သူတစ်ပါး၏
အစွပ်အစွဲ ခံရတတ်ခြင်း၊ ဆွေမျိုးတို့နှင့် ကွဲပြားရတတ်ခြင်း၊ ဥစ္စာပစ္စည်း
ပျက်ပြားတတ်ခြင်း တို့ဖြစ်သည်။ဂေါတမ မြတ်စွာဘုရား သက်တော်ထင်ရှား
ရှိစဉ်က ရာဇဂြိုဟ်ပြည်၌ ဝဿကာရဆိုသော ဗြဟ္မဏကြီး တစ်ဦးရှိခဲ့သည်။ သူသည်
ရဟန်းတော်များနှင့် တွေ့လျှင် မထီမဲ့မြင် ပြုလေ့ရှိသည်။ တစ်နေ့ အရှင်မဟာ
ကစ္စည်း မထေရ်နှင့် ဝဿကာရတို့ လမ်း၌ တွေ့ကြစဉ် အရှင်မြတ်ကို ပြက်ရယ်ပြု
လှောင်ပြောင်ကာ'' ဤရဟန်းက မျောက်နှင့် မတူသလော''ဟု ဆိုခဲ့သည်။
အရှင်မြတ်သည် ဝဿကာရကို တုံ့ပြန်စကား မဆိုဘဲ ရာဇဂြိုဟ်မြို့တွင်းသို့
ဆွမ်းခံသည်။ ဤအကြောင်း မြတ်စွာဘုရား ကြားသိသော် ''ဝဿကာရ သင်သည်
အရိယာပုဂ္ဂိုလ်ကို စော်ကားမိလေပြီ။ အရှင်မြတ်ကို ကန်တော့ချေ''ဟု
မိန့်တော်မူသည်။ ဝဿကာရက တုံဏှိဘာဝေ ဆိတ်ဆိတ်နေသည်။ ထိုအခါ မြတ်စွာဘုရားက
ဆက်လက် မိန့်ကြားသည်မှာ ''ဝဿကာရ သင်သည် အရှင်မြတ်ကို မတောင်းပန်သော်
နောင်တစ်ချိန် ဤဝေဠုဝန် ကျောင်းအတွင်း၌ မျောက်ကြီး ဖြစ်လိမ့်မည်၊
ဝန်ချလော့၊ ကန်တော့လော့''ဟု စေခိုင်းသည်။ ဗြဟ္မဏ အယူရှိသူဖြစ်၍ သူလို
အမျိုးမြတ်သူက ဝန်ချစရာ မလိုဟု အထင်ရှိသော ဝဿကာရသည် ဘုရားရှင်
မိန့်ကြားချက်ကို အလေးမမူ လျစ်လျူရှုခဲ့သည်။ ဘုရားရှင် တို့မည်သည်
မှန်သောစကားကိုသာ ဆိုမိန့်လေ့ရှိကြောင်း ဝဿကာရ ကောင်းကောင်းသိသည်။ နောင်ဘဝ
အနေအထားလည်း မြင်၍ ကျမည့်ဘေးကိုလည်း တွေးသိသည်။ သို့သော် ဝဿကာရကား
တောင်းပန်ဖို့ မစဉ်းစားတော့ပါ။ အကယ်၍ မျောက်ဖြစ်ခဲ့လျှင် ချမ်းချမ်းသာသာ
နေရပြီး အစာရေစာ ပေါများစေရန် သစ်သီးသစ်ပင်တို့ကို စိုက်ပျိုး၍
ထိုအပင်တို့ ဖွံ့ဖြိုးစေရန် ဂရုစိုက် ပြုစုသည်။ သူ သေလွန်သောအခါ ဘုရားရှင်
မိန့်သည့်အတိုင်း မျောက်ညိုကြီး ဖြစ်ပြီး သူစိုက်ပျိုးခဲ့သည့် ဥယျာဉ်၌
နေခွင့်ရသည်။ မျောက်ဖြစ်သော်လည်း အစာရေစာ မချို့ငဲ့လျှင် ဆင်းရဲမည်
မဟုတ်ဟု တွေးခဲ့သော ဝဿကာရသည် ဆင်းရဲစရာ ကြုံရသည်။ ကလေးတစ်သိုက်က
မျောက်ကြီးကို စကြ ပြောင်ကြသည်။ ကလေးတို့ အပေါ်၌ ဒေါသ ထွက်ရုံမှတစ်ပါး ဝဿကာရ
ဘာမှ မတတ်နိုင်တော့ပါ။ ယနေ့ခေတ်တွင် အစွန်းရောက် သူများနှင့် ဝိသမ
လောဘသားတို့သည် ဥပဒေ၏ အတိုင်းအတာကို သိပင်သိငြား လျစ်လျူရှုကာ
မိမိတို့အတွက် တက်လမ်း၊ ဆုတ်လမ်းကို ရှာဖွေပြီး ဖြစ်သည့်အပြင် နားခိုစရာ
လုံခြုံသော နေရာကိုလည်း ရှာဖွေ တွေ့ရှိပြီး ဖြစ်သည်။ မသိ နားမလည် သူတို့၏
ရိုးသားမှုကို အခွင့်ကောင်းယူကာ အသုံး ချတတ်ကြသည့် သာဓကများစွာ ရှိခဲ့သည်။
သို့ဖြစ်၍ အမျိုးကောင်း သားသမီးများအား ခေတ်သစ် ဝဿကာရတို့၏ ဖြားယောင်း
သွေးဆောင်လှုံ့ဆော် စည်းရုံးမှု နောက်သို့ လိုက်ပါရင်း လမ်းလွဲ
မရောက်ကြစေရန် မိဘ ပြည်သူ အပေါင်းတို့က ဝိုင်းဝန်း ထိန်းသိမ်းကြပါရန်နှင့်
တက်လူတို့ကလည်း ဆုံးမ နာယူ လွယ်တတ်ကြရန် လိုအပ်ကြောင်း အဋ္ဌကထာအား
မှီငြမ်းလျက် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။
Source___MWD
Source___MWD