Friday, August 23, 2013

စနိုးဒန်၏ သတင်း အချက်အလက်များ ဖျက်ဆီးပစ်ရန် ဂါးဒီးယန်း သတင်းစာကို ဗြိတိန်အစိုးရ ဖိအားပေး

,


လန်ဒန်၊ သြဂုတ် ၂၂

အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာ အက်ဒ်ဝပ် စနိုးဒန် ဖွင့်ချ ခဲ့သော ထောက်လှမ်းရေး သတင်း အချက်အလက်များကို ဖျက်ဆီး ပစ်ရန် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ အနီးကပ် လက်ထောက် နှစ်ဦးက The Guardian (ဂါးဒီးယန်း) သတင်းစာကို ဖိအားပေးခဲ့သည်ဟု ဗြိတိန် နိုင်ငံရေး သတင်းရင်းမြစ်များက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

ဗြိတိန် သတင်းစာ တစ်စောင်ဖြစ်သော The Guardian သည် အက်ဒ်ဝပ် စနိုးဒန် ဖွင့်ချခဲ့သော အမေရိကန် ထောက်လှမ်းရေး သတင်းများကို ပထမဆုံး စတင် ဖော်ပြခဲ့သည့် သတင်းစာဖြစ်ပြီး ယခုအခါ အဆိုပါ သတင်း အချက်အလက်များကို ဖျက်ဆီးပစ်ရန် ဝန်ကြီးချုပ် ကင်မရွန်း၏ ကက်ဘိနက် အတွင်းရေးမှူး ဂျယ်ရီမီဟေးဝုဒ်နှင့် အမျိုးသား လုံခြုံရေး အကြံပေး ကင်မ်ဒါးရော့ခ်ျတို့၏ ဖိအားပေးမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

အဆိုပါသတင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်ဖြစ်သော ဗြိတိန်နိုင်ငံ၏ မီဒီယာ လွတ်လပ်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ များ ဖြစ်စေကြောင်း လေ့လာ စောင့်ကြည့်သူတို့က ပြောကြားသည်။

ယင်းသတင်း ထွက်ရှိလာချိန်တွင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းမှာ ကွန်းဝေါလ်သို့ အားလပ်ရက်အဖြစ် ရောက်ရှိနေပြီး အရေးတကြီး ထင်မြင် သုံးသပ်ချက် ပေးခြင်း မရှိခဲ့ပေ။

The Guardian သတင်းစာကို စနိုးဒန်၏ လျှို့ဝှက် သတင်း အချက်အလက် များ ဖျက်ဆီးပစ်ရန် ဖိအားပေးခြင်းနှင့် ယင်းသတင်းစာမှ သတင်းစာဆရာ တစ်ဦး၏ မိတ်ဆွေဖြစ်သူကို သီးခြား ထိန်းသိမ်းခဲ့ခြင်း အစရှိသော လုပ်ရပ်များသည် လွတ်လပ်သော သတင်း မီဒီယာအပေါ် ထိုးနှက်တိုက် ခိုက်မှု တစ်ရပ်ပင် ဖြစ်ကြောင်း မီဒီယာ လွတ်လပ်ခွင့်အတွက် တက်ကြွ လှုပ်ရှားသူများနှင့် လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများက ပြောကြားသည်။

အဆိုပါ သတင်းစာ အယ်ဒီတာဖြစ်သူ အယ်လန်ရုစ်ဘရစ်က အကယ်၍ မိမိ သတင်းစာအနေနှင့် စနိုးဒန်၏ သတင်း အချက်အလက်များကို ဖျက်ဆီး ပစ်ခြင်း သို့မဟုတ် အစိုးရထံသို့ လွှဲပြောင်းပေးခြင်း မပြုလုပ်ပါက တရား ဥပဒေနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အစိုးရအဖွဲ့မှ ရာထူး အလွန်ကြီးမားသည့် ပုဂ္ဂိုလ် တစ်ဦးက အသိပေး ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့နောက် မကြာမီ အချိန်တွင် ဗြိတိန် ထောက်လှမ်းရေး အေးဂျင့် နှစ်ဦးက The Guardian သတင်းစာတိုက်ရှိ ကွန်ပျူတာ Hard Drive အချို့ကို လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ သို့သော် အဆိုပါ သတင်း အချက်အလက် မိတ္တူပွားများမှာ ကမ္ဘာတစ်ဝန်း၌ ရှိကြောင်း ၎င်းက ဆိုသည်။

ဗြိတိန်အစိုးရကမူ ထောက်လှမ်းရေး အဖွဲ့များသည် ဥပဒေဘောင် အတွင်းမှ လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စနိုးဒန်၏ သတင်း အချက်အလက် များ ပေါက်ကြားမှုသည် အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်သည်ဟု ပြောကြားသည်။

0 comments to “စနိုးဒန်၏ သတင်း အချက်အလက်များ ဖျက်ဆီးပစ်ရန် ဂါးဒီးယန်း သတင်းစာကို ဗြိတိန်အစိုးရ ဖိအားပေး”

Post a Comment