Friday, August 2, 2013

စည်းကမ်းနှင့် ဒီမိုကရေစီ

,

အောင်ခန့်ဖြိုးဝေ (တောင်ငူ)
စည်းကမ်းဟူသည်မှာ မလုပ်သင့်၊ မလုပ်အပ် သည်များကို တားမြစ်ခြင်း ဟူသော အဓိပ္ပာယ် ရှိသည်သာမက လုပ်သင့် လုပ်အပ်သည်များကို မပျက်မကွက် လုပ်ဆောင်ကြရန် စေ့ဆော် တိုက်တွန်းခြင်း ဟူသော အဓိပ္ပာယ်လည်း ဆောင်ပေသည်။

မည်သည့် အလုပ်ဖြစ်စေ စည်းကမ်းရှိစွာ လုပ်ဆောင်တတ်မှ မှန်ကန်၍ အဆင့်အတန်း မြင့်သော အောင်မြင်မှုကို ရရှိမည် ဖြစ်ပေသည်။ အိမ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ကျောင်းစည်းကမ်း၊ အလုပ်ခွင် စည်းကမ်း၊ ရပ်ကွက် စည်းကမ်း၊ မြို့ရွာ စည်းကမ်းမှ အမျိုးသား စည်းကမ်းအထိ အဆင့်ဆင့် စောင့်ထိန်း လိုက်နာတတ်မှ မိမိအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်မည် ဖြစ်သည်။ စည်းကမ်းကို အသိနှင့် စောင့်ထိန်းခြင်း ကား လူ၏ တန်ဖိုးဖြစ်သည်။ မည်သူမျှ မသိသည် ဖြစ်စေ၊ မမြင်သည် ဖြစ်စေ၊ မိမိကိုယ်ကို တန်ဖိုးမြှင့်ပြီး စည်းကမ်းကို စောင့်ထိန်း ကြသင့်သည်မှာ အထူး ဖော်ပြရန် မလိုချေ။ အသေးအဖွဲဟု ယူဆရသော လုပ်ရပ် များမှအစ စောင့်ထိန်းသော အကျင့်ရှိလာလျှင် မည်သည့် စည်းကမ်းကိုမဆို စောင့်ထိန်းရန် ခဲယဉ်းတော့မည် မဟုတ်ပေ။ လမ်းပေါ်တွင် လွယ်လင့်တကူ အမှိုက် မပစ်မိအောင် ပုဂ္ဂိုလ် တစ်ဦးချင်း စောင့်ထိန်း လိုက်ခြင်း ကြောင့် ရပ်ရွာ သန့်ရှင်းရေးကို အထူးတလည် ဆောင်ရွက်ရန် မလိုတော့ပါ။ ယာဉ်မောင်းသူက ယာဉ်မောင်း စည်းကမ်းနှင့် အညီ မောင်းပြီး ယာဉ်စီးသူက ယာဉ်စည်းကမ်းနှင့် အညီစီးကာ လမ်းလျှောက်သူ များကလည်း သတ်မှတ်ထားသော နေရာများတွင် စည်းကမ်းနှင့်အညီ လျှောက်ကြပါက ယာဉ်တိုက်မှုများ၊ ထိခိုက်ဒဏ်ရာ ရမှုများ လျော့ နည်း ပျောက်ကွယ်သွားမည်ဟု စာရေးသူ မြင်မိပါသည်။
ဤသို့အားဖြင့် ပုဂ္ဂိုလ် တစ်ဦးချင်းစီက အသီးသီး လိုက်နာအပ်သည့် စည်းကမ်းများ လိုက်နာကြလျှင် ကုန်ထုတ် လုပ်ငန်းခွင်များမှ ကုန်ထုတ်စွမ်းအား တိုးတက်ခြင်း၊ အုပ်ချုပ်ရေး ဆိုင်ရာများမှ မလိုလားအပ်သော အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်း ဆောင် ရွက်ပေးရမှု နည်းပါးသွားခြင်း၊ လူမှုဆက်ဆံရေး နယ်ပယ်တွင် ပြေပြစ် ချောမွေ့လာခြင်း စသော အကျိုးကျေးဇူးများမှ အစ မိမိတို့ နိုင်ငံတော်ကို မိမိတို့ ကိုယ်တိုင် တည်ဆောက် စီမံနိုင်သော အရည်အချင်းများပါ ပြည့်ဝလာကာ ဒီမိုကရေစီ၏ အနှစ်သာရကို ခံစား လာကြရမည် ဖြစ်ပေသည်။
စည်းကမ်းပြည့်ဝပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံကို စည်းကမ်း ဥပဒေများ လေးစား လိုက်နာတတ်သော နိုင်ငံ သားများကသာ တည်ဆောက် ထူထောင်နိုင်ကြမည် ဖြစ်ကြောင်း နိုင်ငံ သားတိုင်း စည်းကမ်း လိုက်နာကြစေရန် တိုက်တွန်း နှိုးဆော် ရေး သား လိုက်ရပါသည်။  ။

Source_MWD

0 comments to “စည်းကမ်းနှင့် ဒီမိုကရေစီ ”

Post a Comment