skip to main |
skip to sidebar
သူရဲကောင်းတဲ့လား
ဘခက်
“စစ်မှန်သည့် သူရဲကောင်း ဆိုသည်မှာ အစွန်း မရောက်၊ ကိုယ့်ကိုယ်ဖော်
မသူတော်လည်း မဟုတ်၊ ငါတော်ကြောင်းလည်း မပြော၊ ငါ့ကို သူရဲကောင်း လို့
သတ်မှတ်ပါဟုလည်း မတိုက်တွန်း၊ အတင်းအဓမ္မ အသိအမှတ် ပြုရန် လည်း မတောင်းဆို၊
အများအကျိုးအတွက် မိမိအကျိုးကို ဘာတစ်ခုမျှ မငဲ့ကွက်ဘဲ
ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်ကာ စွန့်လွှတ် အနစ်နာခံသူ အဖြစ် ပြည်သူက
သတ်မှတ်ခြင်း ခံရသူသာ ဖြစ်သည်”လို့ Arthur Ashe က ဖွင့်ဆိုသွားတာကို
မှတ်သားဖူးပါတယ်။
လူတိုင်း သူရဲကောင်း ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့
သူရဲကောင်းဆိုတာ ချီးကျူး ဂုဏ်ပြုခံရတာလောက် ကိုပဲ နားလည်ကြပြီး စစ်မှန်တဲ့
အနှစ်သာရ သဘော ကိုတော့ မသိကြဘူး ထင်ပါတယ်။ ဒါဆိုရင် ပြန်မေးကြည့်ချင်တာက
- လူလေးစား ကြည်ညို အသိအမှတ်ပြုခြင်း ခံရတာ သူရဲကောင်းလား
- သူများမှာ မရှိတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်တဲ့သူဟာ သူရဲကောင်းလား
- ချမ်းသာကြွယ်ဝ၊ သြဇာရှိသူဟာ သူရဲကောင်းလား
- သူများယောင်လို့ လိုက်ယောင်ပြီး တောင်မှန်း မြောက်မှန်းမသိ၊ ကံကောင်း လို့ ဖြစ်သွားတာ သူရဲကောင်းလား
- ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်တာ သူရဲကောင်းလား
- ဘွဲ့ တစ်ခုခုနဲ့ သတ်မှတ်ခြင်း ခံလိုက်ရတာ သူရဲကောင်းလား
သူရဲကောင်းဆိုတာ
- စေတနာ့ ဝန်ထမ်း လုပ်ဆောင်သူ
- လူတစ်ယောက်၊ အဖွဲ့အစည်း၊ လူ့ဘောင် တစ်ခုလုံးအတွက် လုပ်ဆောင်သူ
- အသက်၊ ကိုယ်ခန္ဓာ၊ မိမိအကျိုး ပျက်စီးမှန်း သိရက်နဲ့ စွန့်လွှတ် လုပ်ဆောင်သူ
- ဘာအကျိုးအမြတ် တစ်ခုခုကိုမှ ပြန်လည် မမျှော်လင့်ဘဲ လုပ်ဆောင် သူတွေကိုသာ သူရဲကောင်းလို့ သတ်မှတ်နိုင်တယ်လို့လည်း ဆိုကြတယ်။
ဒါကြောင့် သူရဲကောင်း ဘွဲ့ခံဖို့၊ ခေါ်ဖို့ဆိုတာ သိပ်တော့ လွယ်တဲ့ကိစ္စ
မဟုတ်ပါဘူး။ အဲဒီ သတ်မှတ်ချက်တွေနဲ့ ကွင်းရှောင်ပြီး ကိုယ့်ကိုယ်ကိုယ်
သူရဲကောင်း ထင်ချင်လည်း ထင်လို့ရပါတယ်။ သားသမီးတွေက သူတို့ အဖေကို
သူရဲကောင်းလို့ ထင်ချင်ရင်လည်း ထင်လို့ရတယ်။ တပည့်တွေက သူတို့ ဆရာကို
သူရဲကောင်းလို့ သတ်မှတ်ချင်ရင်လည်း သတ်မှတ်လို့ ရတယ်။ ဒါပေမဲ့ အဲဒီ
သတ်မှတ်ချက်ဟာ စစ်မှန်တာတော့ မဟုတ်ဘူး။
လူသား ကောင်းကျိုးနဲ့
လူ့ဘောင် ကောင်းကျိုးဆိုတဲ့ အများနဲ့ သက်ဆိုင်တဲ့ စွန့်လွှတ်
အနစ်နာခံနိုင်မှု မရှိဘဲနဲ့တော့ သူရဲကောင်းလို့ သတ်မှတ်ဖို့ ခက်မယ် ထင်တယ်။
သနား ကြင်နာစိတ်နဲ့ လုပ်ဆောင်လိုက်တဲ့ အပြုအမူ တစ်ခုကိုလည်း သူရဲကောင်း
စိတ်ဓာတ်လို့ မခေါ်နိုင်ပါဘူး။ အဲဒီစိတ်ထက် အများကြီး ပိုပြီး လေးနက်တဲ့
သဘော ဆောင်ပါတယ်။ သူရဲကောင်းလို့ သတ်မှတ် ခံချင်ရင် လူလေးစား
ကြည်ညိုနိုင်လောက်တဲ့ အပြုအမူ အနေအထိုင်မျိုး လည်း နေထိုင် တတ်ဖို့လည်း
လိုတယ်။ ငါ သူရဲကောင်းဆိုပြီး ပုဆိုး ကွင်းလုံး ချွတ်ပြီး လမ်းပေါ်
လျှောက်အော်နေလို့ လည်း မဖြစ်ဘူး။ ပုဆိုးကွင်းလုံး ချွတ်ပြီး သူများ
မလုပ်နိုင်တာကို လုပ်ပြလို့လည်း ဘယ်သူကမှ သူရဲကောင်း လို့ သတ်မှတ်မှာ
မဟုတ်ပါဘူး။
သူရဲကောင်း ဆိုတာကို လူတွေက မျှော်လင့် တောင့်တကြတယ်။
စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဆင်မပြေရင် မင်းလောင်း
လိုလို၊ ကယ်တင်ရှင်လိုလို သူရဲကောင်းတွေ မျှော်တတ်တယ်။ လုပ်ငန်းခွင်မှာ
အဆင်မပြေရင်၊ မူးလာလို့ ကား မမောင်းနိုင်ရင်၊ ရတာ မလို၊ လိုတာ မရ
ဖြစ်နေရင်၊ စကား ပြောရ ဆိုရ အဆင်မပြေ ဖြစ်နေရင် သူရဲကောင်းတွေ
ကယ်တင်ရှင်တွေ ဝင်လာစေ့ချင်တယ်။ ဒါဟာ ခုမှ မဟုတ်ပါဘူး။ ကမ္ဘာဦး ကတည်းက
သူရဲကောင်းမျှော် ဝါဒ ထွန်းကားခဲ့တာပါ။
ကျွန်တော်တို့ အားလုံး
သူရဲကောင်း ချစ်တယ်။ သူရဲကောင်း မျှော်တယ်။ သူရဲကောင်း ပေါ်လာစေချင် ကြတယ်။
အခြေအနေ အခက်အခဲ အကျပ် အတည်း တစ်ခုခု ဖြစ်တိုင်း မိုးပေါ်ကနေ ဆူပါမင်းလို
သူရဲကောင်းမျိုး ပေါ် လာစေချင်ကြတယ်။ သူရဲကောင်း ရုပ်ရှင်တွေ ပေါ်လာရင်လည်း
လူတွေ မြတ်မြတ်နိုးနိုး အားပေးကြတာ သူရဲကောင်း ကိုးကွယ်တဲ့
စိတ်ဓာတ်တွေကြောင့်လည်း ဖြစ်ပါတယ်။
လူ့ဘဝကို လုံခြုံ စိတ်ချ
ငြိမ်းချမ်းစေချင်တယ်၊ တရားမျှတမှုတွေ ရှိစေချင် တယ် ဆိုတာလည်း လူ့သဘာဝပဲ။
ငြိမ်းချမ်း လုံခြုံမှု ကင်းမဲ့တဲ့ အနေအထား၊ တရား မျှတမှုတွေ ကင်းမဲ့နေတဲ့
အခြေအနေတွေမှာလည်း ကယ်တင်ရှင် သူရဲကောင်းတွေ ပေါ်လာရင် ကောင်းမှာပဲ လို့
မျှော်လင့် တောင့်တကြတယ်။ ဒါကြောင့် သူရဲကောင်းဆိုတာ လူတိုင်းနဲ့
ရင်းနှီးပြီးသား၊ လူတိုင်းရဲ့စိတ်ထဲ နှလုံးထဲမှာ အမြဲရှိနေတဲ့ စကားလို့လည်း
ဆိုနိုင်တယ်။
လူတိုင်း သူရဲကောင်း ဖြစ်နိုင်တယ်။
လက်နက်ကိုင်ပြီး စစ်တိုက်နေတိုင်း သူရဲကောင်း ဖြစ်နိုင်တာ မဟုတ်ဘူး။
လူတိုင်း သူရဲကောင်း ဖြစ်လို့ ရတယ်။ သူရဲကောင်း ဖြစ်ခွင့်ဆိုတာ လူတိုင်း
ရနိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေ အကြောင်း တစ်ခုခုကြောင့်
တိုက်ဆိုင်ပြီး ကိုယ့်လုပ်ဆောင်ချက် ဟာ အများနဲ့လည်း သက်ဆိုင်ပြီး၊
အများအတွက်လို့ အများက အသိအမှတ် ပြုလိုက်ရင်လည်း သူရဲကောင်း
ဖြစ်သွားနိုင်တယ်။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာ ဗန်းမော်
တင်အောင်ဟာ နိုင်ငံရေး လုပ်၊ သတင်းစာတွေ ထုတ်၊ ထောင်တွေကျ၊ ပါးစပ်ထဲက
သွားတွေ ကျွတ် ထွက်အောင် အရိုက်ခံရပြီး စိတ်ဓာတ်နဲ့ အလုပ်တွေ လုပ်ခဲ့ပေမယ့်
သူ့ကိုယ်သူ သူရဲကောင်းလို့ တစ်ခါမှ ပြောမသွားခဲ့ဘူး။
ထောင်ကျတိုင်း သူရဲကောင်း မဟုတ်ဘူး။ ထောင်ထဲ ရောက်သွားတိုင်း သူရဲကောင်း
မဟုတ်ဘူး။ ထောင်ထဲကို ဘယ်လို ရောက်သွားတာလဲ၊ ဘာကြောင့် ရောက်သွားတာလဲ၊
ဘာတွေ လုပ်ခဲ့လို့ ရောက်သွားတာလဲ၊ ဘာတွေလုပ်နေလို့
သူရဲကောင်းခေါ်ရမှာလဲဆိုတာ ပြည်သူက ဆုံးဖြတ် လိမ့်မယ်။ တိုင်းပြည်က
ဆုံးဖြတ်လိမ့်မယ်။ သမိုင်းက အဆုံးအဖြတ် ပေးလိမ့် မယ်။ ငါသာလျှင်
သူရဲကောင်းဆိုပြီး ကြွေးကြော် အော်ပြရုံနဲ့တော့ သူရဲကောင်း ဖြစ်လာမှာ
မဟုတ်ပါဘူး။
မြန်မာ့သမိုင်းမှာ ဘာတစ်ခုမှ မကြွေးကြော်ဘဲ
သူရဲကောင်း ဘွဲ့ခံ၊ အာဇာနည် ဘွဲ့ခံသွားတဲ့ မျိုးချစ် ပုဂ္ဂိုလ်တွေ
အများကြီးပါ။ အာဇာနည်ကြီး ကိုးဦးဟာ အာဇာနည် ဖြစ်ချင်လို့ အသေခံသွားကြတာ
မဟုတ်ပါဘူး။ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသွားလို့ ပြည်သူက
ဂုဏ်ပြုပြီး အာဇာနည် ဘွဲ့ ပေးခဲ့တာပါ။
ဦးဥတ္တမ၊ ဦးဝိစာရ၊
ဗိုလ်မင်းရောင်တို့လောက်တောင် ပြောင်မြောက်အောင် မလုပ်နိုင်တဲ့သူတွေက
ကိုယ့်ကိုယ်ဖော် မသူတော် စာရင်းသွင်းပြီး သူရဲကောင်းဘွဲ့ကို
ကိုယ့်ကိုယ်ကိုယ် ပေးအပ်နေကြရင် သမိုင်းမှာ ရယ်စရာတွေ ဖြစ်ကျန်ရစ်ခဲ့မယ်
ထင်ပါတယ်။
Source_The Voice