Thursday, August 22, 2013

ဝန်ကြီးများ ကတိတည်ပါစေ

,


ရေးသားသူ- အိဖြူလွင်၊ အောင်ခိုင်၊ ထွန်းခိုင်

ယခုလဒုတိယအပတ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က သူ၏အစိုးရအဖွဲ့အတွင်း အစားထိုးခန့်အပ်ခဲ့သည့် ဒုဝန်ကြီးများအား တရားဝင်မိန့်ခွန်းမှတစ်ဆင့် သတိပေးမှုတစ်ခုပြုလုပ်ခဲ့သည်။ သမ္မတက “မင်းမှသစ္စာ၊ လူမှာကတိ”ဆိုသည့်ဆိုရိုးစကားကို ကိုးကားလိုက်ပြီး အများရှေ့မှောက်တွင်ပြုခဲ့သည့် ကတိသစ္စာကို မကျိုးပေါက်အောင် ထိန်းသိမ်းကြဟုဆိုလိုက်သည်။

ယင်းသတိပေးမှုများမှာ ပြောလေ့ပြောထရှိသော သတိပေးမှုမျိုးတော့မဟုတ်။ သူ၏အစိုးရထိပ်ပိုင်းအရာရှိများအကြား အဂတိလိုက်စားခြင်းရှိနေကြောင်း သမ္မတက၀န်ခံခဲ့ပြီး ငါးရက်အကြာတွင် ပြောကြားသည့် မိန့်ခွန်းတွင် အစိုးရအရာရှိများအကြား ကတိတည်ဖို့အရေး ထပ်မံပြောကြားခြင်းဖြစ်သည်။

အစိုးရသစ်တက်စက ပြည်သူတွေအဖို့ မျှော်လင့်ချက်တစ်ပုံတစ်ပင်။ ရန်ကုန်ကို စင်ကာပူလိုဖြစ်အောင်လုပ်မည်။ ၂၄ နာရီ လျှပ်စစ်မီးလင်းစေရမည်။ နိုင်ငံရေးအကျဉ်းသားမရှိစေရ။ ပွင့်လင်းမြင်သာသော အစိုးရအဖွဲ့ စသည်..စသည်ဖြင့်။

သို့သော်လည်း ခြောက်သွေ့ရာသီရောက်တိုင်း ဖယောင်းတိုင်များရောင်းကောင်းဆဲ၊ တစ်ပတ်ရစ်ဘတ်စ်ကားများပေါ် တိုးတက်နေရမြဲ၊ ပြဿနာဖြစ်တိုင်း တာဝန်ခံဖြေရှင်းပေးမည့်သူကို ရှာမရဆဲ၊ ခွဲခွဲလွှတ်သည့် နိုင်ကျဉ်းများထဲ ကိုယ့်လူပါမလားမျှော်နေ ရဆဲဖြစ်သည်။

အစိုးရအရာရှိများပေးသော ကတိအတိုင်းဖြစ်မလာခြင်းက ပြည်သူတို့အဖို့ စိတ်ပျက်စရာတစ်ခုဖြစ်ကောင်းဖြစ်မည်။ အောက်ခြေပြည်သူအချို့တွင်မူ ထိုထက်ဆိုးသည့် အခြေအနေတွေရှိသေးသည်။ ကတိကိုယုံလို့ တရားစွဲခံရသည့်သူများလည်းရှိသည်။

“လယ်သိမ်းလို့ နစ်နာမှုတွေရှိရင် စာရေးတောင်း။ အဆင့်ဆင့်ပြေလည်အောင် ဖြေရှင်းပေးမယ်။ တိုင်ချင်တဲ့သူလက်မှတ် ထိုးဆိုပြီး လုပ်တယ်။ နောက်နေ့ကျ စာရွက်ထဲလက်မှတ်ထိုးထားတဲ့ လူတွေတိုင်း တရားစွဲခံရတာတွေလည်းရှိတယ်”ဟု လှိုင်သာယာမြို့နယ်မှ လယ်သမားအရေးလှုပ်ရှားနေသူတစ်ဦးကပြောသည်။

ယုံရခက်သည့်ကတိက၀တ်များအကြောင်းက တိုင်းရင်းသားများအကြားတွင် အထူးအဆန်းမဟုတ်တော့။ စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ရခိုင်တိုင်းရင်းသား ရှေ့နေဦးသာပွင့်က အောက်ပါ အခြေ အနေကို ရှင်းပြသည်။

ရခိုင်တွင်ပဋိပက္ခများမဖြစ်မီကာလများတွင် ရခိုင်လူငယ်များနှင့် တက်ကြွလှုပ်ရှားသူအချို့က ၎င်းတို့ပြည်နယ်မှထွက်သည့် သဘာဝဓာတ်ငွေ့ဖြင့် ပြည်နယ်လျှပ်စစ်မီးလင်းစေရန် ဆော်သြခဲ့ကြသည်။ ထိုအချိန်တုန်းက ဒုသမ္မတအဖြစ် သီဟသူရဦးတင်အောင်မြင့်ဦး တာဝန်ထမ်းဆောင်နေဆဲ။

ဒုသမ္မတကြီးက ရခိုင်ပြည်နယ်တစ်ခုလုံး နေ့ချင်းညချင်း မီးရောင်ထိန်ထိန်လင်းမည့်အလား ပြောဆိုချွေးသိပ်ခဲ့သည်ဟုဆိုသည်။

ရက်တွေ၊ လတွေသာကြာသွားခဲ့သည်။ ဒုသမ္မတကြီးလည်း အစိုးရအဖွဲ့ထဲမရှိတော့။

သူပေးခဲ့သည့်ကတိများသည်လည်း ပေါက်ဖော်များဆီ ရောက်သွားသည့် သဘာဝဓာတ်ငွေ့များလိုပင် ရခိုင်တိုင်းရင်းသားတို့ရှေ့မှ ပျောက်ကွယ် သွားခဲ့သည်။ ဒေသခံများလည်း ကျောက်ခေတ်လူသားများလို အလင်းရောင်နှင့် အပူအတွက် ထင်းရှာထွက်ရမြဲ။

ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကတော့ မ.ဆ.လလက်ထက်ဆောင်ပုဒ်တွေ ကြွေးကြော်ပြီး ဘာမှဖြစ်မလာသလို အခုအစိုးရလက်ထက်မှာလည်း မစားရကတိက၀တ်တွေပေးပြီး ဘာမှဖြစ်မလာမည်ကို စိုးရိမ်သည်ဟုလို့ဆိုသည်။

“အစိုးရရဲ့စနစ်မှာ အားနည်းချက်က မောင်ဖြူကကတိပေးတယ်။ သူမရှိရင် မောင်နီကမလုပ်တော့ဘူး။ စနစ်ကိုဗဟိုမပြုဘဲ လူကိုဗဟိုပြုလို့ ဒီပြဿနာဖြစ်နေရတာ”ဟု ဦးတင်ထူးအောင်က ထောက်ပြသည်။

အခြားတိုင်းရင်းသားများကလည်း အစိုးရဘက်ကိုကတိတည်ဖို့အရေး မကြာခဏပြောဆိုလေ့ရှိသည်။ အထူးသဖြင့် လက်နက်ကိုင်တိုင်းရင်း သားများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်များနှင့် ပတ်သက်လျှင် တိုင်းရင်းသားများဘက်က သဘောတူထားသည့် ကတိက၀တ်များလိုက်နာရေး အမြဲတစေထောက်ပြလေ့ရှိသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော ရှမ်းပြည်နယ်အခြေစိုက်တပ် မတော်(မြောက်ပိုင်း) SSPP/SSA တို့အကြား ဇွန်လအတွင်းက တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်တွင် SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ဇွန်လအစောပိုင်းတွင် 7Day Daily သို့ ယခုလို့ပြောခဲ့ဖူးသည်။

“ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဘယ်လောက်ပဲကတိက၀တ်တွေပြုပြု၊ အဓိက တပ်ပိုင်းပုဂ္ဂိုလ်တွေက ကတိက၀တ်ပြုထားတဲ့အတိုင်း အကောင်အထည်ဖော်ပြီး မဆောင်ရွက်တော့ ဒီလိုပဲ ဖြစ်နေမှာပေါ့လေ”

ကတိက၀တ်ကိစ္စများက တိုင်းရင်းသားလက်နက်ကိုင် များ၊ ပြည်သူများထဲတွင်သာ ပြောဆိုဆွေးနွေးကြသည်မဟုတ်။

လွှတ်တော်ထဲသို့ပါ ရောက်ခဲ့သည်။ လွှတ်တော်သက်တမ်း ၂ နှစ်ခွဲတာကာလအတွင်း ၀န်ကြီးဌာနများက လုပ်ဆောင်ပေးမည်ဟု ကြွေးကြော်ခဲ့သော်လည်း ကတိတစ်ထောင်ကျော်က လုပ်ဆောင်ရန်ကျန်နေဆဲဟု လွှတ်တော်ဘက်ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကတိမတည်သည့်အစိုးရ၏ လုပ်ရပ်များကို စွပ်စွဲပြစ်တင်နိုင်သည်ကို ကတိပေးသည့် အစိုးရအရာရှိများ သတိထားစေလိုကြောင်း ပြောသည်။

ပေးသည့်ကတိတည်၊ မတည်ကို စောင့်ကြည့်နေသူများလည်း ရှိနေသည်ကို သတိထားကာ ပေးပြီးကတိများကို တည်အောင်လုပ်ဖို့လိုသည်ဟု အစိုးရအားအကြံပေးသည်။

လှည်းတန်းခုံးကျော်တံတားကို လေးလအတွင်းအပြီးဆောက်မည်ဆိုပြီး လက်တွေ့တွင်မပြီးသောကြောင့် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း မျက်နှာပျက်ခဲ့ရဖူးသည်။

လှည်းတန်းခုံးကျော်တံတားမှ ရသောအတွေ့အကြုံအရ စီမံကိန်းများနှင့်ပတ်သက်၍ လွယ်လွယ်ကတိမပေး လိုကြောင်း ပြည်ထောင် စုဝန်ကြီးဦးစိုးသိန်းကပြောသည်။

ယခင်ခေတ်ကဲ့သို့မဟုတ်ဘဲ မဏ္ဍိုင်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းသော ခေတ်ဖြစ်နေသောကြောင့်ဟု ၀န်ကြီးကမှတ်ချက်ပြုသည်။

တလောကလည်း မီဒီယာလောကသားများက ပြန်ကြားရေးဝန်ကြီးဌာနက ကတိမတည်ဟု ဝေဖန်ခဲ့သေးသည်။ ၀န်ကြီးဌာနက မီဒီယာဥပဒေများနှင့်ပတ်သက်ပြီး စာနယ်ဇင်းကောင်စီအား အကြိမ်ကြိမ်ကတိပေးပြီး ထိုကတိက၀တ်များကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။

အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကလည်း ၀န်ကြီးဌာနများက ပေးအပ်ထားသော ကတိများအနက် စီမံကိန်းနှင့်ဆိုင်သော ကတိက၀တ်များကို ဆောင်ရွက်ရန် အများဆုံးကျန်ရှိနေကြောင်း ပြောကြားထားသည်။

လွှတ်တော်သက်တမ်း ၂ နှစ်ခွဲကာလအတွင်း ၀န်ကြီးဌာနများက ဆောင်ရွက်ပေးမည်ဟု ပြောကြားထားသည့် လုပ်ငန်းများအနက် ကတိက၀တ်တစ်ထောင်ကျော် ကျန်ရှိနေသည်။ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ရန် အများဆုံးကျန်ရှိနေခြင်းပဲဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း စိုက်ပျိုးစရိတ်ချေးငွေများ တောင်သူလယ်သမားတို့၏ အခြားလိုအပ်ချက်များနှင့်ပတ်သက်၍ အကူအညီများ ပေးအပ်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးမြင့်လှိုင်က ကတိက၀တ်များကို လူသိရှင်ကြားပေးအပ်ခဲ့သည်။

ရာသီဥတုကြောင့်ပျက်စီးသွားသည့် သီးနှံများအတွက် အစားထိုးသီးနှံပေါ်ချိန်ရောက်မှ ချေးငွေများကို တောင်သူများက ပြန်ပေးဆပ်နိုင်ရန် အချိန်ကာလရွှေ့ဆိုင်းပေးမည်ဟု ၀န်ကြီးက အာမခံပြောကြားခဲ့ သည်။ ယင်းကတိ တည်၊ မတည်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲကြောင့် ပေါ်ပေါက်လာသည့် လွှတ်တော်သည်လည်း သက်တမ်းထက်ဝက်ကျိုးချိန်ရောက်ပြီဖြစ်သည်။ လာမည့်ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည်လည်း မကြာမီကာလအတွင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ထုံးစံအတိုင်း မဲဆန္ဒရှင်များအား ကတိက၀တ်များဖြင့် ဆွဲဆောင်ကြဦးမည်ဖြစ်သည်။

နိုင်ငံရေးသမားများ၏ ကတိလွယ်လွယ်ပေးပြီး လေထဲဖျောက် ပစ်သည့်ဓလေ့သည် မည်မျှအန္တရာယ်ကြီးကြောင်း သမိုင်းသင်ခန်းစာများရှိခဲ့သည်။

ဖဆပလအစိုးရလက်ထက် ရွေးကောက်ပွဲအနိုင်ရရေးအတွက် အငြင်းပွားနေ သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို အသုံးချကာ ရွေးကောက်ပွဲ အနိုင်ရရန် လုပ်ခဲ့ဖူးကြောင်း သမိုင်းသင်ခန်းစာရှိခဲ့သည်။

ထိုမျှမကသေး၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများက မဲရရေးအတွက် ဘင်္ဂါလီအများအပြားကို ယာယီသက်သေခံ လက်မှတ်ထုတ်ပေးခဲ့ကြောင်း ကွင်းဆင်းလေ့လာ ချက်များကိုကိုးကားပြီး နိုင်ငံတော်သမ္မတထံ တင်ပြသည့် ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင်
ဖော်ပြထားသည်။

ထိုအတွက်ရလဒ်ကတော့ အားလုံးသိသည့်အတိုင်းပင်ဖြစ် သည်။ နောက်ထပ်စိတ်ဝင်စားစရာ ကတိအချို့လည်း ရှိသေးသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း “လွတ်လပ်ပြီး တရားမျှတမှုရှိရစေမယ်”ဟု မြန်မာခေါင်းဆောင်အချို့က ကမ္ဘာပတ်ပြီး ကတိအချို့ပေးထားခဲ့သည်။

ထိုကတိ တည်၊ မတည်ဆိုသည်ကိုမူ အချိန်ဖြင့်သာ သက်သေပြရ မည်ဖြစ်သည်။

7Day News Journal

0 comments to “၀န်ကြီးများ ကတိတည်ပါစေ”

Post a Comment