Tuesday, August 13, 2013

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဂျပန်နှင့် တောင်ကိုရီးယားမှ ပံ့ပိုးကူညီရန် ကမ်းလှမ်းမှုရှိ

,

ရန်ကုန်   သြဂုတ်  ၁၂
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားအတွက် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများမှ ပံ့ပိုးကူညီရန်  ကမ်းလှမ်းမှု ရှိကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ ဒါရိုက်တာများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဇာတ်ကားအတွက် နည်းပညာ ဆိုင်ရာများနှင့် ပြည်သူများ ဗိုလ်ချုပ်ကို အမှတ်တရ ဖြစ်စေမည့် ပုံရိပ်များထင်ကျန် ရစ်စေရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊  ယင်းဇာတ်ကားသည် နိုင်ငံတကာ  စံချိန်စံနှုန်းများနှင့် ကိုက်ညီသော ကားဖြစ်စေရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
''အဓိက သရုပ်ဆောင်တွေကို ရွေးချယ်ပေး ထားပြီးပါပြီ။ အသစ်တွေ ပါဝင်နေတာ ဆိုပေမဲ့  သေသေချာချာ သရုပ်ဆောင် သွားမှာပါ။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ဇာတ်ကား ဖြစ်လာစေမှာပါ။ ဒီအတွက် အထူးပြင်ဆင် နေရခြင်း ဖြစ်ပါတယ်'' ဟု ယင်းဇာတ်ကား ဖြစ်မြောက်ရေး အတွက်  အဓိက တာဝန်ယူ ထားကြသည့် ဒါရိုက်တာများက   တညီတညွတ် တည်းပြောကြား ခဲ့ကြသည်။
ယင်းဇာတ်ကား  ဖြစ်မြောက်ရေး အတွက် သြဂုတ် ၆ ရက်က Iron Lady ရုပ်ရှင်၏  Production Designer အဖြစ် ဆောင်ရွက်ခဲ့သူ Kate James က  လာရောက် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ ရိုက်ကူးမှု အပိုင်းများ အပါအဝင် လိုအပ်သော အခြေအနေများ  အပေါ်တွင် လည်း ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားဖြစ်မြောက်ရေး အဖွဲ့ဝင်များ အနေဖြင့်  ရုပ်ရှင် မင်းသား လူမင်း၊ ဦးအောင်လွင်၊ ဦးဇာဂနာ၊  ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဦးမော်လင်းနှင့် ဦးဇော်သက်ထွေးတို့က ဆောင်ရွက်လျက်ရှိပြီး အများ ပြည်သူအတွက် အကောင်းဆုံး ချပြနိုင်အောင် ကြိုးစား လုပ်ဆောင်လျက် ရှိကြောင်း  သိရသည်။
စိုးမိုး

Source__မြ၀တီ

0 comments to “ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဂျပန်နှင့် တောင်ကိုရီးယားမှ ပံ့ပိုးကူညီရန် ကမ်းလှမ်းမှုရှိ ”

Post a Comment