Thursday, August 15, 2013

ဂါရ၀ဖြင့်

,

August 15, 2013 at 4:17pm

ကျွန်တော်ဗိုလ်မှူးဘ၀က ကွပ်ကဲမှုဌာနချုပ်တစ်ခုရဲ့ တပ်မှူးကြီးလက်အောက်မှာ စစ်ဦးစီးအရာရှိအဖြစ် အမှု ထမ်းဆောင်ခွင့်ရခဲ့သည်။ ကျွန်တော့်တာဝန်တွေထဲက တစ်ခုကတော့ တပ်မှူးကြီးထံရောက်လာသော စာတွေ၊ သူက ပို့တဲ့စာတွေကို မှတ်ပုံတင်ထားရခြင်းပင်ဖြစ်သည်။



ကျွန်တော်တို့ တပ်မတော်မှာ နှစ်စဉ်လွတ်လပ်ရေးနေ့ သ၀ဏ်လွှာများအပြန်အလှန်ပေးပို့သော အစဉ်အလာရှိသည်။ တပ်ရင်း၊တပ်ဖွဲ့၊ဌာနချုပ်အားလုံးက ကိုယ်စီလွတ်လပ်ရေးနေ့ သ၀ဏ်လွှာများရိုက်နှိပ်ပြီး အထက်တပ်ဖွဲ့များ၊ အထက် အရာရှိများ၊ လုပ်ဖော်ကိုင်ဘက်တပ်ဖွဲ့များ၊ လုပ်ဖော်ကိုင်ဘက် အရာရှိများထံ ပေးပို့ကြသည်။



ဒီတော့ ကျွန်တော်ကလည်း ကျွန်တော့်တပ်မှူးကြီးထံရောက်လာသော သ၀ဏ်လွှာတွေကို စုစည်းတင်ပြရသလို သူပေးပို့ မည့် သ၀ဏ်လွှာများကိုလည်း စီစဉ်ပေးရသည်။ အဲဒီမှာ တပ်မှူးကြီးရဲ့ထူးခြားမှုကို သတိပြုမိသည်။ သူ့ထံရောက်လာ သော သ၀ဏ်လွှာများကို သေသေချာချာဖတ်သလို သူပို့မည့် သ၀ဏ်လွှာများကိုလည်း သူကိုယ်တိုင် ရေးသားလက်မှတ် ထိုးသည်။ များသောအားဖြင့် တပ်ရင်းမှူးလောက်ဖြစ်လာလျှင်ပင် လေးစားစွာဖြင့် ဆိုသည့် စာသားနှင့် တပ်ရင်းမှူးနှင့် အရာရှိ၊အရာခံအကြပ်တပ်သားများဆိုသည် စာသားကို တံဆိပ်တုံးလုပ်ပြီး သ၀ဏ်လွှာမှာရိုက်နှိပ်ပေးပို့ လေ့ရှိရာ တပ်မှူး ကြီး၏ အပြုအမူက အထူးအဆန်းဖြစ်နေသည်။



ဒါနဲ့ သူရေးသားလက်မှတ်ထိုးထားသော သ၀ဏ်လွှာများကို စာအိပ်တွင်းထည့်ရင်း ဖတ်ကြည့်တော့ အခုလိုတွေ့ရသည်။



လက်အောက်တပ်ဖွဲ့များရဲ့တပ်မှူးများထံပေးပို့ သော သ၀ဏ်လွှာမှာဆိုလျှင် သင့်ရဲဘော် ဟု ရေးပြီး လက်မှတ်ထိုး သည်။ တစ်ခါ တစ်လေ ဘာမှမရေး ၊ လက်မှတ်မထိုးပဲ ××× နှင့် အရာရှိအရာခံအကြပ်တပ်သားများဟုသာ တံဆိပ်တုံး ရိုက်ပေးလိုက်သည်။



သူနဲ့ အဆင့်တူတပ်မှူးများထံသို့ ပေးပို့လျှင်တော့ ခင်မင်စွာဖြင့် နှင့် ခင်မင်လေးစားစွာဖြင့် ဟု နှစ်မျိုးရေးပြီး လက်မှတ်ထိုး သည်ကို တွေ့ရသည်။



သူရဲ့ အထက်အရာရှိများ၊ အထက်အရာရှိဖြစ်ခဲ့ဖူးသူများထံ ပေးပို့လျှင်တော့ ဂါရ၀ဖြင့်၊ ရိုသေလေးစားစွာဖြင့် ၊ လေးစားစွာဖြင့် ဟု သုံးမျိုးရေးပြီး လက်မှတ်ထိုးသည်ကိုတွေ့ရသည်။



ပထမတစ်နှစ်တော့ ဘာ့ကြောင့်ဆိုတာမမေးရဲ။ နောက်နှစ်ကျတော့ သားအဖလို ဖြစ်နေသဖြင့် အရဲစွန့်ပြီး အဲဒီလို အမျိုး မျိုးခွဲခြားရေးရသည့်အကြောင်းကို မေးကြည့်မိတော့ တပ်မှူးကြီးက အခုလို ရှင်းပြခဲ့သည်။



လက်အောက်တပ်ရင်းတွေက သ၀ဏ်လွှာပို့သည့်အခါ တစ်ချို့တပ်မှူးတွေက ကိုယ်တိုင်လက်မှတ်ထိုးသည်။ တစ်ချို့က လက်အောက်ရဲဘော်ကို တံဆိပ်တုံးရိုက်ခိုင်းပြီး တာဝန်ကျေပို့လိုက်သည်။ ဒါ့ကြောင့် ကိုယ်တိုင်လက်မှတ်ထိုးပို့သူတွေထံ သူကိုယ်တိုင်လက်မှတ်ထိုးပြီး ပြန်ပို့ခြင်းဖြစ်သည်။ လက်မှတ်မထိုးသူတွေထံတော့ လက်မှတ်မထိုးပဲ ပြန်ပို့သည်။



သူနဲ့ အဆင့်တူတပ်မှူးတွေထဲမှာ လုပ်ဖော်ကိုင်ဘက်အဖြစ် ခင်မင်ရင်းနှီးသူတွေရှိသည်၊ ဒီလူတွေကိုတော့ ခင်မင်စွာဖြင့် ဟု ရေးသည်။ တစ်ချို့ အဆင့်တူတပ်မှူးတွေထဲမှာ အရည်အချင်းအရ၊ ကိုယ်ကျင့်တရားအရ သူကိုယ်တိုင်လေးစားရသူ တွေရှိသည်။ ဒီလိုလူတွေကိုတော့ ခင်မင်လေးစားစွာဖြင့် ဟု ရေးပါသတဲ့။



ဒီလိုပါပဲ။ လက်ရှိအထက်အရာရှိများထဲမှာ ၊ ဟိုတုံးက အထက်အရာရှိဖြစ်ခဲ့သူတွေထဲမှာ ရာထူးတာဝန်အရသာ လေးစားနိုင်ပြီး ကိုယ်ကျင့်တရား အပါအ၀င် အကြောင်းတစ်ခုခုကြောင့် သူမနှစ်သက်တဲ့လူတွေရှိသည်။ အဲဒီလူ တွေကိုတော့ လေးစားစွာဖြင့် လို့ပဲရေးသည်။ ရာထူးတာဝန်အရအပြင် အရည်အချင်းအရ၊ ကိုယ်ကျင့်တရားအရလည်း လေးစားရ၊ တန်ဖိုးထားရသူတွေကိုတော့ ရိုသေလေးစားစွာဖြင့် လို့ ရေးသည်။ တစ်ချို့ပုဂ္ဂိုလ်တွေကျတော့ တပ်မတော် ထဲမှာ တာဝန်ထမ်းဆောင်ဆဲသူတွေသာမက အခုအချိန်မှာ အငြိမ်းစားယူနေသူများဖြစ်နေသည့်တိုင် သင်ဆရာ၊ မြင်ဆရာ အဖြစ် လေးစားရသူ၊ ကိုယ်ကျင့်တရားအရရော၊ အရည်အချင်းအရရော လေးစားရသူတွေဖြစ်လို့ ဂါရ၀ဖြင့် လို့ ရေးသား ခြင်းဖြစ်ပါသတဲ့။



တပ်မှူးကြီးရှင်းပြတာကြားရတော့ စကားလုံးများရဲ့ လေးနက်မှုကို သဘောပေါက်သွားခဲ့သည်။ သူပို့သည့် သ၀ဏ်လွှာ တွေကို တစ်ခုခြင်းပြန်ကြည့်တော့ အဲဒီပုဂ္ဂိုလ်တွေကို သူ့ဘာကြောင့် ဒီလိုခွဲခြားရေးတယ်ဆိုတာကို သဘောပေါက်မိသည်။ မှတ်မှတ်ရရ ထိုအချိန်က ဘုန်းမီးနေလတောက်ပလှသော ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်ကျင့်တရားအရမကြိုက်လို့ ထင်ပါရဲ့ လေးစားစွာဖြင့် လို့ပဲ ခပ်တိုတိုရေးထားသည်ကို တွေ့ရသည်။



ထိုအချိန်က ကျွန်တော့်ဆရာသမားရှင်းပြသည့် အချက်ကို ဘယ်သူကိုမှ မပြောပြခဲ့၊ သူကိုယ်တိုင်လည်း ကျွန်တော်က လွဲလို့ ဘယ်သူ့ကိုမှ ပြောပြပုံမရ။ ပြောပြလိုက်ရင်လည်း အတော်ပြဿနာတက်မည့်ကိစ္စဖြစ်သည်။ အခုတော့ မိဘ လို ချစ်ခင်လေးစားရသည့် ဆရာလည်းကွယ်လွန်သွားခဲ့ပြီ။ ဒါပေမယ့် သူသင်ပြ ပေးခဲ့သော အယူအဆကတော့ ရင်ထဲမှာ စွဲနေခဲ့သည်။ သို့တိုင်အောင် သူ့လို ကျင့်သုံးဖို့တော့ အတော် လက်တွန့် ခဲ့သည်ကိုလည်း ၀န်ခံရမည်ဖြစ်ပါသည်။



သြဂုတ်လ ၁၁ ရက်နေ့ က ဆရာမောင်ဝံသ အိမ်သို့ နာရေးသတင်းမေးရန်ရောက်သွားခဲ့သည်။ စာဖတ်ဝါဿနာပါသော ကျွန်တော့်အတွက် အချို့စာရေးဆရာများကို လူချင်းခင်သော်လည်း သူတို့စာတွေကို လေးစားလို့ မရတာရှိသည်။ အချို့ ဆရာသမားများကြတော့လည်း စာတွေဖတ်ပြီးလေးစားခဲ့သမျှ ကိုယ်တိုင်ထိတွေ့ဆက်ဆံရသောအခါ၊ ဒါမှမဟုတ် သူတို့ အကြောင်းတွေကြားရသည့်အခါ လူအပေါ် လေးစားမှုလျော့ရပြန်သည်။ အချို့စာရေးဆရာ၊ စာနယ်ဇင်းဆရာများကြ တော့လည်း စာကိုရော၊ လူပုဂ္ဂိုလ်ရောလေးစားရပါသည်။ သူတို့နဲ့ အယူအဆကွဲပြားမှုရှိသည့်တိုင် သူတို့အပေါ် လေးစား မှုက မလျော့။ ဆရာမောင်ဝံသ ကား ဆက်ဆံဖူးသူတိုင်းက စာအတွက်ရော၊ အရည်အချင်းနှင့် ကိုယ်ကျင့်တရားအရပါ လေးစားရသူဖြစ်သည်။



ဒါပေမယ့် ကျွန်တော့်အတွက် ဆရာမောင်ဝံသက မြင်ဆရာလည်းဖြစ်သည်။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀မှာ ဆရာ့ စာအုပ်တွေက နိုင်ငံတကာအရေးကို စိတ်ဝင်စားအောင် ပို့ဆောင်ပေးခဲ့သည်။ နောက်ပိုင်း ကျွန်တော်နိုင်ငံတကာရေးရာ ဆောင်းပါးများရေးတော့ ဆရာ့ဘာသာပြန်ဟန်၊ စကားလုံးအသုံးအနှုန်းများကို အတုယူခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ မှာတော့ ကျွန်တော် ဌာနဆိုင်ရာတာဝန်ဖြင့် ချင်းတွင်းမြစ်အတိုင်း စုံဆင်းခရီးသွားခဲ့သည်။ ခရီးမှ အပြန် ဆောင်းပါး တစ်ပုဒ် ရေးပြီး ဖေ့ဘွတ်မှာတင်တော့ ဆရာမောင်ဝံသက ပြည်သူ့ခေတ်မှာ ထပ်ဆင့်ဖော်ပြပေးခဲ့သည်။ ဒါ့အပြင် ကျွန်တော်ကို ရသ လက်ရှိတယ်၊ ရေးပါဆိုပြီး အားပေးခဲ့သည်။ ဘယ်လိုခံစားပါ၊ ဘယ်လိုရေးပါ ၊ စကားလုံးကို ဘယ်လိုသုံးပါဆိုပြီး သင် ပေးခဲ့သည်။ ဒီလိုနဲ့ အခုနောက်ပိုင်း ရသစာတမ်းဆန်ဆန် စာစုလေးများကို ထုံ့ပိုင်း ထုံ့ပိုင်းရေးဖြစ်သွားသည်။ ကြိုက် သွားမှာပါလို ဆောင်းပါးကိုတော့ အတွေးအမြင်မှာပင် ထပ်ဆင့်ဖော်ပြပေးခဲ့သည်။ ဒီတော့ ဟိုတုံးက မြင်ဆရာသာ ဖြစ်ခဲ့ သောဆရာသည် ကျွန်တော့်အတွက် သင်ဆရာပါ ဖြစ်ခဲ့သည်။



အခုတော့ ဆရာမရှိတော့။ ဆရာ့အတွက် ၀မ်းနည်းခြင်းမှတ်တမ်းမှာ ရေးပြီးသည့်အခါ အောက်မှာ ဂါရ၀ဖြင့် ဟု ရေးသား လက်မှတ်ထိုးခဲ့သည်။ လူတွေကို တစ်ဦးချင်းအကဲဖြတ်ပြီး သ၀ဏ်လွှာကို အမျိုးမျိုးရေးခဲ့သည့် ကျွန်တော့်ဆရာသမားက တော့ ကျွန်တော်ဘာ့ကြောင့်ဒီလိုရေးသည်ကို နားလည်ပြီးကျေနပ်နေလိမ့်မည်ထင်ပါသည်။



ရဲထွဋ်

0 comments to “ဂါရ၀ဖြင့်”

Post a Comment