(၁)
မြန်မာပြည်မှ ပြန်လာသော မိတ်ဆွေတဦးက ကျနော်ဖတ်ဖို့ စာအုပ်တအုပ်လက်ဆောင် ယူလာပေးသောအခါ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားဆိုလိုက်မိပါသည်။ စာအုပ်မျက်နှာဖုံးကို ဖတ်ကြည့်လိုက်သောအခါ ကျနော် အလွန်ဖတ်ချင်နေသောစာအုပ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမသွားမီတွေ့ခဲ့ကြစဉ် သူက ‘ဘာမှာဦးမလဲ’ ဟုမေးမြန်းရာ ရုတ်တရက်စဉ်းစားမရသဖြင့် ကျနော်နှုတ်ဆိတ် နေခဲ့သည်။ သူနဲ့ကျနော် အတူရှိနေတုန်းကတော့ ကျနော် အငမ်းမရဖတ်ချင်နေသော စာအုပ်အကြောင်း တမ်းတမ်းတတ ပြောဆိုမိခဲ့သည်။ ယခု သူ့ကျေးဇူးကြောင့်ပင် ထိုစာအုပ်လေး ကျနော့်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါပြီ။
အသစ်ချပ်ချွတ်မဟုတ်ဘဲ ခပ်နွမ်းနွမ်း စာအုပ်အသွင်အပြင်ကို တွေ့မြင်လိုက်ရရုံဖြင့် သူတကူးတကရှာဖွေ ယူဆောင်လာခြင်းဖြစ်ကြောင်း ဖွင့်ဟမပြောဘဲ သိလိုက်ရ၍ ကျေးဇူးတင်မဆုံး ဖြစ်ရပြန်သည်။
လက်ဆောင်ပစ္စည်းတခု၏ တန်ဖိုးကို ပေးသူ၏ အလိုက်သိမှု၊ အလေးတယူရှိသောအမွန်အမြတ် စေတနာ တရားနှင့် လက်ခံရရှိသူ၏ လိုအပ်ချက်၊ အသုံးဝင်မှုတို့အပေါ် အခြေခံကာ ချင့်တွက်ဆုံးဖြတ်မှသာ လေးနက် ပေါ်လွင်မှုကို ဖော်ဆောင်နိုင်မည်ဟု ယူဆမိပါသည်။
(၂)
စာအုပ်ပုံတွေကြားမှာနေရတာ ကျနော်ပျော်မွေ့ပါသည်။ စာအုပ်အားလုံးကို အစအဆုံးမဖတ်ဖြစ်သည့်တိုင် ကိုယ်နှင့်လက်တကမ်းရှိ ဟိုစာအုပ်လေး ကောက်ကိုင်လိုက်၊ သည်စာအုပ်လေး မြည်းစမ်းကြည့်လိုက် လုပ်ရသည့်အရသာကို ဘယ်အရာနှင့်မျှ မလဲနိုင်အောင် ကြည်နူးဘဝင်ခိုက်သည်။
‘စာဖတ်ခွင့်ရတဲ့နေ့ဟာကျနော့်အတွက် မင်္ဂလာအရှိဆုံးနေ့ဖြစ်ပါတယ်’ ဟုကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတဦး ပြောဖူးသောစကားကို ကျနော့်စိတ်ထဲမှာ မကြာခဏရွတ်ဆိုနေမိသည်။ ရွတ်ဆိုသည့်အခါတိုင်းလည်း ကြည်နူးရွှင်လန်းဖြစ်ရ၏။ စာကောင်းပေကောင်းဟူသည် ဦးနှောက်နှင့် နှလုံးသား၏ခွန်အား၊ အသိပညာကြွက်သားတွေ အပြိုင်းအရိုင်းဖွံ့ထွားလာဖို့ မရှိမဖြစ်လိုအပ်သော အဟာရဟုဆိုလျှင် မှားမည်မထင်ချေ။
ကျနော်စာတွေဖတ်ဖြစ်လာအောင် အစပြုတွန်းအားပေးခဲ့သော အရာများကို စဉ်းစားကြည့်သည့်အခါ ကျနော်တက်ခဲ့သော မူလတန်းကျောင်းဆောင်ထောင့်နားရှိသုံးဆင့်မတ်ရပ်ဘီရိုကလေးနှင့် ကျနော်တို့အိမ်က ထင်းရှူးသေတ္တာလေးကို ပြန်မြင်ယောင်မိသည်။ ဘီရိုထဲမှာရွှေသွေး၊ မိုးသောက်ပန်း၊ တို့ကျောင်းသားစာစောင် လေးတွေ အစီအရီ အထပ်လိုက်ထားရှိသည်။ သေတ္တာထဲမှာတော့ တို့ကျောင်းသား၊ ပညာတန်ဆောင်၊ သုတပဒေသာနှင့် အလယ်တန်း၊အထက်တန်းကျောင်းသုံးစာအုပ်တချို့ နေရာယူလျက်။ အိမ်တွင်ရှိသော စာအုပ်တွေမှာ အစ်ကိုကြီးဖတ်ခဲ့သော စာအုပ်တွေဖြစ်သည်။ ကျနော် ထိုစာအုပ်သေတ္တာလေးကို ဖွတတ်သည့် အချိန် အစ်ကိုကြီးက ရန်ကုန်မှာအလုပ်ခွင်ဝင်နေပါပြီ။
သုတပဒေသာစာအုပ်ထဲမှ ‘မီနာမီကီကန်း’ ဆောင်းပါးလေးကိုဖတ်ရင်း ရဲဘော်သုံးကျိပ်အကြောင်း ပိုသိချင်လာခဲ့သည်။ Six Tales from Shakespear ကိုမသိတဝက်သိတဝက် ဖတ်မိရာက အင်္ဂလိပ်စာကို စိတ်ဝင်စားမှု ပိုလာခဲ့မိ၏။
(၃)
ကျနော်ရန်ကုန်ကိုရောက်ခါစ မြို့ထဲလည်ရင်းပတ်ရင်း ပလက်ဖောင်းပေါ်က စာအုပ်အဟောင်း ဆိုင်လေးတွေရဲ့ ဖမ်းစားခြင်းကိုခံရ၏။ နောက်ပိုင်း ကျနော်တယောက်တည်း ပလက်ဖောင်းပေါ် လမ်းလျှောက်တတ်လာသည်။ ထိုစဉ်က အိတ်ကပ်ထဲမှာငွေနှစ်ကျပ်ရှိလျှင် ရန်ကုန်မြို့ထဲအရောက်သွားဖို့ အဆင်ပြေသည်။ မြောက်ဥကလာ-ဆူးလေ… ကားခအသွား ပြားခြောက်ဆယ်.. အပြန် ပြားခြောက်ဆယ်ဆိုတော့ ရေခဲရေပင် သောက်၍ရသေး၏။
နေ့လည်ထမင်းစားပြီး အိမ်ကထွက်.. တနာရီနီးပါးကားစီး၊ မြို့ထဲရောက်၊ ဆူးလေမှတ်တိုင်မှာဆင်း၊ ပြီးတော့ အရပ်လေးမျက်နှာ ဘယ်ဘက်ကိုလျှောက်လျှောက် စာအုပ်အဟောင်းတန်းကိုရောက်သည်။ အဲဒီမှာလျှောက် ကြည့်ရတာ စိတ်လွတ်လပ်ပေါ့ပါးသည်။ မည်သူကမှ ‘ဘာရှာသလဲ’ ‘ဘာဝယ်မှာလည်း’ အလေးတယူမေးမြန်းမှု မပြုပါ။ စာအုပ်ရောင်းသမားက စာအုပ်ပုံတွေကြားထဲမှာ သူ့ဘာသာသူ အလုပ်ရှုပ်နေတတ်သည်။ ကိုယ်လိုချင် သောစာအုပ်ကိုထောင်ပြပြီး ဘယ်လောက်လဲမေးမှ ခွန်းတုန့်ပြန်ပြောဆို၏။
‘ကြိုက်တာယူငါးကျပ်၊ တဆယ်ကျပ်၊ နှစ်ဆယ်ကျပ်’ စသဖြင့် ဈေးနှုန်းသတ်မှတ်ထားသည့် အပုံတွေထဲက ရွေးမည်ဆိုလျှင်တော့ ကိုယ့်အိတ်ထဲပါသည့်ငွေနှင့် ချိန်စက်ရန်သာရှိတော့သည်။ တနေ့ခင်းလုံး ခြေဦးတည့်ရာ လျှောက်သွားနေပြီး ညနေအေးမှ ကားပေါ်တက် အိမ်ပြန်လာတော့သည်။
(၄)
စာအုပ်ရွေးပြီး ဈေးဆစ်ရသည်မှာ ခံစားမှုတမျိုးဖြစ်သလို ပညာလည်းတိုးရသည်။ ဈေးဆစ်ပွဲမှာ ရောင်းသူနှင့် ဝယ်သူ စာပေဗဟုသုတချင်း ဖလှယ်ဖြစ်ကြသည်။ တချို့စာအုပ်ရောင်းသူများမှာ ထင်မှတ်မထားလောက် အောင် စာပေနှံ့နှံ့စပ်စပ် ရှိလှသည်။ အပြန်အလှန်ဈေးဆစ်ကြရင်း ရောင်းသူအနေအထား နှင့် စာဖတ်အားကို မသိမသာလေး အကဲခတ်ခွင့်ရ၏။
တခါက စာကြည့်တိုက်မှ ငှားဖတ်သောစာအုပ်တအုပ်ကို ကျနော်အလွန်နှစ်ခြိုက်မိသဖြင့် ရောက်သည့် နေရာတိုင်းမှာ စုံစမ်းဝယ်သော်လည်း မရပါ။ ကာလအတန်ကြာက ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ထုတ်ဝေခြင်းမရှိတော့သဖြင့် ကျနော့်အတွက် ရှားပါးစာအုပ်ဖြစ်နေသည်။ သို့နှင့် စာကြည့်တိုက်မှ ထပ်မံငှားရမ်းကာ အစအဆုံးလက်ရေးဖြင့် ကူးယူလိုက်တော့၏။(ထိုအချိန်က မိတ္တူကူးစက် ခေတ်မစား သေးပေ) စာအုပ်ထဲမှာ ကျနော့်လက်ရေးအပြင် ဇနီးဖြစ်သူ၏လက်ရေး၊ တူဖြစ်သူ၏လက်ရေးတို့ဖြင့် လက်ရေးပဒေသာ ဖြစ်နေသည်။
နောက် ကာလအတန်ကြာသော် စာအုပ်အဟောင်းတန်းရှိ ‘ကြိုက်တာယူငါးကျပ်’ အပုံထဲမှ ကျနော်လိုချင် နေသော မူရင်းစာအုပ်လေးကို ရရှိလိုက်ရာ ပျော်လိုက်သည့်ဖြစ်ခြင်း။
(၅)
တခါတခါတော့လည်း စိတ်ကိုလွတ်လပ်ပေါ့ပါးစွာထားပြီး ကိုယ်ပျော်မွေ့ရာ ဝန်းကျင်လေးတခုမှာ ခိုအောင်း နေရတာကို နှစ်သက်မိပါသည်။ ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေသလို ကိုယ့်အတွက်လည်း အနှောင်အဖွဲ့ကင်းသော စိတ်ပြေလျော့ အပန်းဖြေရာ ရပ်ဝန်းလေးအဖြစ် မြင်မိသည်။ အဲဒီလိုနေလိုက် ရသည့်အခါ ရှုပ်ထွေးနောက်ကျိနေသော စိတ်အစဉ်တို့ တဒင်္ဂကြည်လင် ရွှင်လန်းခွင့်ရသည်။
ကျနော် ဆယ်တန်းအောင်ပြီးစ ရွာမှာ ကျောင်းဆရာအလုပ်ခေါ်သည်။ ကျောင်းဆရာဖြစ်စေချင်သော ဖခင်၏ဆန္ဒကို ငြင်းဆန်မိသောကြောင့် သားအဖ အဆင်မပြေဖြစ်ခဲ့ရဖူး၏။ ထိုအချိန်ကျနော်က လယ်ထဲမှာ အလုပ်ကြမ်းတွေ ဝိုင်းကူလုပ်ရင်း အားလပ်သည့်အခိုက် စာကြည့်တိုက်သို့ပြေးကာ စာအုပ်တွေငှားဖတ်သည်။ အလုပ်လုပ်ရင်း အတွေးဈာန်နစ်မျောနေမိ၏။ ကျနော်က စာဖတ်ခြင်းကို အသံတိတ်ဆွေးနွေးငြင်းခုံခြင်းအဖြစ် သဘောထားပါသည်။
ကိုယ်ကာယ ပင်ပန်းသော်လည်း စိတ်ဝိညာဉ်လွတ်လပ်မှု ရှိနေလျှင် ကျနော် ကျေနပ်သည်။ နောက်ပိုင်း ရုံးအလုပ်နှင့် နပမ်းလုံးရသော ဝန်ထမ်းတဦး ဖြစ်လာသည့်အခါ အတွေးအာရုံတွေ ပိတ်လှောင်ခြင်း ခံလိုက်ရ သလို ဖြစ်သွားတော့သည်။
ထို့ကြောင့် စိတ်အာရုံတွေ မကြည်လင်သည့်အခါတိုင်း စာအုပ်အဟောင်းတန်းရှိရာ ကျနော်ရောက်သွား တတ်လေသည်။ ဟိုရောက်တော့ ဘာရယ်မဟုတ်… အစီအရီထပ်ထားသော စာအုပ်အနှောင့်လေးတွေ၊ ဖရိုဖရဲ ပြန့်ကျဲနေသော စာအုပ်မျက်နှာဖုံးလေးတွေပေါ်က စာသားလေးတွေကို လိုက်ဖတ်နေရင်း အတွေးတို့က စာအုပ်ပုံထဲမှာပင် ရစ်ဝဲကျက်စားနေတော့၏။
အခန့်သင့်သဖြင့် ကိုယ်ကြိုက်သည့်စာအုပ်ကိုတွေ့ပါက ပိုက်ဆံပါလျှင် ချက်ချင်းဝယ်၊ မပါတော့လည်း ဟိုလှန် သည်လှော အမြည်းသဘော ဖတ်ရှုကြည့်ရင်း …… လိုချင်လျက် ထားရစ်ခဲ့ရ။
(၆)
ရှစ်လေးလုံး ဒီမိုကရေစီရေးအုံကြွမှုကြီး နောက်ပိုင်း ရွာမှာ စာဖတ်ချင်စိတ်ပြင်းပြသော လူငယ်တွေ များလာ သဖြင့် စာကြည့်တိုက်လေးတခု ထူထောင်ဖို့ ကျနော်တို့သူငယ်ချင်းတစု စုဝေးတိုင်ပင်ဖြစ်ကြသည်။ စာကြည့်တိုက် ဖြစ်မြောက်ရေး အမာခံစာပေရဲဘော် ၅ ဦးရွေးထုတ်လိုက်ပြီး တဦးလျှင် ရံပုံငွေ ငွေတရာကျပ် ထည့်ဝင်စေလျက် စေတနာရှင်တချို့ ပါဝင်လှူဒါန်းငွေအပါအဝင် စုစုပေါင်း ငွေခုနှစ်ရာကျပ်နီးပါးကို ယူဆောင်ကာ စာအုပ်ဝယ်ရန် ရန်ကုန်မြို့သို့ ကျနော် ထွက်လာခဲ့သည်။
ပါလာသည့်ငွေပမာဏဖြင့် စာအုပ်အသစ်ချည်း ဝယ်မည်ဆိုလျှင် ဆယ်အုပ်ဆယ့်ငါးအုပ်ထက် ပိုမရနိုင်။ ထို့ကြောင့် စာအုပ်အဟောင်းဈေးတွေကို ကျနော်ခြေဦးလှည့် မွှေနှောက်ခဲ့သည်။ မြေနီကုန်း ညဈေးကို ရောက်သည်။ ပုဇွန်တောင်ဘက်မှာ ရှာသည်။ မြို့လယ် ပလက်ဖောင်းလမ်းတွေပေါ်မှာ အခေါက်ခေါက် အခါခါ။ အချို့သော စာအုပ်ရောင်းသူတွေက ကျနော့်ရည်ရွယ်ချက်ကို သိသောအခါ တတ်နိုင်သမျှ ဈေးလျှော့ရောင်းပေး သည့်အပြင် စာအုပ်တချို့ကိုလည်း လက်ဆောင်အဖြစ် လှူလိုက်သေး၏။
သို့နှင့် ပီနံအိတ် နှစ်လုံးစာအုပ်အပြည့်ထည့်ကာ ရွာကိုပြန်လာနိုင်ခဲ့သည်။ စာအုပ် တရာ့ငါးဆယ်ခန့် ပါလာ၏။ ကျနော်တို့ရွာမှာ အရင်က တိုးတက်ရေးအသင်းဖွဲ့စည်းခဲ့ဖူးပြီး စာကြည့်တိုက်တခုလည်း ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိထားပါသည်။ ယင်းတိုးတက်ရေးအသင်း၏ ကျေးဇူးကြောင့် ရွာလယ်ကျောက်ပြားလမ်း ခင်းနိုင်ခဲ့ပြီး ရပ်ရွာ သာရေးနာရေး အသုံးပြုရန် အိုးခွက်ပန်းကန်များကိုလည်း အသင်းရံပုံငွေဖြင့် ဝယ်ယူထားရှိနိုင်ခဲ့သည်။
ကျနော်လူလားမြောက်ချိန်မှာ ကျောက်ပြားလမ်းနှင့် အသင်းပိုင် အိုးခွက်ပန်းကန်များ ရှိနေသေးသော်လည်း အသင်းဦးဆောင်ဖွဲ့စည်းခဲ့သူများ တကွဲတပြားစီရောက်သွားကာ ပုံမှန် အစည်းအဝေးလုပ်သည်ပင် မတွေ့မိတော့။ စာကြည့်တိုက်လည်း မရှိတော့ပြီ။ အသင်းဝင် တဦးထံမှာ သိမ်းဆည်းထားသော စာအုပ်တချို့ကို အမွေဆက်ခံရလိုက်တော့၏။
ကျနော်တို့ရွာနှင့် သုံးမိုင်ခန့်ဝေးသော ရွာရှိ ကျနော်အဖွဲ့ဝင်ထားသည့် စာကြည့်တိုက် ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီး သူတို့ဆီမှ စာအုပ်များကို အလှည့်ကျပြန်အပ်စနစ်ဖြင့် ငှားရမ်းကာ ကျနော်တို့စာကြည့်တိုက်၏ လိုအပ်ချက်ကို အားဖြည့်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သည်လိုနှင့် ရွာက စာကြည့်တိုက်လေးမှာ သုံးနှစ်ခန့်မွေ့လျော်ခဲ့ပြီးနောက် ကျနော်လည်း ဘဝပေးအခြေအနေ အရ ဇာတိရွာနှင့် စာကြည့်တိုက်လေးကို ခွဲခွာရင်း တနယ်တကျေးမှာ အသက်မွေးခဲ့ရလေသည်။ အခုတော့ ကျနော် နှစ်သက်ကျင်လည်ရာ ပလက်ဖောင်း စာအုပ်အဟောင်းတန်းနှင့်ပါ ဝေးကွာခဲ့ရတာ နှစ်ကာလ အတန်ကြာလေပြီ။
‘တရွာမပြောင်း သူကောင်းမဖြစ်’ ဟူသော မြန်မာစကားပုံက ကျနော့်အဖို့ နားဝင်ပီယံ မဖြစ်လှ။ ဘဝမှာ သူကောင်းမဖြစ်ခဲ့ဖူးသော်လည်း ပြောင်းရွှေ့ခဲ့ရသည့် နေရာတွေ မနည်းတော့။ သို့ပေသည့်တိုင် ဘယ်နေရာ ရောက်ရောက် အချိန်တန် အိမ်ပြန်ချင်စိတ်နှင့်အတူ ကိုယ်နှစ်သက်မြတ်နိုးသော ရပ်ဝန်းလေးကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ ရှိနေမိသည်။
ခုလောက်ဆို စာကြည့်တိုက် ဘီရိုထဲက စာအုပ်လေးတွေ ကျနော်ပြန်ရောက်လာမည့်အချိန် စောင့်မျှော်နေမှာကို ကျနော့်ဝိညာဉ်က အလိုလိုသိနေမိလျက်သား ဖြစ်နေ၏။
အခါအခွင့်သင့်ချိန် တခုမှာတော့ မိမိရပ်ရွာမှ စာကြည့်တိုက်လေး စည်ပင်ဖွံ့ဖြိုးဖို့ ပံ့ပိုးပေးသွားမည်ဖြစ်သလို ကျေးလက်စာကြည့်တိုက်များ တိုးတက်များပြားလာရေးကိုလည်း တတ်နိုင်သမျှ အားပေးကူညီသွားရန် ရည်သန်အားခဲနေမိပါသည်။
ဝေမော်
ဇန်နဝါရီ ၁၊ ၂၀၁၃