Sunday, August 11, 2013

အီးပေ

,


 တပ်ထဲမှာ ‘အီးပေ’ လို့ အမည်ရတဲ့ ရဲဘော်တဦးနဲ့ ကျနော် အတူတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ‘အီးပေ’ ဆိုတာ သူ့နာမည်ရင်း မဟုတ်၊ Nickname သာ ဖြစ်ပါတယ်။ သင်တန်းကာလမှာ ရဲဘော် အချင်းချင်း ကျီစယ်နောက်ပြောင် ခေါ်ဝေါ်ကြရာကနေ တွင်သွားတဲ့ အမည်ပါ။
သိတော်မူကြတဲ့အတိုင်း စစ်တပ်ဆိုတာက မတထောင်သားတွေ စုဝေးရောက်ရှိရာ ဖြစ်တဲ့အပြင် လူတကိုယ် စရိုက်တမျိုးနဲ့ အမျိုးမျိုး အဖုံဖုံ ရှိကြတာဆိုတော့ သင်တန်းမတက်ခင် စုဆောင်းရေးမှာကတည်းက နာမည် ပြောင် ရသူတွေ ရထားကြပါပြီ။ တချို့ဆို အဲဒီနာမည်ပြောင်ကိုပဲ လူသိများလာပြီး အကြောင်းသိ ခင်မင်သူချင်း တောင်မှ မူလ နာမည်ရင်းကို အတော်စဉ်းစားယူရတဲ့ အထိ ဖြစ်ကြရပါတယ်။ အီးပေက အဲလိုလူမျိုးထဲ ပါမယ် ထင်ပါတယ်။ ဟိုလူကခေါ် ‘အီးပေ’… ဒီလူကခေါ်လည်း ‘အီးပေ’… အရာရှိအတော်များများနဲ့ တပ်မှူး တချို့ ကတောင် အီးပေဆိုရင် တန်းခနဲသိနေကြတယ်။

သူ့ကို ‘အီးပေ’ ခေါ်ခဲ့ကြတဲ့ အကြောင်းရင်းကိုတော့ ကျနော် သေချာမသိပါဘူး။ ဒါပေမဲ့ အကျင့်စာရိတ္တ ပျက်ယွင်းမှုကြောင့် ခေါ်တွင်ခဲ့တယ်လိုတော့ မထင်မိပါ။ ဘာကြောင့်ဆို သူဟာ လှိုက်လှဲဖော်ရွေသူ ပျော်ပျော်နေတတ်သူ တဦးဖြစ်တဲ့အပြင် သူတပါးအပေါ်မှာလည်း ကူညီလိုစိတ် အပြည့်ရှိသူ ဖြစ်တာ ကြောင့်ပါပဲ။ သူ့ကို ချစ်သူခင်သူလည်း အင်မတန် ပေါများပါတယ်။ သူ့အဖေဟာ ရေတပ်က အငြိမ်းစားယူ ထားတဲ့ ဆရာကြီးတဦးပါ။ ‘အီးပေ’ ဟာ တပ်ထဲမရောက်ခင်က သန်လျင်မှာ မြင်းလှည်းမောင်းတယ်လို့ သိရပါတယ်။ ကျနော်တို့ကို သူပြောပြတာကတော့ သူဟာ တပ်ထဲကိုဝင်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့ အဖေဖြစ်သူရဲ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ ရောက်လာရတာပါ တဲ့။ ကျနော်တို့ ပြောနေကျ ဝေါဟာရအတိုင်း သုံးရလျှင် သူဟာ ‘လိုင်းပေါက်’  တဦးပေါ့။

ဒါတွေကလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ စစ်သည်မိသားစု ဘဝအများစုဟာ စားဝတ်နေရေး မပြေလည် ကြတော့ သားသမီးတွေပညာရေးကို လိုအပ်သလို မြေတောင် မြှောက်မပေးနိုင်ကြပါဘူး။ ဒီတော့ စစ်သား သားသမီးတွေဟာ ပညာတတ်သူနည်းလှပြီး အလယ်တန်းလောက်နဲ့ ကျောင်းအပြင်ကို ရောက်နေသူတွေ များလှပါတယ်။ မိဘ ဝတ္တရားအရ အချိန်တန်ရင် ကျောင်းထားပေးကြပေမဲ့ ကလေးတွေ အတန်းနည်းနည်း မြင့်လာတာနဲ့အမျှ ရေမြင့်ကြာမြင့် တိုးလိုက်လာတဲ့ ကျောင်းစားရိတ် ဝန်ကလည်း ပိလာပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကလေးက စာကြိုးစားရင်တော့ မဖြစ်ဖြစ်အောင် ခြိုးခြံခြွေတာပြီး ကျောင်းထားပေးသော်လည်း တချို့ ကျောင်းတက်မမှန် စိတ်လေလွင့်နေတဲ့ ကလေးကျ သင့်တင့်ရုံမျှ ချော့ကာတမျိုး ခြောက်ကာ တသွယ် ကျောင်းတက်ဖို့ တိုက်တွန်းတတ်ကြပေမယ့် မဖြစ်မနေ အတင်းအကြပ် လုပ်တာတော့ သိပ်မတွေ့လှပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို သားသမီး ၂ ယောက် ၃ ယောက် တပြိုင်နက် ကျောင်းထားရတဲ့ တာဝန် က မသေးလှတာကြောင့် ဖြစ်ပါတယ်။

ဒီတော့ သားသမီးလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်တဲ့ မိဘရဲ့အားနည်းချက်ရယ်..  အများနည်းတူ ကျူရှင် မတက်နိုင်လို့ စာမလိုက်နိုင်ပါဘူး အကြောင်းပြလာတဲ့ ကလေးသဘာဝ ခပ်ပေါ့ပေါ့အတွေးရယ် ပေါင်းစပ်ပြီး တပ်မိသားစုထဲက ဆယ်ကျော်သက် အတော်များများဟာ အချိန်မတန်ခင် စာသင်ကျောင်းကို ကျောခိုင်းပြီး လုပ်ငန်းခွင် ရောက်သူရောက် အပေါင်းအသင်းတွေနဲ့ လေလွင့်သူ လေလွင့် ဖြစ်နေတဲ့ မြင်ကွင်းတွေက ကျနော်တို့ နေခဲ့တဲ့ ဝန်းကျင်မှာ အဆန်းတကြယ် မဟုတ်လှပါ။ အဖေကိုယ်တိုင်ကလည်း တပ်အလုပ်နဲ့ မိသားစုရေးကို ထောင့်စေ့အောင် လိုက်မကြည့်နိုင်။ နောက်ဆုံးတော့ အပြင်မှာ လေလွင့်နေမယ့် အစား တပ်ထဲမှာကမှ အထိန်းအကွပ်ရသေးတယ်ဆိုပြီး သားကိုတပ်ထဲဆွဲထည့်တဲ့ စစ်သားဖခင်တွေ ဖြစ်လာရ တာပေါ့။
………………………………………………………………………………….

ကျနော် ကျွန်းစခန်းဌာနချုပ် အသစ်တခုကို ပြောင်းရွှေ့ခဲ့ချိန်မှာ  ‘အီးပေ’ နဲ့ စတင် ဆုံတွေ့ခဲ့ရတာပါ။ တပ်ကို ရောက်ခါစ ဖြစ်တော့ ရင်းနှီးသူလည်း သိပ်မများသေး… နယ်မြေအနေအထားလည်း သိပ်မသိသေးတဲ့ အချိန်မှာ .. တည ညဦးပိုင်း သူငယ်ချင်းတဦးနဲ့အတူ တပ်နဲ့နီးစပ်ရာ ရွာထဲ လက်ဖက်ရည်သောက် ထွက်လာတုန်း… ရခိုင်မုန့်တီ ဆိုင် ( သူတို့ဒေသအခေါ် အာပူလျှာပူ ) ရှေ့မှာ လူငယ်တဦး စကားတွေ ဖောင်ဖွဲ့နေအောင် ပြောလိုက်.. လက်ခုပ် လက်ဝါးတီး ရယ်မောလိုက်နဲ့ အာရွှင်နေတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ တခြားတဦးမှ ‘ဟေ့ကောင် အီးပေ ဟိုမှာ ဂျီဝမ်း တို့အဖွဲ့လာနေပြီ’ လို့ အသံခပ်အုပ်အုပ်နဲ့ သတိပေးလိုက်တာကို လူငယ်က ‘လာလာပေါ့ကွာ.. ဂျီဝမ်း လာရင် ဂျီသရီး နဲ့ ပစ်လိုက်မှာပေါ့’ ဆိုပြီး ဣနြေ္ဒမပျက် ဆက်ပြောနေတုန်း … မလှမ်းမကမ်းဆီမှ လက်နှိပ် ဓာတ်မီး သုံးလေးလုံး ထွန်းပြီး ရွာလယ်လမ်းအတိုင်း လာနေတဲ့ အုပ်စုထဲကနေ ‘ဟေ့  ဘယ်ကောင်လဲကွ… ဂျီသရီးနဲ့ ပစ်မယ်ဆိုတာ .. အဲဒီကောင် ဖမ်းထားလိုက်စမ်း’ လို့ လှမ်းအော်သံ ကြားလိုက်ရပြီး ‘အီးပေ’ ဆိုသူ တချိုးတည်း လစ်ပြေး သွားပါတယ်။ သူ့ သူငယ်ချင်းက နောက်ပြောင် တယ်ထင်ပြီး ခပ်တည်တည်နဲ့ ပြန်ဟောက်လိုက်တဲ့ ‘အီးပေ’ ကျားရှေ့ တကယ်ဒူးထောက်လဲရော့ လေသလား….။

နောက်တနေ့မနက်  ရုံးကိစ္စနဲ့ ဌာနချုပ်ရုံးဆီ ကျနော်ရောက်သွားချိန်မှာ အပြစ်ပေးခံယူဖို့ အသင့်စောင့်နေတဲ့ ‘အီးပေ’ ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရပါတော့တယ်။ အနည်းဆုံး ဌာနချုပ်ရုံး ပတ်လည်သန့်ရှင်းရေးလုပ်ဖို့ အပြစ်ထိတော့မှာပါ။  အဲဒီနောက်ပိုင်းမှာ ‘အီးပေ’ နဲ့ ကျနော် ထိတွေ့မှုများလာပြီး ရင်းနှီးကျွမ်းဝင် ဖြစ်လာခဲ့ ပါတယ်။ သူက အနေအထိုင် အကင်းပါးသလို တာဝန်ကို ပေါ့ပါးဖျတ်လတ်စွာ လုပ်ကိုင် ဆောင်ရွက်လေ့ရှိ သူပါ။ တခြားသူတွေ မသွားလို မလုပ်လိုတဲ့ နေရာမျိုးမှာ သူ့ကိုခိုင်းလိုက်ရင် မညည်းမညူတမ်း သွားလုပ် ပါတယ်။

တပ်သစ်မို့ နေ့စဉ် တပ်တွင်းလုပ်အားပေးနဲ့သာ နပမ်းလုံး အချိန်ကုန်နေတဲ့ကြားက စနေ၊ တနင်္ဂနွေရက်တွေမှာ အဲဒီတုန်းက  ခေတ္တ ဌာနချုပ်မှူး (ဒုဌာနချုပ်မှူး ) ဦးဆောင်ပြီး ပင်လယ်ကမ်းစပ်နားက ဂေါက်ကွင်းမှာ ဂေါက်ရိုက်ထွက်လေ့ ရှိပါတယ်။ ထိုစဉ်က ဌာနချုပ်မှာ ကြီးလေးကြီး အုပ်စိုးချိန်ကာလလည်း ဖြစ်ပါတယ်။ အဲဒီလို သွားတိုင်း တပ်အလိုက် လုပ်အားပေးစစ်သည်တွေ လိုက်ပေးရပါတယ်။ ဟိုရောက်ရင် ဧည့်ခံ ကျွေးမွေး တာကအစ ဂေါက်အိတ်ထမ်း၊ ဂေါက်သီးကောက် အားလုံး လုပ်ပေး ကြရတာပါ။ ဂေါက်ရိုက်သွားတိုင်း ဒုဌာနချုပ်မှူးက သူနဲ့ရင်းနှီးတဲ့ ရဝတ ဥက္ကဌ နဲ့ ဆားလုပ်ငန်းရှင် တဦးကို ဂေါက်ရိုက်ဖို့ အတူခေါ်သွား တတ်ပါတယ်။ လုပ်အားပေး စစ်သည်တွေဟာ အဲဒီလူနှစ်ဦးရဲ့ ဂေါက်ကွင်း ဝေယျာဝစ္စ တာဝန်တွေကိုလည်း လုပ်ဆောင် ပေးရတာပါ။

အဲဒီမှာ သူများတကာ ငြိုငြင်တွန့်ဆုတ်တဲ့တာဝန်ကို မငြင်းတမ်း လိုက်ပါဆောင်ရွက်တတ်တဲ့ ‘အီးပေ’ ဆန္ဒပြ ပါတော့တယ်။ လုပ်အားပေးက သူပြန်လာတော့ မျက်နှာကြီးပုပ်သိုးလို့။ တစုံတခုကို မကျေမနပ် ဖြစ်လာတဲ့ပုံ။ အခြေအနေမေးကြည့်တဲ့အခါ သူက ဒုဌာနချုပ်မှူးလုပ်ပုံမဟုတ်တဲ့ အကြောင်း ရင်ဖွင့်တော့တယ်။ ‘စဉ်းစားကြည့်ပါ အုံးဗျာ… ဒုကြီးက ကျနော်တို့ကို ကျွန်လိုသဘောထားလား မသိဘူး… သူ့နောက်က ပါလာတဲ့ ဟိုလူ ၂ ယောက်ရဲ့ ဂေါက်အိတ်ကိုပါ ထမ်းခိုင်းတယ်။ အဲဒီလူတွေကလည်း ဌာနချုပ်မှူးပါဝါခုတုံးလုပ် ပြီးတော့  ကျနော်တို့ကို ဟိုဟာလုပ်ပေး… ဒီဟာလုပ်ပေး…. ခိုင်းလိုက်တာ စုံနေ ရောပဲ… မမိုက်ပါဘူးဗျာ..’ တဲ့။ အဲဒီတော့ ‘အီးပေ’ ဘာလုပ်တယ်ထင်ပါသလဲ။ ဟိုလူတွေ ရိုက်လွှတ်လိုက်တဲ့ ဂေါက်သီးကို ရှာမတွေဘူး ပြောတယ်၊ တွေ့ရင်လည်း မြေကြီးထဲ နင်းမြှုပ်ပစ်လိုက်တယ်၊ ဒါမှမဟုတ် ရေထဲပစ်ချ လိုက်တယ်။ သူပြန်လာတော့ ဘောင်းဘီအိတ်ထဲမှာ ဂေါက်သီး တချို့ပါလာတယ်။ တပ်ထဲက ကလေးတွေ ကစားဖို့ပေးတယ်။

ကျန်တဲ့နေရာတွေမှာကျရင် သူဟာတကယ့်ကို ဖင်ပေါ့သွက်လက်သူ။ လူပျိုစစ်သည်ဖြစ်ပေမဲ့ ရုံးအားရက် တွေမှာ  သူငယ်ချင်း အိမ်ထောင်သည်တွေအတွက် စားစရာတွေ ရှာဖွေလာတတ်တယ်။ ရွာထဲက သူနဲ့ရင်းနှီးသူ တွေရဲ့ အိမ်ကို အလည်သွားရင်း သူတို့အလုပ်တွေ ဝိုင်းကူလုပ်ပေးတတ်တာမို့ ‘အီးပေ’ တပ်ထဲပြန်လာရင် ရွာကလူတွေ ပေးလိုက်တဲ့ ငါးစို၊ ငါးခြောက်၊ ပုဇွန်ထုပ်တွေ ပါလာတတ်မြဲ။ ပါလာသမျှကို နီးစပ်ရာ အိမ်ထောင်သည်မိသားစုတွေကို အကုန်ပေးလိုက်တာပဲ။ နှမြောတွန့်တိုစိတ် မရှိဘူး။ တာဝန်ချိန်မှာဆိုလည်း သူငယ်ချင်း အိမ်ထောင်သည် စစ်သည် မအားလပ်တဲ့အခါမျိုးမှာ ဂျူတီကိုယ်စား ဝင်ပေးလိုက်သေးတယ်။

သူ့မှာ ထူးခြားတဲ့ အကျင့်တခုက အိပ်တဲ့အခါ ခြင်ထောင်မထောင်ဘဲ အိပ်တာ။ အဲဒီဒေသမှာက ခြင်တော်တော် ကိုက်တဲ့အပြင် ငှက်ဖျားလည်း ရှိတယ်။ ညနေ မိုးချုပ်စ ဆိုရင် လမ်းလျှောက်နေရင်းကို ခြင်တွေက လိုက်ကိုက် ကြတာ။ ဒါပေမဲ့ ‘အီးပေ’ ရဲ့ အိပ်ရာကို သွားကြည့် ….. ဘယ်တော့မှ ခြင်ထောင်မတွေ့ရဘူး။ သက်တန်းစေ့ စစ်ဝတ်လဲလှယ်ချိန်မှာ အများနည်းတူ ‘အီးပေ’ လည်း ခြင်ထောင် တလုံးရတယ်။ ဒါပေမဲ့ သူက ခြင်ထောင်ကို ရောင်းပြီး ခြင်နိုင်ဆေးခွေ ဝယ်တယ်ဗျ။ သူ့အိပ်တဲ့ဘေးမှာ ခြင်ဆေးခွေတွေ ပတ်လည်ထွန်းပြီး အိပ်တာ။ ဘာဖြစ်လို့ ခြင်ထောင်နဲ့ မအိပ်ရတာလည်း မေးတဲ့အခါ… အသက်ရှူကျပ်လို့ တဲ့။ ခြင်ဆေးငွေ့ဒဏ်ကျတော့ ခံနိုင်တယ်။ အဲလိုလူ။

‘အီးပေ’ ရဲ့ ကိုယ်ရေးရာဇဝင်မှာ ခွင့်မဲ့ပျက်ကွက်မှုနဲ့ စစ်ပြေးမှု ကျူးလွန်ထားတာတွေ တွေ့ရတယ်။ သင်တန်း ကာလမှာကတည်းက ခွင့်မဲ့ပျက်ကွက်မှု ကျူးလွန်ခဲ့ဖူးတာ။ စစ်ပြေးမှု ကျူးလွန်ခဲ့ပေမဲ့ ကာလသိပ်မကြာတာမို့ တပ်တွင်းအချုပ်ကျခံပြီး ဆက်လက်အမှုထမ်းခဲ့တယ်။ တခြား အကျင့်စာရိတ္တနဲ့ဆိုင်တဲ့ ဖောက်ဖျက်ကျူးလွန်မှု မျိုး မတွေ့ရပါဘူး။ နောက်ဆုံးတခါမှာ ရှောင်တခင်ခွင့် (၁၀) ရက် သွားရာက ပြန်မလာတော့ဘူး။ ၂ လ လောက်ကြာမှ တပ်ကိုပြန်လာပြီး အဖမ်းခံတယ်။ သူပြန်လာချိန်မှာ တပ်မှူးခရီးထွက်နေလို့ ခေတ္တတပ်မှူး က တပ်ကို အုပ်ချုပ်နေချိန်။ သူက ခေတ္တတပ်မှူးကို တင်ပြ အသနားခံတယ်။ တပ်မှာ ဆက်လက်တာဝန် မထမ်းဆောင်လိုတော့တာမို့ သူ့ကို တပ်က အပြီးထုတ်ပေးပါတဲ့။ တပ်မှူးလည်း ခေါင်းစားသွားတာပေါ့။

‘အီးပေ’ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့ ခက်နေတာ။  စစ်ပြေးကာလ ၂ လ လောက်နဲ့ အရပ်ဘက် ထောင်ချပြီး ထုတ်ပယ်ဖို့ မလွယ်ဘူးလေ။ ဒါနဲ့ အတွေ့အကြုံများတဲ့ ဆရာကြီးတွေနဲ့ တိုင်ပင် ကြည့်တယ်။ ပြစ်ဒဏ် စီရင်ချက်မှာ တပ်မှူးသီးခြားအစီရင်ခံစာ ပူးတွဲပြီး အဲဒီအထဲမှာ အရင်တုန်းက ကျူးလွန်ခဲ့ဖူးတဲ့ ပြစ်မှုအဟောင်းတွေပါ ဖော်ပြကာ.. တပ်မှာဆက်လက် တာဝန်ထမ်းဆောင်ရန်မသင့်ဆိုတဲ့ မှတ်ချက်မျိုးပေးပြီး ထုတ်ရင်ဖြစ်နိုင် တယ်လို့ ဆရာကြီးတွေက အကြံပြု ကြတဲ့အခါ တပ်မှူးက ရှေးရှေးက အခြားစစ်သည်တွေ အပေါ် စီရင်ခဲ့တဲ့ အမှုတွဲ ဖိုင်ဟောင်းတွေ လှန်ပြီး အသက်ညှာဆုံး ပြစ်ဒဏ်ကို ရှာခိုင်းပြန်တယ်။ အဲဒီမှာ စစ်သည်တဦးကို အရပ်ဘက် ထောင်ဒဏ် (၃) လ ချမှတ်ပြီး ထုတ်ပယ်ခဲ့တဲ့ နမူနာ ကိုတွေ့လို့  အဲဒီအတိုင်းပဲ ပြစ်ဒဏ် (၃) လနဲ့ ‘အီးပေ’ အမှုကိုလည်း စီရင်ချက်ချက်လိုက်တော့တယ်။

အရပ်ဘက်ထောင်ကို မပို့မီမှာ ‘အီးပေ’ ကို တပ်မှူးက  ‘မင်း ထောင်က ထွက်ရင် ဘာလုပ်မှာလဲ’ မေးတော့ ပြုံးစေ့စေ့ နဲ့ ‘အဖေက အသက်ကြီးပြီ….. ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး…. ဆိုတော့ ကျနော် သန်လျင်မှာပဲ မြင်းလှည်း မောင်းတော့မယ် စီအို’ လို့ အဖြေပေးရှာတယ်။

‘အီးပေ’ တယောက် ထောင်ထဲမှာ ၂ လ ကျော်ကျော်လောက်နေပြီး လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ သူ့ကို ပြစ်ဒဏ်စီရင်ခဲ့တဲ့ တပ်မှူးကိုတော့ စစ်တိုင်းဌာနချုပ် ဥပဒေဌာနက ခေါ်ယူသတိပေး ဆုံးမတာ ခံယူခဲ့ရတယ်။ အကြောင်းပြချက်က စစ်သည်တဦးကို ပြစ်မှုနဲ့ မထိုက်တန်တဲ့ ပြစ်ဒဏ်ပေးပြီး ထုတ်ပယ်ပစ်လို့  တဲ့ …………။


နေမင်းသူ
၂-၀၇-၂၀၁၃

Source___ဘ၀ခြေရာ

0 comments to “အီးပေ”

Post a Comment