Tuesday, August 13, 2013

မြောက်ပိုင်းကျောင်းသားသတ်ဖြတ်မှု ဘာဖြစ်လို့ မဖော်ထုတ်နိုင်သေးတာလဲ?

,

မနေ့က မွေးနေ့အလှူတစ်ခုကို သွားရောက်ခဲတယ်။
မွေးနေ့ရှင်ကတော့ABSDF မြောက်ပိုင်း(ပါဂျောင်)မှာ ထောက်လှမ်းရေးလို့စွပ်စွဲဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသူရဲဘော်ဟောင်းမနန်းအောင်ထွေးကြည်ရဲ့ မိခင် ဒေါ်ခင်နှင်းကြည်ရဲ့ မွေးနေ့အလှူပါ။


မနန်းအောင်ထွေးကြည်ရဲ့ မိခင်ဒေါ်ခင်နှင်းကြည်ကို တောထဲအထိ လိုက်သွားပြီး သမီးဖြစ်သူကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ မိခင်တစ်ယောက်အနေနဲ့ လေးစားရင်းလွန်ခဲ့တဲ့ ၄ လ ၅ လကတည်းက အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။



၁၉၉၁ ခုနှစ်တုန်းက သြဂုတ်လ ၆ ရက်မှာ ABSDF မြောက်ပိုင်း(ပါဂျောင်)မှာ ထောက်လှမ်းရေးဆိုပြီး ကျောင်း သား ရဲဘော်စိုးမင်းအောင်ကို ဗျူဟာ ၂ မှာ စတင်ဖမ်းဆီးပြီး ရက်ရက်စက်စက်ညှင်းပန်းခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ကျောင်းသားပေါင်း ၁၀၀ ကျော်ကို ထောက်လှမ်းရေးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျောင်းသား ရဲဘော်အချင်းချင်းကပဲ ဆက်တိုက် ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ဦးကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။

ပြည်ထောင်စုနေ့မှာ ထောက်လှမ်းရေးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အသတ်ခံခဲ့ရတဲ့ ကျောင်းသားနဲ့ နှိပ်စက်မှု့ ဒဏ်ကြောင့် သေတာတွေ စုစုပေါင်း ၃၅ ဦး ရှိပါတယ်။ ကျောင်းသား ၅၅ ဦးကတော့ ထွက်ပြေးခဲ့ပြီး လမ်းခရီး မှာတစ်ဦး သေဆုံးခဲ့ပေမဲ့ ကျန်တဲ့ ကျောင်းသားတွေကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို စွပ်စွဲဖမ်းဆီးပြီး နှိပ်စက်ခြင်းခံခဲ့ရတဲ့ သား၊ သားသမီးတွေအတွက် မိသားစုဝင်တွေကလည်း စိတ်ထိ ခိုက်နာကျင်ခြင်းကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရပါတယ်။
အခုလို ABSDF အဖွဲ့ ပြည်တွင်းကို ၀င်ရောက်သွားလာနေကြချိန်မှာ ABSDF မြောက်ပိုင်းမှာ ၁၉၉၁-၁၉၉၂ ခုနှစ်တုန်းက ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေအားလုံး၊ ဖမ်းဆီးရင်း သတ်ပစ်ခဲ့တဲ့ ကျောင်းသားတွေ အားလုံးနဲ့ ဖမ်းဆီးရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကျောင်းသားတွေအားလုံးကို ထောက်လှမ်းရေး မဟုတ်ကြောင်း ကြေညာပေးသင့်တယ်လို့ မိသားစုဝင်တွေက ဆန္ဒရှိနေကြပါတယ်။

ABSDFအနေနဲ့ ထောက်လှမ်းရေးတွေလို့ မှားယွင်းဖမ်းဆီးခဲ့တဲ့ မနန်းအောင်ထွေးကြည်အပါအ၀င် အသတ် ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေ ထွက်ပြေးလွတ်မြောက်ခဲ့သူတွေ စုစုပေါင်းသော စွတ်စွဲခံခဲ့ရတဲ့ ကျောင်း သားပေါင်း ၁၀၀ ကျော်ဟာ ထောက်လှမ်းရေးတွေ မဟုတ်ကြကြောင်း ပြည်သူကို ကြေညာပေးစေလိုကြောင်း စွတ်စဲခံခဲ့ရတဲ့ ကျောင်းသူရဲမေ မနန်းအောင်ထွေးကြည်ရဲ့ မိခင်ဒေါ်ခင်နှင်းကြည်က ပြောပါတယ်။

ဒေါ်ခင်နှင်းကြည်လိုပဲ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ABSDF တောင်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသား ရဲဘော်ဟောင်း ကိုဋ္ဌေးနိုင်ရဲ့ မိခင်ကလည်း ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမပတ်တုန်းက ABSDF ရဲဘော်သံခဲနဲ့ အဖွဲ့ မြန်မာပြည်တွင်းကို ရောက်ရှိပြီး ငြိမ်းချမ်းရေးစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဥက္ကဋ္ဌ ရဲဘော်သံခဲက ABSDF မြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွပ်စွဲခံပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီး ဖော်ထုတ်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၁၃ မေလတုန်းက ထုတ်ပြန်မယ်ဆိုတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာလည်း ထွက်မလာခဲ့သလို၊ ထွက်မလာရခြင်း အကြောင်းရင်းကလည်း ရေရေရာရာ မရှိခဲ့တဲ့အပြင်၊ စွတ်စွဲခဲ့သူ တွေကိုလည်း ထောက်လှမ်းရေးဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အချက်အလက်တွေ၊ အထောက်အထား တွေလည်း မရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အခုချိန်မှာတော့ ၈၈ ငွေရတုသဘင်အခမ်းအနားအတွက် ABSDF ဥက္ကဋ္ဌရဲဘော်သံခဲတို့လို လက်ရှိ ABSDF တာဝန်ရှိ ခေါင်းဆောင်ပိုင်းတွေ မြန်မာပြည် ရောက်ရှိနေကြသလို၊ ကျောင်သားအချင်းချင်းသတ်ဖြတ်မှုတွေ ဖြစ်ပေါ်စဉ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာနိုင်အောင်၊ မိုးသီးဇွန် စတဲ့ တာဝန်ရှိခဲ့သူတွေလည်း ပြည်တွင်းမှာ ရှိနေချိန်ဖြစ်ပါတယ်။


သူတို့အနေနဲ့ ဒီလိုအချိန်မျိုးမှာ ABSDF အနေနဲ့ အဖြစ်မှန်စုံစမ်းဖော်ထုတ်ဖို့အတွက် လွယ်ကူတဲ့ အခြေ အနေ ရှိနေပါတယ်။
သူတို့တွေအနေနဲ့ ရှင်းလင်းချင်တယ်ဆိုရင် အစိုးရဆီမှာ တရားဝင်မေးမြန်းလို့ရနိုင်နေပါပြီ၊ အဲဒီကာလတွေမှာ ထောက်လှမ်း ရေးအကြီးအကဲ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း မေးမြန်းလို့ရနိုင်တဲ့ အနေအထားရှိ နေပါတယ်။

နိုင်ငံတော် အစိုးရအနေနဲ့လည်း နိုင်ငံတော်ရဲ့ သမိုင်းတကွေ့မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက် အစိုးရ အနေနဲ့လည်း တာဝန်ယူပြီး ဖြေရှင်းပေးသင့်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ မြန်မာနိုင်ငံသားတွေ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် ရဲစခန်းတစ်ခုချင်းဆီမှာ နေရာဧရိယာကွဲပြားလို့ ငြင်းပိုင်ခွင့်ရှိပေမဲ့ အစိုးရအနေနဲ့ ငြင်းပါယ်လို့ ရနိုင်ပါသလား။


တစ်ချိန်က ဖြစ်ပွားခဲ့တဲ့ ဂျုးလူမျိုးတွေအပေါ်မှာ လူ့အခွင့်ရေးချိုးဖောက်ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်ကောင်တွေ ကို ဘယ်လောက်ကြာကြာ ဘယ်နိုင်ငံရောက်ရောက် ဖော်ထုတ်အရေးယူနိုင်ခဲ့သေးတာပဲ၊ ABSDF မြောက်ပိုင်း ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ကိစ္စကိုလည်း ဖော်ထုတ်အရေးယူနိုင်လိမ့်မယ်လို့ ယုံကြည်လို့ ရနိုင်ပါတယ်။


မြောက်ပိုင်းမှာထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူတွေအနေနဲ့လည်း ဒီအဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ခံရသူတွေဘက်က ဖော်ထုတ်ဆောင် ရွက်ဖို့ဖြစ်မြောက်ရေး ကော်မတီဖွဲ့သင့်ပါတယ်။

အခုချိန်မှာတော့ မြန်မာပြည်တွင်းမှာ ပြုခဲ့သူတွေ၊ ပြုလုပ်ခံခဲ့ရသူတွေ့ဆုံပြီး ရှင်းနိုင်တဲ့ အနေအထားတစ်ခု ရှိနေတာကို ခုချိန်ထိ မရှင်းနိုင်သေးတာ ဘာကြောင့်လဲ ဆိုတာကလည်း စဉ်းစားစရာဖြစ်လို့နေပါတော့တယ်။

0 comments to “မြောက်ပိုင်းကျောင်းသားသတ်ဖြတ်မှု ဘာဖြစ်လို့ မဖော်ထုတ်နိုင်သေးတာလဲ?”

Post a Comment