Monday, August 12, 2013

KIA မှ ဆက်ကြေးမပေးနိုင်လျှင် ဖမ်းမည်ဟု လာရောက်ပြောကြားမှုကြောင့် ဒေသခံရွာသူရွာသားအချို့ ထွက်ပြေးတိမ်းရှောင်

,

သြဂုတ်လ ၁၂ ရက် ၂၀၁၃

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ခေါင်မြေကျေးရွာမှ ရွာသားအချို့သည် KIA အဖွဲ့က သတ်မှတ်ရက်အမီ ပေးသွင်းခိုင်းထားသော ဆက်ကြေးငွေများ မပေးနိုင်လျှင် ဖမ်းမည်ဟု သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် လာရောက် ပြောဆိုသွားခဲ့၍ ၎င်းကျေးရွာမှ ရွာသူရွာသားအချို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆင်ဘိုမြို့ပေါ်တွင် သတင်းများပျံ့နှံ့နေကြောင်း၊ အချို့မိသားစုများမှာ ရွာမှာ မနေရဲ တော့ဘဲ ရှိသမျှ ပစ္စည်းများကို ရသည့်ဈေးဖြင့် ရောင်းချကာ တိမ်းရှောင်ထွက်ပြေးနေကြကြောင်း မြို့ခံတစ်ဦး ဆီမှ သိရသည်။

“မနေ့ကတောင် ခေါင်မြေရွာက လူတွေ ဈေးလာဝယ်လို့ မေးကြည့်တော့၊ အမှန်ဖြစ်နေတယ်။ ဒီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး တစ်အိမ်ထောင်ကို ငါးသောင်းပေးရမယ်လို့ ပြောတယ်၊ စိုက်ပျိုးရာသီချိန်လေ…ဘယ်မှာ ၀င်ငွေရှိမှာလဲ၊ အဲဒီရွာသားတွေလည်း ရှိသမျှ ရွှေ၊ ငွေပေါင်ပြီး ပေးနေကြရတယ် ပြောတာပဲ၊ ပေါင်စရာမရှိတဲ့ လူတွေကတော့ အဖမ်းမခံနိုင်လို့ ပြေးကြတာနေမှာပေါ့” ဟု ဆင်ဘိုမြို့ပေါ်ရှိ ဈေးသည်တစ်ဦးက ပြောပြသည်။

သူက ဆက်လက်၍ “အခုခေတ်မှာ ဒါမျိုးဆက်ကြေးတောင်းတာတွေ မရှိသင့်တော့ဘူးလေ၊ ငြိမ်းချမ်းရေးတွေ ဘာတွေ ဆွေးနွေးခဲ့ကြပြီးပြီပဲ၊ အဲဒီငြိမ်းချမ်းရေးဆိုတာ ဒေသခံတိုင်းရင်းသားတွေ အေးအေးချမ်းချမ်းနေဖို့ မဟုတ်ဘူးလား၊ အခုတော့ ကျီးလန့်စာစားဘ၀နဲ့ စစ်ပြေးဒုက္ခသည်တွေလို ကိုယ့်အိမ်ကိုပစ်ပြီး ပြေးနေရတုန်းပဲ၊ ကချင်လွတ်လပ်ရေးတပ်က အရင်ကပြောခဲ့တော့တစ်မျိုး အခုလုပ်နေတာတွေက တစ်မျိုးဖြစ်နေပြီ၊ ဒေသခံ တိုင်းရင်းသားတွေအတွက် ဘာကောင်းကျိုးမှ မခံစားရပါဘူး” ဟု ပြောပြသွားခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်တော်(KIA)မှ ယခုကဲ့သို့ ဆက်ကြေးငွေများကောက်ခံပြီး မပေးနိုင်သော ရွာသား များကို ဖမ်းဆီးမည်ဟု ပြောဆိုခဲ့မှုကြောင့် ယင်းကျေးရွာမှ မိသားစုအချို့သည် နေအိမ်များကို စွန့်ကာထွက်ပြေး နေရကြောင်း စိုက်ပျိုးရာသီဖြစ်၍ စိုက်လက်စလယ်ကွင်းများကို ပစ်ထားခဲ့ရကြောင်း၊ အချို့မိသားစုများ ကတော့ လယ်လုပ်ငန်းတွင် အသုံးပြုနေသော ကျွဲုများကို ရောင်းကာ ဗန်းမော်နှင့် ရွှေကူမြို့များသို့ တိမ်းရှောင်ထွက်ပြေး နေကြကြောင်း၊ ကျောင်းနေအရွယ်ကလေးများမှာ ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းမတက်ရတော့ဘဲ မိဘများ နှင့်အတူ ပါသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်

0 comments to “KIA မှ ဆက်ကြေးမပေးနိုင်လျှင် ဖမ်းမည်ဟု လာရောက်ပြောကြားမှုကြောင့် ဒေသခံရွာသူရွာသားအချို့ ထွက်ပြေးတိမ်းရှောင်”

Post a Comment