skip to main |
skip to sidebar
အောင်ဆန်းနီတိ(၁)
ကျွန်တော်သည် ငမိုးခေါ်ခေါ် ဦးအောင်ဆန်းခေါ်ခေါ် ဗိုလ်တေဇခေါ်ခေါ်
ဗိုလ်ချုပ်ခေါ်ခေါ် လူအများ နှစ်သက်သလိုခေါ်တွင်သော အနှီးအောင်ဆန်းဆိုသော
အမျိုးသားခေါင်းဆောင် ပုဂ္ဂိုလ် ကြီးအား အလွန် ကြည်ညိုအားကျလေးစားသည်။ထိုထက်ပိုရလျှင် ရူးသွပ်စွာ စွဲလမ်းသော ကျွန်တော်၏ စံပြပုဂ္ဂိုလ်ကြီး ဖြစ်သည်။ကျွန်တော်၏နေ့စဉ်ဘ၀ အချို့သော အဖြစ်အပျက်များအကြောင်းအရာများတွင် ထိုအောင်ဆန်း ဆိုသော အမျိုးသားခေါင်းဆောင်ကြီး၏ စိတ်နေစိတ်ထား ခေါင်းဆောင်မှုပညာ အဆိုအမိန့် ကိုယ်ကျင့်တရား စသည်တို့နှင့် ချိန်ထိုး နိုင်းယှဉ်ကာ စဉ်းစားတတ်မြဲဖြစ်သည်။ထိုမျှ
ကျွန်တော် အောင်ဆန်း အား တမ်းတ စွဲလန်းသည်။အထူးသဖြင့် မြန်မာ့နိုင်ငံရေး
ပါတီရေး အမျိုးသားရေး ဘာသာသာသနာအရေး ဘာအရေး ညာအရေး စသည်တိုင်းတို့တွင်
အောင်ဆန်း ၀ါဒ အောင်ဆန်းလမ်းစဉ် အောင်ဆန်း အဆုံးအမ စသည်တို့နှင့် အမြဲ
ယှဉ်ထိုး ဆင်ခြင်ကြည့်တတ်သည်။ ကျန်ခဲ့သော ဇူလိုင်လ၁၉ ရက်နေ့တွင်
အောင်ဆန်းတို့ ကျဆုံးခဲ့သော ၆၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်ခဲ့ပါသည်။ဤတွင် အကြောင်းအရာဆက်စပ်၍ အောင်ဆန်းအကြောင်းမှတ်သားဖတ်ရှုဖူးသည်ထဲမှပြောပြရလျှင် အောင်ဆန်းသည်မသေခင်ကပင်သူ့အား အာဇာနည်အဖြစ်သတ်မှတ်ခံခဲ့ရကြောင်းနှင့်
သူ့အား သူရဲကောင်းကြီးအဖြစ် ချီးကျူးမိကြသူများအားလည်း "ကျုပ် ဘယ်ကလာ,
အာဇာနည် ရမှာလည်း အာဇာပန်းရောင်တောင် မဖြစ်သေးဘူး" ဟု
ဘုပြန်ပြန်ပြောတတ်သေးကြောင်းသိရသည်။၁၉ ဇူလိုင်တွင် အောင်ဆန်းအား ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အရောင်အဆင်းအစုံအလင်ဖြင့် အလေးပြုကြသည်။အမှတ်တရ စကားတွေဆိုကြသည် ပွဲလမ်းသဘင်တွေလုပ်ကြသည်။အောင်ဆန်း စိတ်ဓါတ် အောင်ဆန်းအကျင့် အောင်ဆန်းကဲ့သို့ ရိုးသားမှုကြိုးစားမှုရှိဖို့ ကြိုးစားဖို့လိုကြောင်းကား အထပ်ထပ်ပြောကြသည်။သိုရာတွင် ထိုတစ်နေ့တည်းမျှသာဖြစ်ပြီး ကျန်သော ၃၆၄ရက်သည် အောင်ဆန်း စကား အောင်ဆန်းအဆုံးအမ အောင်ဆန်းအစဉ်အလာတို့သည် ထိုသူတို့အဖို့ အဟောသိကံ ဖြစ်ကုန်တော့သည်။အောင်ဆန်းသည်ရန်ငြိုးထားလိုစိတ်မရှိ မိမိအား ချောက်ချခဲ့သူကိုပင် နားလည်ပေးနိုင်စွမ်းကားရှိခဲ့သည်။ဇူလိုင်
၁၉ ရက်နေ့ မှ ရက်ပေါင် ၂၀ မျှ အလွန် ၈ လ ၈ ရက် နေ့တွင် အောင်ဆန်းကဲ့သို့
ကျင့်ကြဖို့ တိုက်တွန်းခဲ့သော အနှီးပုဂ္ဂိုလ်အပေါင်းတို့ပင်လျှင်
အငြိုးအာဃာတ များရောပြွန်းစွာဖြင့် ကာလဆိုးကြီး၏နှစ်ပါတ်လည် ကို
နှောင်းလူငယ်တို့ စိတ်ထဲ ရက်စက်စွာ ရိုက်သွင်းခဲ့ပြန်သည်
အငြိုးအတေးကြီးမားလှပေစွ။အောင်ဆန်းစိတ်ဓါတ်ဟူသည်ကား
ငြိုးမာန်မဖွဲ့တတ် ထိုအကြောင်းကို ဆရာမင်းသုဝဏ်က အောင်ဆန်း
တက္ကသိုလ်ကောင်စီ အဖွဲ့ဝင်ဖြစ်နေချိန်တွင် ဦးတင်ထွတ်က ဒုတိယအဓိပတိ
ဖြစ်နေသည်။အောင်ဆန်းလုပ်သမျှ
ဦးတင်ထွတ်က အမြဲ နှိမ်လေ့ရှိ၏ ဦးတင်ထွတ်လုပ်သမျှ အောင်ဆန်းက
အမြဲကန့်ကွက်လေ့ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် ဘယ်တော့မှသင့်မြတ်သည်မရှိ
ဆေးချေးနှင့် တောက်တဲ့လို သူတို့နှစ်ဦးမှာ ပနံမစားကြ။အောင်ဆန်းသည်
အစိုးရအဖွဲ့ဝင် ဒုတိယဥက္ကဌဖြစ်နေချိန်တွင် ဦးတင်ထွတ်အား ကလဲ့စား
ချေမည်ဆိုပါက ဦးတင်ထွတ်ခဗျာ ဒုက္ခရောက်ဖို့သာရှိ၏။အောင်ဆန်းကား လက်စားချေဖို့ဝေးစွ "ဦးတင်ထွတ်ဟာ လူတော်တစ်ယောက်ဗျ သူကို ကျုပ်တို့ ထဲရောက်အောင် ဆွဲယူပြီးသုံးရမယ်"ဟုပြော၏။ပြောသည့်အတိုင်းပင် သူ့ကို အမြဲနှိမ်လေ့ရှိသော ဦးတင်ထွတ်ကို သူ့လူဖြစ်အောင်လုပ်သွား၏ သင့်မြတ်လိုက်ကြတဲ့ဖြစ်ခြင်း
သိကြသည့်အတိုင်းပင် ဟုဆရာမင်းသုဝဏ်က ဆိုခဲ့၏ ထို့အပြင်အောင်ဆန်းသည် သူ့အား
လူသတ်သည် ဟူသောစွဲချက်ဖြင့် ရဲဘော်ရဲဘက်ချင်း ချောက်ချခဲ့သူအား ပင်လျှင်
"သူကလည်းသူ့အကြောင်းနဲ့ သူမို့ ပြောရတာဖြစ်မှာပါ ကွာ"
ဟုနားလည်ခွင့်လွှတ်ပေးခဲ့၏။ထိုသို့
အငြိုးအတေးအာဃတ ကင်းသောအောင်ဆန်းဖြစ် ပေသည်။အောင်ဆန်းသည်
အငြိုးအတေးကင်းရုံသာမက မိမိအမှားနှင့် လက်အောက်ငယ်သား၏ အမှန်အပေါ်မှာလဲ
နားလည်နိုင်စွမ်းရှိ၏။မမောက်မာတတ်။ငါသာလျှင်အမြဲအမှန်ဟု မယူဆတတ်ကြောင်းကို နတ်မောက်ဘုန်းကျော်ကရဲ့ စာအုပ်ထဲတွင် ထိုသို့ဖတ်ရှု့လေ့လာခဲ့ရသည်" ဟေ့ကောင် …မြိုင်ရုံက ပြဇာတ်သွားကြည့်ကြရအောင်…။အီမဲလ်ဘန်းရေးသော
"ကွန်မြူနစ်ဝါဒ ဆိုတာဘာလဲ" ဟူသော စာအုပ်ကို ကျွန်တော်က အိပ်ရာပေါ်တွင်
ပက်လက်လှန်ဖတ်နေ၏။ငမိုးသည် အိမ်မကြီးနှင့်ကပ်၍ ဆောက်ထားသော
ကျွန်တော့်တဲထဲသို့ စွတ်ဝင်လာကာ အထက်ပါအတိုင်းပြော လေသည်။ကျွန်တော်သည်
အိပ်ယာမှ လူးလဲထကာ သူ့အားအလေးပြုပြီး သူထိုင်မှ ထိုင်လိုက်သည်။ ကျွန်တော်က
ငိုင်နေသည် "မင်း..လိုက်ခဲ့" သူကပြောပြန်သည်။ပြဇာတ်ကို သူဘာကြောင့်
ကြည့်ချင်သည် ကို ကျွန်တော်က ဓါတ်သိပြီးသားဖြစ်သည်။သူ့လို လူတစ်ဦးသည် ဤမျှ နိုင်ငံရေးပြသနာတွေကြီးမားလာသည့်အချိန်
ကုပ်ကုပ်နေသင့်သည်။ဟိုသွား ဒီသွား မသွားစေချင်။ တစ်ခါ နှစ်ခါပြောဖူး၏။
အငေါက်ခံရသည်။ကျွန်တော်၏ စိတ်တွင်ပြောမရ၍ ချဉ်စူးလာ၏။ ထိုချဉ်စူး
ပြီးသားစိတ်ကလေးက ခိုးလိုးခုလု ရှိလှသဖြင့် ကျွန်တော်သည်သူ့အား
ငေါ့ချလိုက်မိ၏။ကျွန်တော်က ပြောလိုက်သည် "မလိုက်ချင်ဘူး" သူက " ဘာလို့လဲကွ"
ကျွန်တော်က "ဟာ ဒီလောက် အရေးကြီးတဲ့ အချိန်ကာလထဲမှာ
ပြဇာတ်သွားကြည့်ကြတယ်ဆိုတာ လူပေါတွေမှ လုပ်တာပဲ.." ငမိုးသည် ကျွန်တော့်ကို
ရှုသိုသိုနှင့် ကြည့်ပြီး ထိုင်နေရာမှ ထသွား၏။ကျွန်တော်အလေးပြုသည်ကိုမျှ စောင့်ငဲ့၍ ပြန်မကြည့်ချေ။မြည်တွန်၍ ထွက်သွားလေသည်။ "မလိုက်ချင်နေပေါ့ကွ" ကျွန်တော်လဲ ပြုံးရင်း ကျန်ရစ်ခဲ့၏။"၀ူး"..့ကျွန်တော်ရပ်နေသော ပြတင်းပေါက်နှင့်မလှမ်းမကမ်းမြေနီလမ်းကလေးမှ ၀က်စလေ နက်ပြာရောင်ကားလေးသည် ထွက်ခွာစပြုနေလေသည်။ကားပေါ်တွင်
ငမိုးနှင့်မမကြည်တို့ ပါ၍သွား၏။တစ်စုံတစ်ခုကို မြင်လိုက်သဖြင့်
ကျွန်တော်သည် စားပွဲပေါ်ရှိတယ်လီဖုန်းကို ကောက်ကိုင်ကာ ကင်းဂိတ်ဝရှိ
ကင်းဗိုလ်ထံအရေးတကြီး လှမ်း၍အမိန့်ပေးလိုက်ရ၏။" ဟေ့ …ရပ်" ကားကလေးသည်
လှံစွပ်တပ်ထားသော သေနတ်ဖြင့် ရဲဘော်လေးတစ်ယောက်၏ တားဆီးခြင်းကို
ခံလိုက်ရသည်။ "ဟေ့ရဲဘော် ဘယ်သူ့အမိန့်နဲ့ တားရသလဲ" "တပ်မှုးအမိန့်နဲ့
တားရပါတယ် ဗိုလ်ချုပ်" "ကဲ မင့်တပ်မှုး သွားခေါ်ချေစမ်း" ရဲဘော်တစ်ဦး
လာခေါ်သဖြင့် ကျွန်တော်လိုက်သွားပြီး ကားဘေးတွင်ရပ်က ငမိုးကို
အလေးပြုလိုက်ပါသည်။ငမိုးမှာ
ရှူသိုးသိုးတွင် အတော် စိတ်ဆိုးနေပုံရ၏။ ဘန်ကောက်လုံချည်
တစ်ပါတ်နွမ်းနှင့် တီရှပ် လက်ရှည်ကို ၀တ်ထား၏။" မင်း… အတားခိုင်းတယ်ဆို"
"ဟုတ်ပါတယ်ဗိုလ်ချုပ် " "ဘာပြုလို့လဲကွ" ကျွန်တော်မှ ပါးစပ်ဖြင့်
ပြန်အဖြေမပေးပါ ကားထိပ်အလံတိုင်သို့သွားပြီး စစ်ဝန်ကြီးရာထူး၊စစ်သေနာပတိရာထူး၊မေဂျာဂျင်နရယ်
ရာထူးဟူသော ရာထူးအလိုက်တပ်ဆင်ထားသည့် အလံသုံးဆင့်စလုံးကို ဖြုတ်ယူ၍
ကားပြတင်းပေါက်မှ သူ၏လုံချည်ပေါ်သို့ ပစ်ချပေးလိုက်ပါသည်။"မြန်မာ့တပ်မတော်အရာရှိများသည်
မိမိတို့၏ အဆင့်အတန်းအလိုက် ရရှိထားသော မော်တော်ကားအလံများကို
စစ်ဖက်ယူနီဖောင်း အ၀တ်အစား မ၀တ်ဆင်ပဲ နှင့် တပ်ဆင်သွားလာခြင်းမရှိစေရ။အရပ်သားအ၀တ်အစားကို
ဝတ်ဆင်သွားလာနေစဉ် အတွင်းမတပ်ဆင်ရ" ဟုတပ်မတော်တစ်ခုလုံးသို့ ငမိုး က
အမိန့်ထုတ်ထား၏။ယခုလည်း အလံကို တမင် ပကာသန လုပ်လို၍ တပ်လာဟန်မတူ
မော်တော်ယာဉ်မောင်းရဲဘော်လဲမေ့နေဟန်ရှိ၏။
ငမိုးသည် များကိုကြည့်လိုက် ကျွန်တော့်ကို မော့်ကြည့်လိုက်နှင့်
အူကြောင်ကြောင် ဖြစ်သွား၏။နောက် မှ တဖြည်းဖြည်း ပြုံးရယ်လာကာ
တစ်ဟားဟားဖြင့် ရယ်မောနေလေ၏။ပြီးမှ "ကဲ ငါသွားနိုင်ပလား ကွ"
ဟုမေးလေသည်။ကျွန်တော်လဲ အဖြေကို ပါစပ်မှမဖြေပဲခြေစုံရပ်ပြီး
အလေးပြုလိုက်၏။ ထိုကိစ္စနှင့် ပါတ်သက်၍ ကျွန်တော်သည် ငမိုးကို အသေအလဲ
ရိုသေလေးစားမိသည်" ဟု ဆရာနတ်မောက် ဘုန်းကျော်က ရေးသားထားခဲ့ပါသည်။
(ဆက်လက်ရေးသားပါမည်)
(ဆန်းသစ်)