Wednesday, August 14, 2013

ခြေလေးချောင်း စစ်သည်တော်များ

,


အမေရိကန် ဆင်နွှဲခဲ့သမျှသော စစ်ပွဲများ တွင် အခက်ခဲဆုံးဟု သတ်မှတ်နေကြသည့် အာဖဂန်စစ်ပွဲ၏ သဘာဝသည် များစွာ ပြောင်းလဲလာနေသည်။ ခေတ်အမီဆုံး၊ အစွမ်းအထက်ဆုံး လက်နက်များကို အသုံးပြုစေကာမူ  စစ်ပွဲကို အဆုံးမ သတ်နိုင် ဖြစ်နေရသည်။ ထို့ကြောင့် အမေရိကန်ပင်တာဂွန်စစ်ဌာနချုပ်သည် နည်းဗျူဟာအမျိုးမျိုးကို ပြောင်းလဲ အသုံးပြုနေရ သည်။ လက်လုပ်ဗုံးရှာဖွေသော စက်ရုပ်၊ မောင်းသူမဲ့ ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးလေယာဉ် စသဖြင့် နည်းပညာအသစ် များကို ထပ်တိုးအသုံးပြုသော်လည်း စစ်ပွဲမှာ ဆုံးစမထင်။ အာဖဂန် စစ်ပွဲတွင် ယခုအခါ ထပ်တိုးအသုံးပြုသော နည်းဗျူဟာသည် နည်းပညာနှင့် မပတ်သက်။

ထိုနည်းဗျူဟာမှာ စစ်ခွေးများဖြစ်သည်။ စစ်ခွေးများကိုရှေးပဝေသဏီ စစ်ပွဲများကတည်းက အသုံး ပြုခဲ့ကြသည်။ အာဖဂန်စစ်ပွဲ တွင် စစ်ခွေးများသည် လိုအပ်ချက်နှင့် အံဝင်ခွင်ကျ အဖြစ်ဆုံးဟု စစ်ရေးပါ ရဂူများက ဆိုသည်။ ၂ဝဝ၁ ခုတွင် အာဖဂန်တွင် ရှိနေသော စစ်ခွေးအရေအတွက်မှာ ၁၃ဝဝ ဖြစ်သော်လည်း ယခုအခါ အကောင်ရေ ၂၈ဝဝ ရှိနေသည်။ အရေ အတွက် နှစ်ဆကျော် တိုးလာခြင်းဖြစ်သည်။ အများစုမှာ ဂျာမန်ရှက်ပတ်အမျိုးအစား ဖြစ်ကြသည်။ စနိုက်ပါသေနတ်သမားများ ကို ခြေရာခံဖော်ထုတ်ခြင်း၊ မြေမြှုပ်ဗုံးရှာဖွေခြင်းနှင့် အန္တရာယ်ကို ကြိုတင်သိမြင်ခြင်းတို့တွင် စစ်ခွေးများသည် ပြိုင်ဘက်မရှိ အစွမ်းထက်ကြသည်။ လူသည် လည်းကောင်း၊ စက်ရုပ်သည် လည်းကောင်း၊ နည်းပညာသည် လည်း ကောင်း ဤနေရာတွင် စစ်ခွေးများကို မယှဉ်နိုင်ဟု ဗိုလ်ချုပ်ကြီး ပက်ထရေယပ်စ် (ယခုအခါ ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သော) က ပြောသည်။ ထို့ကြောင့် စစ်ခွေးများကို အာဖဂန်စစ်ပွဲတွင် ပိုမိုအသုံးပြုရန် အား ပေးတိုက်တွန်းခဲ့သည်။

အမေရိကန်စစ်တပ်သည် ၁၉၄၂ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင်  စစ်ခွေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းသည်။ ယခု အခါ နှစ်စဉ် နှစ်တိုင်း မတ်လ ၁၃ ရက်နေ့တွင် စစ်မှုထမ်းဟောင်း စစ်ခွေးများနေ့ကို ပုဂ္ဂလိက ခွေးချစ်သူများ အသင်းအချို့က ကြီးမှူးကျင်းပလျက်ရှိသည်။  ထိုနေ့အား အစိုးရကတရားဝင် အသိအမှတ်ပြုပေးရန် ယင်းအသင်းများက ကွန်ဂရက် အမတ်မင်း များကို တိုက်တွန်းကြိုးပမ်းလျက်ရှိသည်။

ဗီယက်နမ်စစ်ပွဲတွင် စစ်ခွေးလေးထောင်ကျော်ကို အမေရိ ကန် စစ်တပ်က အသုံးပြုခဲ့သည်။ ဗီယက်ကောင်း ပြောက်ကျားများ
ခိုအောင်းနေသည့် လိုဏ်ခေါင်းများကို ရှာဖွေခြင်း၊ ထောင်ချောက်များကို ရှာဖွေခြင်း၊ မိုင်းရှာခြင်းတို့တွင် စစ်ခွေးများသည် များစွာအသုံး တည့်လှသည်။ ဗီယက်နမ်တွင် စစ်ခွေးများသည် အမေရိကန်စစ်သား တစ်သောင်းကျော်၏ အသက်ကို ကယ်တင်ပေးခဲ့သည်ဟု ခန့်မှန်းရသည်။

အာဖဂန်တွင် မော်တော် ယာဉ်များကို ရှာဖွေရသည့် တာဝန်ယူရသော ခွေးထိန်းတပ်ကြပ်ကြီး သည် လေးနှစ်သား ဂျာမန်ရှက် ပတ်နွယ် ရှာဖွေရေးခွေးနှင့်အတူ တာဝန်ထမ်းဆောင်ရသည်။ ခွေး၏အမည်မှာ ဒေါရန်း ဖြစ်သည်။ တပ်ကြပ်ကြီးက ''ခွေးကို မြင် တာနဲ့ မကောင်းတာ ကြံစည်နေတဲ့ လူတွေက နောက်တွန့်သွားတယ်။ ဒေါရန်းရဲ့ ဒသမ ၄၅ ကျည်ဆံ အရွယ်ရှိတဲ့ သွား ၄၂ ချောင်းနဲ့ ကိုက်လိုက်တဲ့အခါ တစ်လက်မ ပတ်လည်မှာ ဖိအား ပေါင် ၃၅ဝ ကနေ ၄ဝဝ အထိရှိတယ်။ အကိုက်ခံရရင် မသက်သာဘူး'' ဟု ပြောသည်။

စစ်ခွေးများသည် အာဖ ဂန်စစ်မြေပြင်တွင် တာဝန်ထမ်း ဆောင်ပြီး အမေရိကန်တွင် ခေတ္တ ပြန်နားကာ အာဖဂန်သို့ အကြိမ် ကြိမ်ပြန်လာပြီး တာဝန်ထမ်း ဆောင်ကြရသည်။ သူတို့သည် လူသားများကဲ့သို့ တာဝန်ကိုညည်းညူခြင်းမရှိ။ စစ်ခွေးအများ အပြားသည် အာဖဂန်စစ်မြေပြင်တွင် ကျဆုံးခဲ့ရသည်။ စစ်မြေပြင်တွင် ကျဆုံးသွားသော စစ်ခွေးများနှင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သော စစ်ခွေးများအား ဆုတံဆိပ် ချီးမြှင့်ပေးရန် နယူးဂျာစီပြည်နယ် အခြေစိုက် စစ်ခွေးများအသင်းက စည်းရုံး လှုပ်ရှားနေသည်။ ဆုတံဆိပ်များသည် လူသားများကိုသာ အပ်နှင်း နိုင်သည်ဟု ပင်တာဂွန်စစ်ဌာနချုပ်က ဆိုသဖြင့် စစ်ခွေးများ အသင်းက ၄င်းတို့ဘာသာ  ဆုတံ ဆိပ်များကို တီထွင်ထားရှိသည်။

အမေရိကန် ရေတပ် အထူးတပ်ဖွဲ့ဝင်များ- Navy SEAL က ပါကစ္စတန်နိုင်ငံအတွင်း ဝင် ရောက်လျက် အိုစမာဘင်လာဒင် အား  သုတ်သင်ရှင်းလင်းစဉ် ကိုင် ရိုအမည်ရှိ စစ်ခွေးသည် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။ ဘင်လာဒင်သည် အံဝှက်အခန်းတွင်း ပုန်းအောင်းနေပါက အနံ့ခံဖော်ထုတ်နိုင်ရန် လည်းကောင်း၊ ရဟတ်ယာဉ် ဆင်းသက်ပြီးနောက် မြေမြှုပ်မိုင်းနှင့် ထောင်ချောက် ကို အနံ့ခံရာတွင် လည်းကောင်း၊ ရုတ်ရုတ်သဲသဲ ဖြစ်နေသော အခြေအနေကြောင့် လူများစုရုံးရောက်ရှိ လာခြင်းကို ခြောက်လှန့် မောင်းထုတ်ရန် လည်းကောင်း၊ ဘင်လာဒင်ထွက်ပြေးပါက ခြေရာခံလိုက်ရန် လည်းကောင်း စစ်ခွေးကို ခေါ် ဆောင်သွားခဲ့သည်။

စစ်ခွေးများသည် များသောအား ဖြင့် ဂျာမန်ရှက်ပတ်နှင့် ဘဲလ်ဂျီယန် မာလီနွား Belgium Malinois  အမျိုးများ ဖြစ်သည်။ လူသားများထက် နှစ်ဆမြန်အောင် ပြေးနိုင်သည်။ အနံ့ကိုကောင်းစွာ ခွဲခြားနိုင်သည်။ ခံနိုင်ရည်ရှိသည်။ လျင်မြန်သွက်လက် သည်။ ခွန် အား၊ သတ္တိ၊ ပါးနပ်မှုတို့ရှိသည်။ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည်။ နှစ်မိုင်ခန့်အကွာမှ ရန်သူကို အနံ့ခံသိရှိနိုင်သည်။  ထို အချက်များကြောင့် စစ်ခွေးများကို တွင်ကျယ်စွာ အသုံးပြုလာကြ သည်။ ခွေးများ၏ အနံ့ခံနိုင်စွမ်း သည် လူသားတို့ထက် အဆတစ် သောင်းမှ တစ်သိန်းအထိ ပိုသည် ဟု ဆိုသည်။

ချောက်ကမ်းပါး၊ တံတား အို၊ ပြိုလုဆဲဆဲ အဆောက်အအုံ များအကြားတွင် တပ်စု ဖြတ်သန်း ရသည့်အခါ အန္တရာယ် အကင်းဆုံး လမ်းကြောင်းကို စစ်ခွေးက ရှာဖွေ ပေးသည်။ ကင်းလှည့်တပ်စု၏ ရှေ့ ဆုံးမှ လမ်းပြကာ မြေမြှုပ်မိုင်းကို ရှာပေးသည်။ လူတစ်ယောက် အဝတ်စ သို့မဟုတ် သွေးအစအန  အနံ့ခံလျက် ထိုသူအား ခြေရာခံ ပေးနိုင်သည်။ စစ်ခွေးများအား ကျည်ကာအင်္ကျီ ဝတ်ဆင်ပေးလေ့ ရှိသည်။ ကျည်ဆန်၊ ဓားမြှောင်၊ မိုင်းအစအနများ အန္တရာယ်မှ ကျည်ကာက အကာအကွယ်ပေး သည်။

အထူးစစ်ဆင်ရေးများတွင် စစ်ခွေး၌ မိုက်ခရိုဖုန်း၊ စပီကာ တပ် ဆင်ပေးထားခြင်းဖြင့် ခွေးကို အဝေးမှ လှမ်းဆက်သွယ်နိုင် အောင် စီမံထားသည်။ ညကြည့် ဗီဒီယိုကင်မရာ တပ်ဆင်ပေးထား ခြင်းဖြင့် ခွေးရောက်နေသည့် နေရာ ကို ခွေးထိန်းက သိနိုင်သည်။ ဂျီပီ အက်စ်စနစ် တပ်ဆင်ထားသည့် အတွက် ခွေးပျောက်ဆုံးခြင်း မဖြစ် နိုင်။ ခွေးတစ်ကောင်တွင် တပ်ဆင် ပေးထားသည့် အဆိုပါ အီလက် ထရွန်နစ်ကိရိယာများ၏ တန်ဖိုး မှာ ဒေါ်လာ ၈၆ဝဝဝ ရှိသည်။

ကင်းထောက်ခွေး၊ အနံ့ ခံခွေး၊ ကင်းစောင့်ခွေး စသည်တို့ ကို အကုန်အကျခံလျက် လေ့ကျင့် ပေးရသည်။ ၂၄ လသားမှ ၃၆ လသားအရွယ် ခွေးများကို စတင်လေ့ကျင့်ပေးနိုင်သည်။ သင်တန်းကာလသည် ရက်ပေါင်း ၆ဝ မှ ၉ဝ အထိကြာမြင့် သည်။ ခွေးတစ် ကောင်အတွက် လေ့ကျင့်စရိတ်မှာ ဒေါ်လာ နှစ်သောင်းမှ ခြောက် သောင်းအထိ ကုန်ကျသည်။ ဖောက်ခွဲရေး ပစ္စည်း၊ လက်နက် ၊ မူးယစ်ဆေး စသည်တို့ကို မည်သို့ ဖော်ထုတ်ရမည်ကို လေ့ကျင့်ပေး သည်။ ထို့ပြင် ခွေးထိန်းကို မည်သို့ အကာအကွယ်ပေးရမည်၊ ရန်သူ ကို မည်သို့ တိုက်ခိုက်ရမည်ကို လေ့ကျင့်သင်ကြားပေးသည်။ ဗုံးရှာ ဖွေသော ခွေးသည် ဗုံးဟု မသင်္ကာ ဖွယ်ရာ တွေ့ရှိသည့်အခါ ဝပ်ချ လိုက်ပြီး အခြားမည်သည့် လှုပ်ရှား မှုမျှမလုပ်ဘဲ အဆက်မပြတ် ဟောင်ကာ ခွေးထိန်း ကိုခေါ်သည်။ မူးယစ်ရှာဖွေသော ခွေးမှာမူ မူးယစ်ဆေးဝါးထည့်ထားသော အိတ်၊ သေတ္တာ စသည်တို့ကို ကိုက်ဖြတ် ဆုတ်ဖြဲပစ် သည်။ ထို့ကြောင့် မူး ယစ်ဆေးရှာဖွေရန် လေ့ကျင့်ထား သော ခွေးကို ဗုံးရှာသည့် နေရာ တွင် လုံးဝမသုံးစွဲနိုင်ပေ။

လေ့ကျင့်ပြီးသော ခွေး များကို အရည်အချင်း စစ်ဆေးပြီး အောင်လက်မှတ် ထုတ်ပေးသည်။ စစ်ဆေးမှုအောင်မြင်သည့် ခွေးများ သာ တာဝန်ထမ်းဆောင်ခွင့်ရ သည်။  ခွေးများသည် အမေရိကန် ၏ နယ်ခြားမျဉ်းတစ်လျှောက် ဆက်သွယ်ပို့ဆောင်ရေး ဗဟိုစခန်း များ၊ ဆိပ်ကမ်း၊ စစ်စခန်း၊ လောင် စာဆီလှောင်ကန်များ၊ ဓာတ်အား ပေးစက်ရုံ စသည့် အရေးကြီး နေရာများတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည်။ စစ်သုံးခွေးများ သာမက ရဲခွေး၊ အကောက်ခွန်ခွေး၊ နယ်ခြားစောင့်ခွေး၊ ထောက် လှမ်း ရေးသုံးခွေး၊ လေဆိပ်ခွေး၊ အက်ဖ် ဘီအိုင်ခွေး၊ အသက်ကယ်ခွေးတို့ သည် အမေရိကန် နိုင်ငံတစ်ဝန်း တစ်ရံမလပ် တာဝန် ထမ်းဆောင် နေကြသည်။

စစ်မြေပြင်တွင် မသန် မစွမ်းဖြစ်ရသော ရဲဘော်များ နာ လန်ထစခန်းတွင် စစ်ခွေးများသည် လမ်းကူလျှောက်ခြင်း၊ မျက်မမြင် ရဲဘော်များအား လမ်းကြောင်း ပြ ပေးခြင်းတို့ဖြင့် တာဝန်ထမ်း ဆောင်လျက် ရှိကြသည်။

ခွေးထိန်း ရွေးချယ်ရာ တွင် အရည်အချင်းသတ်မှတ်ချက် ရှိသည်။ အနည်းဆုံး တပ်ကြပ် အဆင့် ရှိရမည်။ လုံခြုံရေးဌာန တွင် အနည်းဆုံး ၃၃ လ တာဝန် ထမ်းဆောင်ဖူးရမည်။ စစ်သား ကျွမ်းကျင်မှု အဆင့် ၅ ရှိရမည်။ ခွေးထိန်းအဖြစ် တာဝန်ထမ်း ဆောင်ရန် ရွေးချယ်ခံရသူသည် သင်တန်း ၁၁ ပတ် တက်ရသည်။

စစ်ခွေးများကို လေ့ကျင့် ပေးရသကဲ့သို့ ခွေးထိန်းစစ်သည် များကိုလည်း ခွေးကို မည်သို့ ခိုင်း စေ ထိန်းသိမ်းရမည်ကို သင်ယူရ သည်။ ခွေးထိန်းများသည် အာရီဇို နာပြည်နယ် သင်တန်းကျောင်း တွင် တက်ရောက်သင်ကြားကြရ သည်။

ခွေးထိန်းသည် ရုံးပိတ် ရက်အပါအဝင် တစ်နေ့လျှင်  ၁၂ နာရီမှ ၁၄ နာရီကြာ အလုပ်လုပ်ရ သည်။ လေ့ကျင့်ခြင်း ၊ ကျွေးမွေးပြုစု စောင့်ရှောက်ခြင်းတို့လုပ်ကာ ခွေး သည် တာဝန်ထမ်းဆောင်ရန် အမြဲအသင့် ရှိနေစေရသည်။ တာဝန် ထမ်းဆောင်နေချိန်တွင် ခွေး၏ကိုယ်အလေးချိန် ပုံမှန်ရှိနေစေရန် အရေးကြီးသည်။ ထို့ကြောင့် ခွေးအစာမည်မျှ စားထား သည်ကို စောင့်ကြည့်နေရန် လိုအပ်သည်။ ခွေးသည် အမှားအယွင်း လုပ်မိပါက တပ်စုတစ်ခုလုံး အသက်ဆုံးနိုင်သည်။ ထို့ကြောင့် ခွေးကို ဂရုစိုက်ရသည်။ ခွေးသည် အမြဲလန်းဆန်း နိုးကြားနေရန် လိုအပ်သည်။ ခွေး များသည် ခွေးထိန်းထက်ပင် အခွင့် အရေး ပိုရသည်ဟု ခွေးထိန်းများ အကြား ပြက်လုံးတစ်ခု ရှိသည်။

ခွေးနှင့် ခွေးထိန်းတို့ အကြား ယုံကြည်မှုနှင့် ရင်းနှီးမှုကို တည်ဆောက်ထားရသည်။ အတူ တကွ သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်ခြင်းဖြင့် ကာလကြာ ရှည်လာသည့်အခါ စစ်ခွေးနှင့် ခွေး ထိန်းအကြား သံယောဇဉ် ကြီးမား လာသည်။ ခွေးကို ကယ်တင်ရန် ကြိုးစားရင်း ခွေးထိန်း အသက်ဆုံး ရသည်များ ရှိလာသည်။ ထို့ ကြောင့် ''ခွေးတစ်ကောင်တည်း တပ်စခန်းကို ပြန်လာတာထက်စာရင် မင်းတစ်ယောက်တည်း ပြန် လာရတာက ပိုကောင်းတယ်'' ဟူ သော စာတမ်းကို တပ်စခန်းတွင် ချိတ်ဆွဲထားသည်။

''ခွေးထိန်းတာဝန်က ၃ နှစ် ၄ နှစ်သားအရွယ် ကလေးကို ထိန်းနေရသလိုပဲ။ တစ်နေ့တစ်မျိုး မရိုးရအောင် သူ့ကို လုပ်ပေးနေရ တာပဲ။ ကိုယ်နဲ့တွဲပြီး တာဝန်ထမ်း ဆောင်ဖူးတဲ့ ခွေးကို ဘဝတစ်သက် တာမှာ ဘယ်တော့မှမမေ့ဘူး။ အမြဲလို သတိရနေတတ်တယ်။ တကယ့် သွေးရင်းသားရင်းလို ဖြစ် သွားတာ'' ဟု ခွေးထိန်းတပ်ကြပ် ကြီး အီလီက ဆိုသည်။
ရှေးပဝေသဏီကတည်း က အီဂျစ်လူမျိုးတို့သည် ခွေးကို ကင်းစောင့်ရာတွင် လည်းကောင်း၊ တိုက်ခိုက်ရေးတွင် လည်းကောင်း အသုံးပြုခဲ့သည်ကို သမိုင်း အထောက်အထားများအရ သိရ သည်။ ဂရိစ်လူမျိုးတို့သည်လည်း ပါရှန်းတို့ကို စစ်ဆင်နွှဲရာတွင် ခွေး ကို စစ်သည်တော်များအဖြစ် အသုံးပြုခဲ့သည်။ အက်စ်ကီမိုများ သည် ခွေးကို စွပ်ဖားလှည်းဆွဲရာ တွင် အသုံးပြုသည်။ အမေရိကန် အချို့ဒေသများတွင် ခွေးကို ဝန် တင်တိရစ္ဆာန်အဖြစ် ယခုထက်တိုင် သုံးစွဲနေဆဲ ဖြစ်သည်။

ဂျာမန် စစ်တပ်သည် စစ်မြေပြင်တွင် ဒဏ်ရာရနေသော ဂျာမန်စစ်သားများကို ရှာဖွေရာ တွင် ခွေးကို အသုံးပြုသည်။ ခွေး ကိုယ်ပေါ်တွင် ရေနှင့် ဘရန်ဒီ ပုလင်းများကို ထုပ်ပိုးပေးထားပြီး တောထဲတောင်ထဲတွင် ဒဏ်ရာရ နေသူများထံ စေလွှတ်သည်။ အကူ အညီပေးမည့် သူနာပြုတပ်ဖွဲ့ ရောက်မလာမီ ဒဏ်ရာ ရနေသူများ သက်သာစိမ့်သောငှာ စီစဉ်ခြင်း ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ၏ ကယ်ဆယ်ရေးခွေးများသည် ကမ္ဘာ ကျော် စေတနာ့ဝန်ထမ်း ခွေးများ ဖြစ်သည်။ ငလျင်၊ မုန်တိုင်း၊ တောင်ပြို စသည့် သဘာဝဘေး ဒုက္ခကျရောက်ပြီး ပိတ်မိနေသူများ၊ ဒဏ်ရာ ရနေသူများကို ဆွစ်ခွေး များက ရှာဖွေပေးသည်။ တောနက် ထဲတွင် ဒဏ်ရာဖြင့် လဲနေသူများ ကို ခွေးက ရှာဖွေ တွေ့ရှိသည့် အခါ ဒဏ်ရာရသူထံမှ ဦးထုပ်၊ လက်မောင်းတံဆိပ်၊ ပခုံးတံဆိပ် စသည့် အမှတ်အသားတစ်ခုခုကို ရယူလျက် တပ်စခန်းသို့ ပြန်လာ သည်။ ၄င်းယူလာသော အမှတ် အသားကို ကြည့်လျက် ဒဏ်ရာရ နေသူသည် ရန်သူနှင့် မိမိရဲဘော် ကို ခွဲခြားနိုင်သည်။ ယူလာသော အမှတ်အသားများကို ခွေးကို ပြ လျက် ဒဏ်ရာရနေသူထံ လမ်းပြ ခိုင်းသည်။ ပထမ ကမ္ဘာစစ်အတွင်း ဂျာမန် စစ်တပ်သည် စစ်ခွေးပေါင်း သုံးသောင်းကျော်ကို အသုံးပြုခဲ့ သည်ဟု မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

ဒုတိယ ကမ္ဘာစစ်တွင် စစ်ခွေး ၄ဝဝ ကျော်ကို လေ့ကျင့်ပြီး အမေရိကန်က ပြင်သစ်သို့ ပေးခဲ့ သည်။ ဥရောပ အယ်လ်ပိုင်တောင် တန်းပေါ်တွင် ခွေးများအား လူမ မာတင် လှည်းဆွဲခြင်း၊ အမြောက် ကျည်ဆံများ သယ်ယူခြင်းတို့ တွင် ဝန်တင်တိရစ္ဆာန်အဖြစ် အသုံးပြုခဲ့ သည်။ အမြောက်ဆံ သယ်ယူရာ တွင် ခွေးသည် လူနှင့်လားတို့ထက် ပိုမို အသုံးတည့်သည်ဟု ဆိုသည်။
ခွေးကို ကာကွယ်ရေး ကဏ္ဍ၌ တွင်ကျယ်စွာ အသုံးပြုနိုင် ရန် အမေရိကန်စစ်တပ်သည် ခွေး တပ်ဖွဲ့ Dogs for Defense  ကို ၁၉၄၂ ခုနှစ်တွင် ဖွဲ့စည်းသည်။ ခွေးလေ့ကျင့်သူများ၊ သားဖောက် မွေးမြူသူများသည် အရပ်သားများ ဖြစ်နေကြသည်။ စစ်တပ်က အရပ် သားများ ပါဝင်လာမည်ကို မလို လားသဖြင့် ခွေးတပ်ဖွဲ့ ဖွဲ့စည်းရေး မှာ ကြန့်ကြာနေသည်။ သို့သော် ၁၉၄၂ ခုဇူလိုင်လတွင် ထိုစဉ်က ကာကွယ်ရေး ဝန်ကြီး ဟာရိုလ် စတင်ဆန် Harold Stimson  က အမိန့်ထုတ်လျက် စစ်ထောက်ချုပ် သည် စစ်ခွေးများကို လေ့ကျင့်ပြီး ကင်းစောင့်တာဝန်သာမက အခြား သော ကာကွယ်ရေးကိစ္စများတွင် အသုံးပြုနိုင်စေရန်ဟု ညွှန်ကြား သည်။ ထိုသည်မှစလျက် ရှာဖွေ ခြင်း၊ ကယ်ဆယ်ခြင်း၊ စုံစမ်းခြင်း၊ ကင်းလှည့်ခြင်း၊ သတင်းပို့ခြင်း စ သည့် အမှုကိစ္စများတွင် စစ်တပ်က ခွေးကို အသုံးပြုလာသည်။ ကာ ကွယ်ရေးဝန်ကြီင်္း၏ ညွှန်ကြားချက် ကို တပ်ရင်းတပ်ဖွဲ့အားလုံးက လက်ခံရရှိသော်လည်း အကောင် ရေ မည်မျှကို မည်သည့်နေရာတွင် အသုံးပြုမည်ကို သက်ဆိုင်ရာ တပ် ရင်းတပ်ဖွဲ့က ဆုံးဖြတ်ရန်ဖြစ်သည်။

ခွေးတပ် ဖွဲ့စည်းခြင်း တွင် အမေရိကန်ပြည်သူများက ပါဝင်ကူညီကြသည်။ စတင်ဖွဲ့စည်း သည့် ၂ နှစ်အတွင်း စစ်တပ်သို့ လှူဒါန်းသော ခွေးအကောင် လေး သောင်းကျော် ရရှိသည်ဟု ဆို သည်။ ယင်းတို့ အနက်မှ ၁၈ဝဝဝ သည် ပဏာမ စစ်ဆေးခြင်းကို အောင်မြင်ကြသည်။ အကောင်ရေ တစ်သောင်းသည် တာဝန်ထမ်း ဆောင်ကြရသည်။

စစ်တပ်တွင် အသုံးပြုနိုင် သည့် ခွေးအမျိုးအစား ၇ မျိုးတွင် ဂျာမန်ရှက်ပတ်၊ ဒိုဘာမင်၊ ဘယ်လ် ဂျီယန် သိုးကျောင်းခွေး၊ ကိုလီ၊ ဆိုက်ဘေးရီးယန်းခွေး၊ အက်စကီမို ခွေးနှင့် malamute  တို့ ပါဝင်သည်။

ဒုတိယကမ္ဘာစစ်အတွင်း စွတ်စိုပူပြင်းသော ဆော်လမွန် ကျွန်းစုမှသည် အေးခဲနေသော အလာစကာအထိ ဥရောပ၏ ယာ ခင်းနှင့်တောတောင်တို့တွင် စစ်ခွေး များ တာဝန်ထမ်းဆောင်ကြသည်။

စစ်ဘုရင် နပိုလီယံ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ''စစ် ပွဲပြီးဆုံးပြီး စစ်တလင်းပြင်တွင် ကျွန်ုပ် လှည့်ပတ်ကြည့်ရှုနေစဉ် ခွေးများသည် သေဆုံးသွားပြီဖြစ် သော သူ့သခင်၏ ဒဏ်ရာများကို လျှာဖြင့်လျက်ပေးနေသည်ကို တွေ့ ရသည်။ ကျွန်ုပ် ကြေကွဲဝမ်းနည်းရ သည်။ မည်သည့် စစ်မြေပြင်မြင် ကွင်းမျှ ထိုမျှလောက် ကျွန်ုပ်၏စိတ် ကို မထိခိုက်စေပေ'' ဟု ရေးသား ထားသည်။

အိမ်မွေးတိရစ္ဆာန်များ အနက် ခွေးသည် လူနှင့် အရင်း နှီးဆုံး၊ လူ့သဘောကို အသိဆုံး၊ လူ့အကျိုးကို သယ်ပိုးနိုင်ဆုံး တိရစ္ဆာန် ဖြစ်သည်။ ကျေးလက် များတွင် နေအိမ်လုံခြုံရေး၊ ကျွဲ ကျောင်း၊ နွားကျောင်းရာတွင် အသုံး ပြုကြသည်။ လူနှင့် ခွေးဆက်ဆံ ရေးသည် မည်သည့်အချိန်တွင် စတင်ခဲ့သည်ကို အသေအချာ မသိရ။ သမိုင်းအထောက်အထား အရ လွန်ခဲ့သော နှစ်ပေါင်း နှစ် သောင်းတွင် စတင်ခဲ့သည်ဟု ဆို သည်။ ပြင်သစ်နိုင်ငံ Ardèche အာဒရေ့ခ်ျဒေသ ဂူအတွင်း ပန်းချီ ကားများတွင် တွေ့ရသည်။ ပုံတွင် တွေ့ရသော ထိုစဉ်က ခွေးများ သည် ဝံပုလွေနှင့် ပိုတူသည်။ ယနေ့ အိမ်မွေးတိရစ္ဆာန် ဖြစ်လာ မည့် ခွေးအမျိုးအနွယ်သည် ထိုစဉ် က တသီးတခြား ကမ္ဘာ့တစ်နေရာ တွင် ပေါက်ဖွားရှင်သန်နေခဲ့ဟန် တူသည်။ အိမ်မွေးတိရိစ္ဆာန်အဖြစ် စတင်မွေးမြူခံရပြီး လူများ ပြောင်း ရွှေ့အခြေစိုက်ရာသို့ အတူလိုက်ပါ ရင်းအခြားမျိုးများနှင့် ရောယှက်ခဲ့ သည်။ ယင်းသို့ဖြင့် ဝံပုလွေ ရုပ် သဏ္ဌာန် မှေးမှိန်ပျောက်ကွယ်ရ သည်ဟု ပညာရှင်များက ဆိုသည်။ ခွေးများ၏ မျိုးရိုးဗီဇ ဒီအန်အေ၏ ၉၉ ဒသမ ၆  ရာနှုန်းသည် ဝံပုလွေ နှင့် ထပ်တူကျသည်။ လူ၏ ဒီအန် အေသည် ချင်ပန်ဇီမျောက်ဝံ၏ ဒီ အန်အေနှင့် တူညီမှုသည် ၉၆ ရာ နှုန်းသာရှိသည်။ ထို့ကြောင့် ခွေး နှင့် ဝံပုလွေတို့ဗီဇ နီးစပ်မှုသည် လူနှင့် ချင်ပန်ဇီမျောက်ဝံတို့ အကြား နီးစပ်မှုထက် ပိုမိုသည်။

မည်သို့ပင်လေ့ကျင့်ပေး သည် ဖြစ်စေ ဝံပုလွေသည် ခွေး၏ အကျင့်စရိုက်နှင့် နီးစပ်မလာပေ။ ခွေးသည် လူ့အလိုကိုသိသည်။ လူ က ချစ်ခင်လာစေရန် ပျူပျူငှာငှာ ဆက်ဆံတတ်သည်။  နှစ်နှစ်သား အရွယ် ကလေးငယ် နားလည် သည့် စကားလုံး အရေအတွက်ကို အချို့ခွေးများအား သင်ကြားပေး နိုင်သည်ကို တွေ့ရသည်။ စိတ် ခံစားမှုတွင် ခွေးများသည် လူထက် ခွင်ကျဉ်းသည်ကို တွေ့ရသည်။ ခွေးများသည် အချိန်ကုန်ဆုံးမှုကို သိပ် သတိမထားမိကြ။ ထို့ကြောင့် သူတို့သည် ပကတိ ပစ္စုပ္ပန်တွင် သာ နေနေကြသည်။ ပစ္စုပ္ပန်၏ အကျဉ်းသားများ ဖြစ်နေကြသည်။ ခွေးများသည် နောင်တရခြင်း၊ မနာ လိုဝန်တို ဖြစ်တတ်သည်ဟု ခွေးရှင် များက ယူဆကြသည်။ ထိုအယူ အဆသည် မမှန်ဟု မနုဿဇီဝဗေ ဒပညာရှင်-Anthrozoologist များက ဆိုသည်။ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ခြင်းတို့ကို ခွေးများသည် ခံစားမှု ရှိနိုင်သော် လည်း ထိုခံစားမှုများသည် အခိုက် အတန့်မျှသာ ဖြစ်သည်ဟု ဆို သည်။

ခွေးများကို စစ်မြေပြင် တွင် အသုံးပြုမှု တိုးတက်များပြား လာသည့်အလျှောက် စစ်မြေပြင် တွင် ခွေးကျဆုံးမှုနှင့် ဒဏ်ရာရမှု များ ရှိလာသည်။ စစ်ပြန်ခွေးများ တွင် စိတ်ဓာတ် ချောက်ချားပျက် ပြားမှု- Post-traumatic stress disorder-PTSD   တွေ့လာရသည်။ ပေါက်ကွဲမှုကို ကြုံတွေ့ရသည့်အခါ စစ်ခွေးသည် တုန်လှုပ်ချောက်ချား သွားတတ်သည်။နောက်တစ်ကြိမ် တာဝန်မထမ်းဆောင်လိုတော့။ ယင်းသို့ စိတ်ဒဏ်ရာ ရသွားသည့် စစ်ခွေးသည်  နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်ရန် ပြင်ဆင် သည့်အခါတွင်မှ သိရသည်။ ခွေး ထိန်းကို ပြန်ကိုက်ခြင်း၊ တစ်နေရာ တွင် သွားရောက်ပုန်းအောင်းခြင်း၊ ခွေးထိန်းနောက်တွင် အမြီးကုပ်ကာ ဝပ်နေခြင်းတို့သည် ရောဂါလက္ခ ဏာများ ဖြစ်သည်။ ယင်းသို့ ရော ဂါလက္ခဏာများ တွေ့ရသည့်အခါ ထိုခွေးကို ပြန်လည်လေ့ကျင့် အသုံး ပြုနိုင်ခြင်း ရှိ-မရှိကို လေ့လာသုံး သပ်ရသည်။ ဆက်လက်အသုံးမပြု နိုင်တော့ဟုဆိုပါက ယင်းခွေးကို အငြိမ်းစားပေးရသည်။

ပေါက်ကွဲမှု စိတ်ဒဏ်ရာ ကို စစ်သားများ ခံစားရသကဲ့သို့ စစ်ခွေးများလည်း ခံစားကြရသည်။ အချို့စစ်ခွေးများသည် ပေါက်ကွဲမှု များစွာကို ကြုံတွေ့ရသော်လည်း တုန်လှုပ်မှုမရှိ။ စိတ်ဒဏ်ရာကြောင့် အချို့ခွေးများမှာ ပြန်လည်လေ့ ကျင့်သင်ကြားမှုကို ခံယူကြရ သည်။ အချို့ စစ်ခွေးများမှာမူ စစ် မြေပြင်သို့ ပြန်ခေါ်လာ၍ မရ တော့။ ကိုယ်ခန္ဓာတွင် ဒဏ်ရာရ သော ခွေးများကို ရှေ့တန်း တိရစ္ဆာန်ဆေးရုံတွင် ကုသမှု ခံယူ စေသည်။ ဒဏ်ရာပြင်းထန်သော ခွေးများကိုမူ တက္ကဆပ် လေတပ် စခန်းရှိ စစ်ခွေးဆေးရုံ Military Working Dog Hospital at Lackland Air Force Base သို့ ပို့ကာ ကုသရသည်။ စိုးရိမ်ဖွယ် အခြေအနေရှိသော ခွေးများကို ဂျာမဏီရှိ အထူးကု ခွေးဆေးရုံသို့ ပို့ရသည်။

ကုသပြီးနောက် ဆက် လက်ကုသရန် လိုအပ်သော စစ် ခွေးများကို လက်လန် လေတပ် စခန်း စစ်ခွေး နာလန်ထစခန်း- Lackland Air Force Base  သို့ ပေးပို့သည်။ ထိုစခန်းသည် အမေ ရိကန်စစ်တပ်၏ တစ်ခုတည်းသော စစ်ခွေး နာလန်ထစခန်း ဖြစ်သည်။ ထိုဆေးရုံတွင် ခွေးများ၏ ကျန်းမာ ရေး ပုံမှန်စစ်ဆေးခြင်းမှအစ သွား သန့်ရှင်းရေးအထိ ဆောင်ရွက်ပေး လျက်ရှိသည်။ ပုံမှန်အားဖြင့် ခွေး အကောင် ၉ဝဝ ခန့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသည်။ ခွေးဆေးရုံကို ၁၉၆၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် အောက်တိုဘာလတွင် ဒေါ်လာ ၁၃ သန်းတန် ဆေးရုံသစ်ကို ဖွင့် လှစ်ခဲ့ခြင်း ဖြစ်သည်။ ဆေးရုံတွင် ခွေးများကို သာ ကုသပေး သည်။ နောက်ဆုံးပေါ် နည်းပညာ များကို အသုံးပြု ကုသပေးလျက် ရှိသည်။

ယခင်ကဆိုလျှင် စစ် တပ်တာဝန်များကို မထမ်းဆောင် နိုင်တော့သည့် စစ်ခွေးများကို လေ့ ကျင့်ရေးကျောင်းသို့ ပြန်လည်ပေး ပို့ပြီး ခွေးထိန်းများ လေ့ကျင့်ရာ တွင် အသုံးပြုသည်။ အကောက် ခွန်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီ၊ လေဆိပ်နှင့် အဆောက် အဦ လုံခြုံရေး စသည်တို့က အလို ရှိပါက ထိုဌာနများသို့ ပေးသည်။

လွန်ခဲ့သော သုံးနှစ်က ကွန်ဂရက်မှ ဥပဒေကြမ်း-Roby Bill  ကို အတည်ပြုလျက် စစ်ခွေး များ အငြိမ်းစားယူရန် ခွင့်ပြုခဲ့ သည်။ စစ်ခွေးများ အငြိမ်းစား ယူ ရာတွင် စစ်သားများ အငြိမ်းစားယူ သကဲ့သို့ ဆောင်ရွက်ရသည်။

အသက် ၁၁ နှစ်နှင့် ၁၂ အကြားတွင် စစ်ခွေးသည် တာဝန် ထမ်းဆောင်ရည် လျော့ကျလာ သည်။ ယင်းသို့အခါတွင် ခွေးစစ် ဆေးရုံ ဆေးဘုတ်အဖွဲ့က စစ်ဆေး ပြီး တာဝန်ထမ်းဆောင်ရန် မသင့် တော်တော့ကြောင်း ထောက်ခံချက် ပေးရသည်။ အကယ်၍ အစိုးရ အဖွဲ့အစည်းများကလည်း မလို အပ်ဟု ဆိုပါက ပုဂ္ဂလိက မွေးစား ရန် လျှောက်ထားသူများထံသို့ စာ ချုပ်စာတမ်းနှင့် လွှဲပြောင်းပေးရ သည်။

အေးမင်းထွန်း




0 comments to “ခြေလေးချောင်း စစ်သည်တော်များ ”

Post a Comment