Monday, August 19, 2013

မန္တလေးမြို့လယ်ကောင် ညနေခင်းအချိန် ငါးကျပ်သား ရွှေဆွဲကြိုး ဖြတ်လုခံရ

,

မန္တလေး၊ သြဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဂရိတ်ဝေါ ရှော့ပင်းစင်တာ အနီး ၃၂ လမ်း ၇၇ လမ်း ထောင့်တွင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က အမျိုးသမီး တစ်ဦး၏ ငါးကျပ်သား ရွှေဆွဲကြိုးကို ဆိုင်ကယ်ဖြင့် ဆွဲယူ ဖြတ်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ဆွဲကြိုးလုခံရသူက The Voice သို့ ပြောကြားသည်။

“အန်တီက လမ်းလျှောက်လာတာ၊ လူကိုသိလို့ လာနှုတ်ဆက်တယ်လို့ ထင်နေတာ။ နောက်မှ ဆွဲကြိုးကို ဖြတ်ပြီး ပြေးသွားတာ။ ဘေးက လူတွေ ကလည်း ဘယ်သူမှ မလိုက်ပေးဘူး။ ရွှေက ငါးကျပ်သား ရှိတယ်။ ကောင်မလေး နှစ်ယောက်က လိုက်ပေးတယ်။ သူတို့ မီတယ်။ နောက်ကြောက်လို့ ဆိုပြီး ဆက်မလိုက်တော့တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်၍ ချမ်းအေးသာစံ မြို့နယ်ရှိ အမှတ် (၈) ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

“မန္တလေးမှာက ဆွဲကြိုးဖြတ် လုယက်မှုတွေ မကြာခဏ ဖြစ်နေ တယ်။ နောက်ပြီး သူခိုးကို မြင်တယ် ဆိုရင် ဘယ်သူမှ လိုက်မပေးချင်ကြ ဘူး။ သက်သေ သွားမေးတယ် မသိဘူးဘဲ ဖြေကြတယ်” ဟု အမှတ် (၈) ရဲစခန်း တာဝန်ကျ အရာရှိ တစ်ဦးက ဆိုသည်။

အဆိုပါ ပတ်ဝန်းကျင် အနီးတွင် သြဂုတ်လဆန်းပိုင်းခန့်ကလည်း ဆွဲကြိုးဖြတ် လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း ယင်းဒေသခံ အချို့က ပြောကြားသည်။

“ကျွန်မတို့က သူ့ရှေ့ကို ကြိုပြီး ရောက်နေတာ။ ပါးစပ်ကနေ ဆွဲကြိုးကို ကိုက်ပြီး ဆိုင်ကယ်ကို မောင်းပြေးတာ။ ဆိုင်ကယ်က FZS (150) နဲ့ အသက် ၅၀ လောက် အသားမည်းမည်း ဗလ ကောင်းကောင်းနဲ့ပဲ” ဟု မျက်မြင် သက်သေ အမျိုးသမီး တစ်ဦးက ဆိုသည်။

မန္တလေးခရိုင် အတွင်းတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ဆွဲကြိုးဖြတ်၊ ပိုက်ဆံအိတ် လုယက်မှု ၁၁ မှု ကျူးလွန်ထားသော တရားခံများ ကို မန္တလေးခရိုင် အထူး မှုခင်း နှိမ်နှင်းရေး ဌာနခွဲက ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

0 comments to “မန္တလေးမြို့လယ်ကောင် ညနေခင်းအချိန် ငါးကျပ်သား ရွှေဆွဲကြိုး ဖြတ်လုခံရ”

Post a Comment