Saturday, August 17, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၃)

,

နိုင်ငံရေးနှင့် ဘာသာရေးသည် အတူတူမဟုတ်သောကြောင့်ပင်။ ကျွန်တော်တို့ဘာသာရေးကို နိုင်ငံရေး နှင့် ရောထွေးပစ်ပါလျှင် ဘာသာရေးကိုပင် ဆန့်ကျင်ရာရောက်သည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာ ရေး ဆိုသည်မှာ တမလွန်ဘ၀အကျိုးအတွက် သည်ပိုးဆောင်ရွက်ခြင်းသာဖြစ်၍ နိုင်ငံရေးအသိုင်းအဝိုင်း ဖြစ်သော မျက်မှောက်ဘဝအရေးတို့နှင့် သာမန်အားဖြင့် မသက်ဆိုင်။ နိုင်ငံရေးဆိုသည်မှာကား ပုထုဇဉ် တို့၏သိပ္ပံပညာရပ်ဖြစ်သည်။

လက်တွေ့အားဖြင့် ကျွန်တော်မြင်သလောက်မှာ လူမှုရေးဗေဒသည် ဘာသာရေးနှင့် အငြင်းပွားမှုရှိစရာ မလို၊ ရှိလည်းမရှိ။ ဘာသာရေး၏မေတ္တာတရား၊ သစ္စာတရား၊ သမာအာဇီဝတရားများကို ဆင်ခြင် စဉ်း စားမည် ဆိုလျှင် ဤတရားတို့မှာ စိတ္တဇဆန်သည်ဆိုစေကာမူ လူမှုရေးအရ တန်ဖိုးရှိသည်ဟု ယူဆနိုင် သည်။ ဤတရားတို့က လူ့အဖွဲ့အစည်းကို ဘာမှအန္တရာယ်မပေးနိုင်။ သို့သော် လူများရိုသေကိုင်းရှိုင်း သည့် ဘာသာရေးအရေခြုံ ဘာသာရေးအမည်ခံ၍ အယူသည်းမှု၊ အကျိုးအကြောင်းမဲ့မှု၊ လူလူချင်း သွေးစုပ် ချယ်လှယ်မှု နှင့် အခြားမတရားမှုတစ်ခုခုကို ပြုလာသောအခါ ထိုအချင်းအရာကို ဥပေက္ခာပြုမထားနိုင် တော့ပေ။

 ဘာသာရေးဆရာကြီးများက ကြောက်ခမန်းလိလိ ချောက်လှန့်နေကြသည့်ကြားမှပင် လူမှုရေးသမိုင်း၏ သစ္စာ ရှိသော တပည့်များဖြစ်သည့် ကျွန်တော်တို့သည် ထိုအချင်းအရာတို့ကို ရပ်တန့် စေရမည်။ လူသား တို့အား အန္တရာယ်များစေသော ဥပဒေတစ်ခုဖြစ်မလာစေရပေ။ ဤသည်မှာ လူမှုရေး နှင့်ပတ်သက်သော ကျွန်တော်၏တရားသစ်မဟုတ်ပါ။ ဤတရားကို ကျွန်တော်တို့ ရာဇဝင်တွင် အကြီး များဆုံးဖြစ်သည့် အနော်ရထားမင်းက တင်းကျပ်စွာကျင့်သုံးခဲ့လေသည်။ ကျွန်တော်တို့သမိုင်း၌ တိုးတက်ခဲ့မှုတို့မှာ အနော်ရထာမင်း ၏အပြုအမူကြောင့်ဖြစ်လေသည်။ အမှန်မှာ ဘာသာရေးဆိုသည်မှ အပ ဘာသာဆရာ တို့၏အတတ်ပညာဆိုသည်မှာရှိကြောင်း သမိုင်းကပြပါသည်။ ကျွန်တော်တို့၏ လူမှု ကိစ္စတို့၌ ရှုပ်ထွေး ပွေလီခဲ့သည်မှာ ဘာသာဆရာတို့၏အတတ်ပညာကြောင့်ဖြစ်ပြီး ဘာသာရေးကြောင့် မဟုတ်သည်ကို သုံးသပ်ကြည့်၍ ရပေသည်။ ဘာသာဆရာတို့၏ အတတ်ပညာဆိုသည်မှာ ဘာသာရေး က ဘယ်သောအခါ မှ ခွင့်ပြုခဲ့သည်မဟုတ်ဟု ဤနေရာ၌ ညွှန်ပြရန်လိုသည်။

သို့သော် သမိုင်းကို လေ့ လာခဲ့သူများအဖြစ် ဘာသာတိုင်းနှင့်အတူ ဘာသာဆရာများလည်း အမြဲ ပေါ်ပေါက်လာတတ်ကြောင်း ကျွန်တော်တို့တွေ့မြင်ခဲ့ရသည်။ ဘုရင်ဂျီရဟန်းမင်းကြီးများနှင့် ဧကရာဇ်များ၏ ရန်ပွဲများသည်လည်း ကောင်း၊ အရည်းကြီးများနှင့် အနော်ရထာ ၏ ရန်ပွဲများသည် လည်းကောင်း၊ "ကုန်သွယ်ရေး"နှင့် "အလံ"
 သည် သမ္မာကျမ်းစာအုပ်အနောက်မှ လိုက်လာလေ့ရှိသည်ဆိုသော ဆိုရိုးစကားသည်လည်းကောင်း ဘာသာတရားတိုင်းနှင့် လူ့အဖွဲ့အစည်းကို အချိန်အခါမရွေး ပျက်စီးစေနိုင်သည့် ဘာသာတိုင်း၏အညစ် အကြေးတစ်ခုဖြစ်သည့် ဘာသာဆရာတို့၏အတတ်ပညာတည်ရှိနေကြောင့် ကျွန်တော်တို့ကို နာကျည်း စွာ သတိပေးလျက် ရှိပေသည်။ သို့သော် ဤနေရာတွင် ကျွန်တော်တို့သည် ဘာသာဆရာတို့နှင့် ဘာသာဆရာ အတတ်ပညာ ကို ခွဲခြားရမည်။ ဘာသာဆရာ အတတ်ပညာအကြောင်း ပြောခဲ့သည်တို့ မှာ ဘာသာဆရာ တို့နှင့်မဆိုင်။

ကျွန်တော်တို့အဖို့မှာကား ဘာသာဆရာတို့သည် ကျွန်တော်တို့သမိုင်း တွင် ဖျက်ဆီးမပစ်နိုင်တော့သော ကောင်းသည့် အမှတ်အသားများ ချန်ထားခဲ့ပေသည်။ ရှေးယခင်က တစ်မျိုးသားလုံးအား ပညာ သင်ကြားရေး တည်းဟူသော လူမှုရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်ခဲ့သူမှာ ဘာသာဆရာတို့ဖြစ်သည်။ ကျွန်တော်တို့တောရပ်နေ ပြည်သူများ ယနေ့ပညာရနေကြခြင်း၊ တစ်နိုင်ငံလုံးတွင် စာတတ်မြောက်မှု အဆင့်အတန်း မြင့်မားနေခြင်းမှာ ဘာသာဆရာများ တာဝန်ယူမှုကြောင့်ဖြစ် သည်။ ကျွန်တော်တို့၏ ယဉ်ကျေးမှုကို ပိုမိုကြွယ်ဝအောင် ဘာသာဆရာတို့က ဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။ ကျွန်တော်တို့ တိုးတက်ရေး အတွက် ဆောင်ရွက်ပေးခဲ့သမျှနှင့် ဆောင်ရွက်ပေးဆဲများအတွက် ဘာသာဆရာတို့ကို ကျွန်တော် တို့ အူလှိုက်အသည်းလှိုက် ကျေးဇူးတင်ပါသည်။

ကျွန်တော်တို့တိုင်းပြည်တွင် လူအများစုကြီးကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာအကြောင်းကို ပြောရမည် ဆိုလျှင် အခြားဘာသာတရားများကို ထိခိုက်ရန်မဟုတ်သော်လည်း ဗုဒ္ဓဘာသာသည် ရှေးပဝေဏီမှစ၍ ဖြည့်စွက် ခဲ့ကြသည့် သေးသိမ်ညံ့ဖျင်းသော ပြင်ဆင်ဖြည့်စွက်ချက်များကိုသာ သန့်စင်အောင် ဆောင် ရွက်နိုင်မည် ဆိုပါက ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော အဘိဓမ္မာတစ်ခုဖြစ်လာနိုင် သည့် အလားအလာများရှိလေသည်။

သို့ဖြစ်၍ ကျွန်တော် ဗုဒ္ဓဘာသာ၏သံဃာတော်များကို တစ်ခု   အထူးလျှောက်ထားလိုပါသည်။ သံဃာတော် အရှင်မြတ်များ ဘုရား... အရှင်မြတ်တို့သည် ကမ္ဘာပေါ်၌ အကြီးမားဆုံးသော ဘာသာတရား တစ်ခု၏ အမွေခံများ ဖြစ်တော်မူကြပါသည်။ ဗုဒ္ဓဘာသာတရားတော် ကို သန့်စင်အောင်ဆောင်ရွက်၍ ကမ္ဘာတစ်ဝန်း သာသနာပြုတော်မူကြပြီး မေတ္တာတရား စေတနာတရား တို့ကို လူသားတစ်ရပ်လုံးအား ကာလဆုံး အထိ ဟောကြားတော်မူကြပါ။ သံဃာတော် အရှင်မြတ်များ ဘုရား... တပည့်တော်တို့သည် အရှင်ဘုရား တို့အား မေတ္တာတရား စေတနာတရား ပွားများစေသူများ အဖြစ် အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်ပါမည်။

တပည့်တော်တို့သည် အရှင်ဘုရားတို့ဟောပြော သည့် မေတ္တာတရား၊ စေတနာတရားကို  တစ်မျိုးသားလုံး အတွက်သာမက ကမ္ဘာတစ်ဝန်းလုံးရှိ လူသား အားလုံးအတွက်ပါ လိုက်နာကျင့်သုံးပါမည်။ ဤတရားမျိုး တို့သည်သာလျှင်လည်း တပည့်တော်တို့တိုင်း ပြည်၌ ယနေ့အထိ အလွန်လိုအပ်နေသည်ဖြစ်သောကြောင့် တပည့်တော်တို့စွမ်းအားရှိသမျှ အရှင် ဘုရားတို့အား ကူညီထောက်ပံ့ပါမည်။ သံဃာတော် အရှင်မြတ် ဘုရား...။ ကမ္ဘာ့သမိုင်းတွင် ပါဝင်ရန် အရှင်ဘုရားတို့တွင် ကြီးမားသောအခန်းကဏ္ဍရှိပါသည်။ အရှင်ဘုရား တို့ အောင်မြင်တော်မူပါလျှင် လူသားတစ်ရပ်လုံးက အရှင်ဘုရားတို့အား ခေတ်အဆက်ဆက် ကြည်ညို ကိုးကွယ်ကြပါလိမ့်မည်။

ဤ သည်ပင်လျှင် အရှင်ဘုရားတို့၏ဘာသာတရားက အရှင်ဘုရားတို့အတွက် ချမှတ်ထားသည့်တာဝန်ဖြစ် ၍ အရှင်ဘုရားတို့၏တိုင်းပြည်နှင့် လူမျိုးအတွက်လည်း ဤသို့သော "နိုင်ငံရေး"လုပ်ခြင်းသည်ပင်လျှင်၊ အမွန်မြတ်ဆုံးသော နိုင်ငံရေးလုပ်ခြင်းဖြစ်ပါသည် ဘုရား။ ပြည်သူများအကြား ကြွသွားတော်မူကြ၍ ညီ ညွှတ်ခြင်းတရား၊ မေတ္တာတရားတို့ကိုဟောကြားတော်မူကြပါ။ တိုင်းပြည်တစ်ဝန်း လှည်းနေလှေအောင်း  မြင်းစောင်းမကျန် မွန်မြတ်သော လွတ်လပ်မှုအကြောင်း၊ ကိုးကွယ်မှုတွင် လွတ်လပ်ရေး၊ အချိန်မရွေး နေရာမရွေး တရားဓမ္မဟောကြားမှုတွင် လွတ်လပ်ရေး၊ ကြောက်ရွံ့နေရမှု အသိဉာဏ်ကင်းမဲ့နေရမှု အယူသည်းမှုစသည်တို့မှ လွတ်လပ်ရေးအကြောင်းတို့ကို ဟောကြားတော်မူကြပါ။ ပြည်သူများအား ကိုယ့် ကိုယ်ကိုယ် အားကိုးလာအောင်၊ စိတ်ရောရုပ်ပါ ကိုယ့်ကိုယ်ကို ပြန်လည်ထူထောင်လာအောင် ဟောကြား တော်မူကြပါ။ ဤတာဝန်များနှင့် အခြားမွန်မြတ်သော တာဝန်များ အရှင်ဘုရားတို့ထံတွင် ကျန်ရှိပါသည်။ ဤ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်တော်မူနိုင်ကြပါမည်လား။ အဖြေမှာ အရှင်ဘုရား တို့ လက်တွင်သာရှိပါသည်။

ကျွန်တော် နိုင်ငံရေးကိစ္စ ပြန်ဆက်ပါမည်။ နိုင်ငံရေးကိစ္စပြောလို့ မဆုံးသေးပါ။ အမှန်အားဖြင့် နိုင်ငံရေး ဆိုသည်မှာအဆုံးမရှိပါ။ နိုင်ငံရေးဆိုသည်မှာ ကျွန်တော်တို့မျက်ဝါးထင်ထင် မြင်နေရသည့် သံသရာပင် ဖြစ်ပါသည်။ အဆုံးမရှိ တဝဲလည်လည် လည်ပတ်နေသော အကျိုးနှင့်အကြောင်း၊ အတိတ်နှင့်ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့၏သံသရာကြီးပင်ဖြစ်ပါသည်။ ယနေ့ နိုင်ငံရေးတွင် ကျွန်တော်တို့အဖို့ ဘာအ ကြောင်း၊ ဘာအကျိုး၊ ဘာအတိတ်၊ ဘာပစ္စုပ္ပန်၊ ဘာအနာဂတ်ရှိနေပါသလဲ။ ကျွန်တော်တို့မှာ စစ်တွေ ဖြစ်ခဲ့ကြရ သည်။ ဤစစ်ပွဲတို့၏အကြောင်းက ဘာလဲ၊ အကျိုးက ဘာလဲ၊ ဒါတွေကိုစစ်ဆေးကြည့်ကြပါစို့။

မကြာသေးမီကာလအထိ ကျွန်တော်တို့ပြည်ကိုတောင် ချမ်းသာမပေးသော မုန်တိုင်းကမ္ဘာထဲတွင် ကျွန် တော်တို့ နေခဲ့ရသည်။ ဤသည်၏အကြောင်းက ဘာလဲ၊ ဖက်ဆစ်ဝါဒပင်ဖြစ်တော့သည်။ ဘာကြောင့် ဖက်ဆစ်ဝါဒ ဖြစ်ရသလဲ၊ ဖက်ဆစ်ဝါဒဆိုတာ ဘာလဲ။ ဖက်ဆစ်ဝါဒဆိုသည်မှာ အဓိကအားဖြင့် ဂျာမနီ ပြည်တွင် ထုတ်လုပ်၍ အီတလီအဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ဂျပန်က ကူးယူခဲ့ပြီး မကြာသေးမီ အချိန် အထိ (ကျွန်တော်တို့တိုင်းပြည်အပါအဝင်) ကမ္ဘာ့အနှံ့အပြားမှ တင်သွင်းခဲ့သော ကမ္ဘာက တွေ့ဖူး သမျှတွင် အဆိုးဝါးဆုံးဖြစ်သည့် အရင်းရှင်ဝါဒ၏ရလဒ်တစ်ခုပင်ဖြစ်သည်။

ဖက်ဆစ်ဝါဒသည် အဖောက် ပြန်ဆုံးသော စစ်ဝါဒ၊ နယ်ချဲ့ဝါဒနှင့် ဘဏ္ဍာအရင်းအနှီး၏စိုးမိုးမှုဖြစ်သည်။ လူသားတို့နှင့်သမိုင်းအတွက် ဤမျှလောက် ဆိုးဝါးလှသောဝါဒ ဘယ်လိုပေါ်ပေါက်လာပါသလဲ။ အဖြေမှာ နယ်ချဲ့စနစ်၏နိယာမတို့ တွင် တည်ရှိပါသည်။ အရင်းရှင်စနစ်သည် ပရမ်းပတာကုန်ထုတ်လုပ်မှုနှင့် ၎င်းမှ အကျိုးသက်ရောက် သည့် စည်းစိမ်ဥစ္စာကို မညီမျှ ခွဲဝေမှုတို့အပေါ် အခြေခံသည်ဖြစ်ရာ သူဖန်တီးသည့် ပြဿနာ ကို သူမရှင်း နိုင်ဖြစ်လာတော့သည်။ သို့မဖြေရှင်းနိုင်ဘဲ လူလူချင်း၊ လူမျိုးလူမျိုးချင်း၊ တိုင်းပြည် တိုင်းပြည်ချင်း ရင် ကြားစေ့၍မရနိုင်သော ပဋိပက္ခမှုများကို ဖော်ထုတ်ခဲ့ရာ ဤပဋိပက္ခမှုတို့သည်လည်း အရှင်းရင်စနစ် မှ ပေါက်ဖွားလာသည့် အမြတ်ရလိုဇော၊ လောဘဇော၊ မုန်တီးစိတ် စသည့် သဘော တို့ကြောင့် တစ်ကြောင်း အရင်းရှင်စနစ်မှပင် ပုံသွင်းလိုက်သည့် သိပ္ပံတည်းဟူသော ပညာကြောင့် တစ်ကြောင်း ကြီးမားစွာ နက် ရှိုင်းကျယ်ပြန့်လာခဲ့လေသည်။

အရင်းရှင်စနစ်၏ပဋိပက္ခ အကျပ်အတည်းတို့ ပိုမို၍နက်ရှိုင်းလာသည်နှင့် အမျှ အရင်းရှင်စနစ်သည် ပို၍ဂမူးရှူးထိုးဖြစ်လာကာ ပရိယာယ်အမျိုးမျိုး၊ လိမ်လည်လှည့်စားမှုအမျိုးမျိုး၊ မိုက်မဲမှုအမျိုးမျိုးတို့ကို ပြုလုပ် လာခဲ့ရလေသည်။ သူဖန်တီးလိုက်သော "ကုန်ပစ္စည်းပိုမိုထုတ်လုပ်မှု" အကျပ်အတည်းကို မဖြေရှင်းနိုင် တော့သော အရင်းရှင်နိုင်တော့သော အရင်းရှင်စနစ်သည် ကုန်ပစ္စည်း များ၊ စက်ကိရိယာ များကို ဖျက်ဆီးပစ်လာသည် အလုပ်သမားများအား ပို၍သွေးစုပ်လာသည်။ ပြည် တွင်းဈေးကွက်များ အပူတပြင်း ရှာလာသည်။ နိုင်ငံခြားဈေးကွက်များ၊ ကိုလိုနီများကို ကမန်းကတန်းရှာ လာသည်။ အမြတ် အစွန်း ပို၍ပို၍လိုချင်လာလေလေ၊ နည်း၍နည်း၍ရလေလေဖြစ်လာသည်။

သို့ဖြစ်၍ တိုင်းပြည်တွင်းမှ အရင်းရှင်အချင်းချင်းသည်လည်းကောင်း၊ တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် သည် လည်းကောင်း၊ အကန့်အသတ်မရှိယှဉ်ပြိုင်လာကြသည်။ ဤသို့ဖြင့် တစ်စတစ်စ တစ်ဦးကို တစ်ဦး သတ်၍ တိုင်းပြည်အလိုက်လည်းကောင်း၊ တိုင်းပြည်ချင်းပေါင်း၍လည်းကောင်း "ထရပ်စ်"၊ "ကာတယ်" အစရှိ သည့် လက်ဝါးကြီးအုပ်လုပ်ငန်းများ ထူထောင်လာကြသည်။ ဤလုပ်ငန်းများက တစ်ဖန် ယှဉ်ပြိုင်မှု ကို အပြင်းအထန်လုပ်လာကြပြန်ပြီး စားကျက်သစ် နယ်မြေသစ်တို့ကိုရှာခြင်း၊ စားကျက်ဟောင်း နယ်မြေ ဟောင်းတို့ကို ပိုမိုရက်စက်ကြမ်းကြုတ်စွာ သွေးစုပ်ခြင်းပြုလာရာ နောက်ဆုံး၍ အရင်းရှင်နှင့် အလုပ်သ မား၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ နယ်ချဲ့နိုင်ငံနှင့် ကိုလိုနီနိုင်ငံတို့သည် ကြီးစွာသောတိုက်ပွဲများဖြစ်လာ ကြလျက်၊ ဒေသအလိုက် စစ်တို့မှအစပြုလျက် တစ်ကမ္ဘာလုံးသို့ ကူးစက်လာကာ အရင်းရှင်စနစ်၏အ ခြေခံအုတ်မြစ် ကိုပါ ထိပါးလာလေသည်။

ဤသည်မှအကြမ်းအားဖြင့် အရင်းရှင်စနစ်၏ဖွံ့ဖြိုးမှုဆိုင်ရာ နိယာမပင်ဖြစ်သည်။ ဤနိယာမတို့မှာ သူတို့၏ သဘာဝနှင့် ယုတ္တိအရပင် အကျပ်အတည်းများ၊ စစ်ပွဲ များဆီသို့ဦးတည်လျက်ရှိရာ ဤကမ္ဘာမြေပေါ်တွင် အရင်းရှင် စနစ်တည်ရှိနေသမျှ ကာလပတ်လုံးသမိုင်း ၏ယုတ္တိကျသော ဂီတသံကိုနာခံလျက် သူ့ကိုယ်သူ ဆိုရှယ်လစ် စနစ်ဘဝကို မပြောင်းလဲသေးသမျှ ကာ လပတ်လုံး ဤအတိုင်းပင် ဦးတည်နေမည် ဖြစ်လေသည်။ သို့သော် အရင်းရှင်လောကသည် ဤအမှုကို မလိုလား။ သို့ဖြစ်၍ နည်းအမျိုးမျိုးနှင့် သူ့ကိုယ်သူ ကျားကန်ထားလေသည်။ ဤသို့ဖြင့် "ဘဏ္ဍာအရင်း" တည်းဟူသော အချင်းအရာကိုပင် နယ်ချဲ့ စနစ်၊ ဖက်ဆစ်စနစ်တည်းဟူသော အသွင်သစ်နှစ်မျိုးဖြင့် ပေါ်ထွက်လာလေသည်။

သို့ဖြစ်လျှင် တစ်ခုတည်းသော အရာဝတ္ထု၏မျက်နှာစာနှစ်ခုသာဖြစ်သည့် ဖက်ဆစ်စနစ်နှင့် နယ်ချဲ့ စနစ် သည် ယခု ပြီးဆုံးသွားသည့် ကမ္ဘာစစ်တွင် ဘာကြောင့် အချင်းချင်း အ တိုက်အခံပြုခဲ့ကြပါသလဲ၊ အဖြေကို အရင်းရှင် စနစ် ဖွံ့ဖြိုးတိုးတက်မှု၏ယုတ္တိတွင်ပင် တွေ့ရပြန်သည်။ သမိုင်းဆိုသည်မှာ လူတစ်ဦး တစ်ယောက်၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်စု၏စေတနာကြောင့် ဖြစ်ပေါ်လာ သည်မဟုတ်ဘဲ သမိုင်း၏ တောင်းဆိုချက်တည်း ဟူသော သံမဏိနိယာမများအတိုင်း ဖြစ်ပေါ်ခြင်းဖြစ် သည်။

ဤနိယာမများ၏အညှာအတင်းမဲ့သော ဆောင်ရွက်ချက်များကို ယခုဆယ်နှစ်အတွင်း၏အဖြစ် အပျက် များက ထင်ရှားစွာသာဓကပြသနေသည်။ အစပထမ၌ဗြိတိန်ပြည်၊ ပြင်သစ်ပြည်နှင့် အခြားတိုင်း ပြည်တို့မှ နယ်ချဲ့ အသိုင်းအဝိုင်းတို့က ဖက်ဆစ်စနစ်တည်းဟူသော သူတို့၏ညီအစ်ကိုဝမ်းကွဲကလေးကို မြေတောင် မြှောက် ပေးခဲ့ပုံကို ကျွန်တော်တို့မြင်တွေ့ခဲ့ရသည်။ ဥပမာဆိုလျှင် ဗြိတိန်ပြည်ရှိ မြူနစ်အုပ်စု သည် အက်ဘီစီနီယာနှင့် မန်ချူးရီးယား မုဒိမ်းကျင့်ခံလိုက်ရခြင်း၊ ဖက်ဆစ်စနစ် စပိန်ပြည်၊ ဂျာမနီပြည် ဥရောပနှင့် ကမ္ဘာတွင် အောင်ပွဲခံနိုင်ခြင်းတို့အတွက် အတော်များများ တာဝန်ရှိသည်။ ကျွန်တော်တို့၏ အရှေ့ဘက်တွင်လည်း နယ်ချဲ့စနစ်၏အုပ်စိုးသူ အသိုင်းအဝိုင်းများသည်ပင်လျှင် ဂျပန်စစ်ဝါဒကို နည်း အမျိုးမျိုး နှင့် မြှောက်ပင့်ပေးခဲ့ကြခြင်းဖြစ်သည်။

 ဤဖောက်ပြန်ရေးအင်အားစုများသည် ပြည်တွင်းပြည်ပ ၌ ပေါ်ထွက်လာနေဆဲဖြစ်သောသမိုင်းအရ တိုးတက် သော ဖရင်ကင်စတိန်သတ္တဝါကြီးက သူတို့ကို ပြန် ရန်မူကာ သူတို့လည်မျိုနှင့် ကမ္ဘာ့လည်မျို ကိုညှစ်ရန် ခြိမ်းခြောက်လေတော့သည်။ ထိုအခါ သမိုင်း၏သံ မဏိနိယာမ၏တောင်းဆိုချက်အရ ဖက်ဆစ်စနစ် ကို ပြန်လည်တိုက်ခိုက်ရလေတော့သည်။ သို့ဖြစ်သည့် တိုင်အောင် ဆိုဗီယက်ယူနီယံ၊ တရုတ်ပြည် နှင့်အခြားဒီမိုကရေစီ လှုပ်ရှားမှုများဖြစ်ကြသော သမိုင်းအရ တိုးတက်အောင် အင်အားစု များနှင့် မဟာမိတ်ပြုရမည်ကို သေလုအောင်ကြောက်ရွံ့ပြီး ဖက်ဆစ်စနစ်ကို ပထမပိုင်း၌စိတ်မပါတပါ  တိုက်ခိုက်ခဲ့ကြသည်မှာ ကျွန်တော်တို့အမြင်ပင်ဖြစ်သည်။ ဤအပြစ်ဒဏ်အ တွက်လည်း သူတို့ပင် အကြီးအကျယ် ခံခဲ့ရသည်။

ဥရောပတိုက်တစ်ဝှန်းနှင့် အာရှတိုက်၌ ဖက်ဆစ်တို့ ပထမပိုင်းတွင် လျှပ်ပြက်သည့်ပမာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြခြင်းမှာ ၎င်းတို့၏မိုက်မဲသော အပြုအမူ တို့ကြောင့်ပင်ဖြစ်သည်။ ဗမာပြည်တွင် ဗြိတိသျှနယ်ချဲ့စနစ် သည် ဗမာပြည်သူတို့ကို တိုင်ပင်ခြင်းလုံးဝမ ပြုဘဲ၊ တိုင်းပြည်ကို ခုခံကာကွယ်ရန် လည်းဂရုမပြုဘဲ၊ တိုင်းသူပြည်သားများက ခုခံကာကွယ်နိုင်အောင် လည်း မပြုလုပ်ဘဲ စစ်ပွဲဝင် နိုင်ငံဖြစ်သည်ဟု ကြေညာကာ ကျူးကျော်မှုကို ဖိတ်ခေါ်ခဲ့သည်။ တစ်ပြိုင် နက်ထဲမှာပင် ဗမာပြည်သူ လူထု အား စစ်တိုက်ရကျိုးနပ်စေရမည့် ရည်ရွယ်ချက်တစ်ခုမပေးခဲ့ဘဲ ရှေးမ ဆွကပင် အတ္တလန္တိတ်စာချုပ်နှင့် အခြားစာချုပ် တို့တွင် ဖော်ပြထားသည့် စစ်နှင့်ပတ်သက်သည့် ရွယ် ရွယ်ချက်များ၊ ငြိမ်းချမ်းရေး နှင့်ပတ်သက်သည့် ရည်ရွယ်ချက်များသည် အိန္ဒိယပြည်၊ ဗမာပြည်စသည့် ဗြိတိသျှပိုင်နယ်တို့နှင့် မသက်ဆိုင်စေရ ဟု ကြေညာခဲ့သည်။

ပထမပိုင်းတွင် ဖက်ဆစ်စနစ်ကို ဤသို့ တိုက်ခဲ့ကြခြင်းဖြင့် စစ်ရှုံးမတတ်ဖြစ်ခဲ့ရသည်။ သို့သော် သမိုင်း၏ အင်အားစုများက နယ်ချဲ့သမားတို့၏ ဆန္ဒထက်အင်အားပိုမို ကြီးမားခဲ့လေသည်။ သူတို့သည် ဆိုဗီယက်ယူနီယံ နှင့် မဟာမိတ်ပြုခဲ့ကြရတော့ သည်။ နှစ်ပေါင်းမြောက်မြားစွာ ဂျပန်စစ်ဝါဒီကို တစ်ဦးတည်း ခုခံတိုက်ခိုက်နေခဲ့ရသော တရုတ်ကိုအကူ အညီပေးရလေတော့သည်။ သူတို့သည် ပြည်သူလူထုထံသို့လည်း ပို၍ပို၍ချဉ်းကပ်လာရလေတော့ သည်။ ကမ္ဘာပေါ်ရှိ ပြည်သူလူထုများ၊ အထူး သဖြင့် ဖက်ဆစ်အာဏာရှင်စနစ်၏ဖဝါးအောက်ရောက်နေ ရသော ပြည်သူလူထုများကို ပို၍ စည်းရုံး လာရလေတော့သည်။ သူတို့သည် စိတ်မပါသော်လည်း သူတို့ တိုင်းပြည်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီ အင်အားစုများ နှင့် မဟာမိတ်ပြုရလေတော့သည်။

ဤသို့အား ဖြင့် ကမ္ဘာ့ပြည်သူလူထုအား အခွင့်အရေးအနည်းငယ်စီလီင်္၍ပေးရင်း သူတို့၏ ထောက်ခံကူညီမှု ကို ရယူ ကာ စစ်တိုက်ခိုက်ခဲ့ကြရလေသည်။ သို့သော် ဤနေရာ၌အရေးကြီးသည့်အချက်မှာ နယ်ချဲ့သမား က လိုက်လျောပေးကမ်းခဲ့သည့် အခွင့်အရေးဆိုသည့် အချက်မဟုတ်ဘဲ အခြေအနေ၏သံမဏိယုတ္တိအရ ပြည်သူ လူထုကိုချဉ်းကပ်၍ ဖက်ဆစ်တို့စတင်မွှေးခဲ့သော စစ်ပွဲကို တိုက်ခိုက်အောင်မြင်ခဲ့ခြင်းဖြင့် သူတို့ အခြေအနေကိုပါ အားနည်းစေခဲ့ရပြီး၊ ကမ္ဘာတစ်ဝှန်းရှိ ပြည်သူလူထု၏ တိုးတက်လှုပ်ရှားမှုတို့မှာမူ များ စွာအင်အားကြီးထွားလာခဲ့ကြပြီး နေရာများစွာတို့၌ သူတို့ချည်းအားဖြင့် ငြိမ်းချမ်းရေးကို အရယူနိုင်ခဲ့ကြ သည်ဆိုသောအချက်သာဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးက ကျွန်တော်တို့ကို ဤသို့သော မြင်ကွင်းကြီး ခင်းကျင်းပြသခဲ့သည်။ ဖက်ဆစ်စနစ်သည် စစ်ရေးအရသာ ကျဆုံးသွားခဲ့ခြင်းဖြစ်၍ အမြစ်နှင့်တကွ အသက်ရှင် လျက်ရှိသေးသည် ဆိုသည်ကားမှန်၏။

အနည်းဆုံး စပိန်ပြည်တစ်ပြည်တွင် ဖက်ဆစ်စနစ် သည် တကယ့်ကြီးမားထွားကြိုင်းစွာ တည်ရှိနေသေးသည်ကို မြင်နေရသေးသည်။ အချို့သော တိုင်း ပြည်များတွင်လည်း နည်းအမျိုးမျိုးဖြင့် ခြုံခိုတိုက်ခိုက်ကြရန် ချောင်းမြောင်းစောင့်ဆိုင်းနေကြသေးသည် ကိုလည်း တွေ့နေရသေးသည် ဒီမိုကရေစီဝါဒ၏မွေးရာဖြစ်သော ဗြိတိန်ပြည်မှာပင် ဆာအော့စဝါလ် မော်စလီဦးဆောင်သော ဖက်ဆစ်ဝါဒကို အုပ်ချုပ်ရေးအသိုင်းအဝိုင်းအချို့က အရိုအသေပေးဆဲပင်ဖြစ် သည်။ ကမ္ဘာ့စီးပွားရေး လက်ဝါးကြီးအုပ်အဖွဲ့အစည်းများဖြစ်သော ထရပ်စ်များ၊ ကာတယ်များတွင် ဖက်ဆစ်စနစ်ကို တွေ့မြင်နေရသေးသည်။

ကျွန်တော်တို့ပြည်သူများအပါအဝင် သိန်းပေါင်းမြောက်မြား စွာသော လူညိုလူမဲတို့အား ကျွန်ပြုထားသေး ရာတွင် လည်း ဖက်ဆစ်စနစ်ကို တွေ့မြင်နေရသေးသည်။ ဤအမြစ်များကို လုံးဝမသုတ်သင်နိုင်သေးသမျှ ကာလပတ်လုံး ကမ္ဘာကြီးသည် လွတ်လပ်သော ပြည် သူများကအဘက်ဘက်တွင် တိုးတက် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နေထိုင်ကြရာ ကမ္ဘာကြီးမ ဖြစ်သေးသမျှ ကာလပတ်လုံး ပြီးခဲ့သည့် စစ်မီးကြီး၏ပြာပုံမှ နေ၍ခိုင်မြဲသော ငြိမ်းချမ်းရေးကို တွေ့ရှိခဲ့ပါ ပြီဟု မဆိုနိုင်သေးပေ။ ကမ္ဘာ့ကုလသမဂ္ဂ ရှိသည်ကား မှန်ပါသည်။

ကုလသမဂ္ဂ၏ရည်ရွယ်ချက်များမှာ လည်း ချီးကျူးလောက်သည်မှာ မှန်ပါသည်။ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် နိုင်ငံပေါင်းစုံအဖွဲ့ ချုပ်ထက် ပိုမိုအင်အားကောင်းသော စက်ယန္တရား များတည်ဆောက်ထားသည်ကား မှန်ပါသည်။ နိုင်ငံ ပေါင်းစုံ လက်နက်ကိုင်တပ်တစ်တပ်ရှိရုံမက ဆိုဗီယက် ယူနီယံ နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင် ကြခြင်းကြောင့် ပို၍ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်ကား မှန်ပါသည်။ တရုတ်ပြည်မှာ ကြီးငါးကြီးတွင်တစ်ဦးဖြစ်သည်ကား မှန်ပါသည်။ ကုလသမဂ္ဂ၏ ဘရက်တန်ဝဒ်ကွန်ဖရင့်တွင် ဆုံးဖြတ် တည်ထောင်ခဲ့သည့် ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ ငွေရေးကြေးရေးအဖွဲ့ချုပ် အစရှိသည်တို့ဖြင့် စီးပွားရေး၊ ဘဏ္ဍာ ရေးတံတိုင်းများကို ဖြိုချရန်နှင့် ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် လမ်းခင်းထားပြီးဖြစ် သည်ကား မှန်ပါသည်။ သို့သော် ကုလသမဂ္ဂ ကို စိတ်အားထက်သန်စွာထောက်ခံသူတို့သည်ပင်လျှင် ယင်းအဖွဲ့အစည်းသည် ယနေ့လူသား တို့ ထိုထက်မစွမ်းဆောင်နိုင်ကြတော့ပြီဟု မပြောနိုင်သေးပေ။ စစ်နိုင်သောနိုင်ငံများက သိမ်းပိုက် လိုက်သော ကိုလိုနီနိုင်ငံအဟောင်းများ၏ပြဿနာကို မေ့ထားကြ သေးသည်။

သူတို့၏နိုင်ငံရေး စီးပွားရေးရှေ့နေများမှာ ဝိုးတိုးဝါးတားပင်ရှိသေးသည်။
ကျွန်တော့်မှာ အပြစ်မြင်လိုသော စိတ်ထားမရှိပါ။ သို့သော် ပထမကမ္ဘာစစ်ပွဲအပြီး ငြိမ်းချမ်းရေးအား ထုတ်မှုများနှင့် ပတ်သက်သည့် ဗြိတိသျှသမိုင်းဆရာတစ်ဦး၏ မှတ်ချက်များကို ကောက်နုတ်ဖော်ပြရပါ လိမ့်မည်။ သူ့မှတ်ချက်မှာ "အဖြစ်အပျက်များ ခန့်ငြားသလောက် နိုင်ငံရေးသမားများ မခန့်ငြားကြသေး။ သူတို့သည်မငြိမ်းချမ်းသော ငြိမ်းချမ်းရေးကို လုပ်ခဲ့ကြသည်။ သူတို့တိုင်းပြည်ရှိ လူနီများနှင့် ကပ္ပလီများ ပတ်သက်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူကို ချိုးဖျက်ခဲ့ကြသော အမေရိကန်စိတ်ဝါဒသမားတို့သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ထည့်သွင်းချုပ်ဆိုထားသည့် စာချုပ်များကို ဖောက်ဖျက်မိပြီဆိုကာ အိန္ဒိယပြည် နှင့် အီဂျစ်ပြည်တို့မှ ဆုတ်ခွာပေးရန် မရည်ရွယ်သော အင်္ဂလိပ်စိတ်ဝါဒသမားတို့နှင့် ပူးပေါင်းခဲ့ကြပြီ။ လူ့သဘာဝ မှာ မဟန်တော့ပြီဟု အများကယူဆနေကြပြီ။ ဒီမိုကရေစီကို ဥရောပတွင် လုံခြုံစွာမထူ ထောင်နိုင်သေး။ အောင်ပွဲ၏တောက်ပမှုဖြင့် ဝမ်းသာရွှင်လန်းဖြစ်ခြင်းတို့ကို စိတ်ပျက်အားငယ်မှု၊ မကျေ နပ်မှု တို့က ဖုံးကွယ်ပစ်ခဲ့လေပြီ... "။

ကုလသမဂ္ဂကိုအစပြု၍ ကောင်းသောအဆုံးသို့ရောက်အောင် ဆိုဗီယက်ယူနီယံ၊ အမေရိကန်နှင့် တရုတ်ပြည်တို့တွင် ဧရာမတာဝန်များရှိရာ ကမ္ဘာ့လူသားအများစုကြီး၏ယုံကြည်အားထားသော ငြိမ်း ချမ်းမှုပေးရန် ဤတိုင်းပြည်များကို ကျွန်တော်တို့မျှော်လင့်သည်။ ဆိုဗီယက်ပြည်သူတို့သည် မတွန့်မ ဆုတ်သော ဇွဲသတ္တိဖြင့် ဆိုရှယ်လစ်စနစ်တည်ဆောက်ခဲ့ခြင်း၊ စီမံကိန်းစီးပွားရေးစနစ် တည်ဆောက်ခဲ့ ခြင်း၊ အချိန် အတော်ကြာ သူတို့ဘာသာပင် ဖက်ဆစ်တို့ကို တိုက်ခိုက်သုတ်သင်ခဲ့ရလင့်ကစား ဖက်ဆစ် များ ကျဆုံး သွားရေးအတွက် အားပေးခဲ့ခြင်းကိုလည်း ကျွန်တော်တို့ များစွာအားတက်ခဲ့ပါသည်။ ဆိုရှယ်လစ် အဖနိုင်ငံတော်၏ အင်အားကြီးမားမှုကိုလည်း ကျွန်တော်တို့နှစ်သက်၍ ဥရောပတိုက်၌ ဖက် ဆစ်စနစ်ကို ကျဆုံးအောင် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် အခန်းကိုလည်း ကျွန်တော်တို့ အသိအမှတ် ပြုပါသည်။

ဆန်ဖရန်စစ္စကိုတွင်လည်းကောင်း၊ ပြည်တွင်းရေးတွင်လည်းကောင်း၊ ကိုလိုနီပြည်သူတို ဘက်မှ ဤဆိုရှယ်လစ်နိုင်ငံတော်က ရပ်တည်ခဲ့ပုံကိုလည်း ကျွန်တော်တို့ စွဲမြဲစွာမှတ်သားမိပါသည်။ အ လားတူစွာပင် အမေရိကန်ပြည်ထောင်စု၏ထုတ်လုပ်စွမ်းအားကြီးမားပုံ၊ ဖက်ဆစ်စနစ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ပုံကိုလည်း အံ့သြ၍ ဖက်ဆစ်စစ်ပွဲတွင် အစွမ်းကုန်ပါဝင်ရေးအတွက် ဥရောပနှင့် ပစိဖိတ် ဒေသတို့ကို စစ်တပ်အင်အားမြောက်မြားစွာ ပို့လွှတ်သည်ကိုလည်း အထူးသဘောကျပါသည်။ အတ္တလ န္တိတ်စာချုပ်ကို ကွယ်လွန်သွားသည့် သမ္မတရုစ်စ်ဗဲ့ အဓိပ္ပာယ်ပြန်ပုံအရနှင့် သမ္မတထရူးမင်း၏နိုင်ငံခြား ရေးဝါဒ အချက် ၁၂ ချက်အရ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး၏လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်ရန် ဤ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံကြီးများက ရည်ရွယ်သည်ုဆိုသောကြောင့်လည်း ကျွန်တော်တို့များစွာ စိတ်အား တက် ပါသည်။

ကမ္ဘာ့ပထမဆုံး ဒီမိုကရေစီနိုင်ငံကြီးနှင့်တကွ သူ၏သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများဖြစ်သည့် ဂျော့ဝါရှင်တန်၊ သောမတ်စ်ဂျက်ဖာဆင်၊ အီဘရာဟင်လင်ကွန်း၊ သမ္မတရုစ်စ်ဗဲ့တို့က ကမ္ဘာ့လွတ်လပ်မှု အတွက် အထောက်အကူ ပေးခဲ့သည်ကိုလည်း ကျွန်တော်တို့များစွာအားရဝမ်းသာဖြစ်ပါသည်။ ကျွန် တော်တို့ တိုင်းပြည်မှာ သမ္မတလင်ကွန်း၏ "ပြည်သူများ၏ ပြည်သူများအတွက် ပြည်သူ့အစိုးရ"ဆိုသော စကားကိုပင် ကောင်းစွာနားလည်နေကြပါပြီ။ နောက်ဆုံးပိတ်အနေနှင့် ကျွန်တော်တို့၏အင်အားကြီးမားသည့် အိမ်နီးချင်း ဖြစ်သော တရုတ်ပြည်ကြီးကပြီးခဲ့သည့် ဆယ်နှစ်အတွင်း သမိုင်းတွင်မည့်ဖြစ်ရပ်တို့ တွင် ၎င်း၏ အင်အားကြီးမားမှုကို ပြသနိုင်သည့်အတွက်လည်း အထူးဂုဏ်ယူပါသည်။ အင်အားကြီးမား သော ရန်သူကို နှစ်ပေါင်းရှည်ကြာစွာ တစ်ဦးတည်း ဇွဲသတ္တိရှိရှိဖြင့် ရင်ဆိုင်တိုက်ခိုက်သည့်အတွက် ကျွန်တော်တို့ အလေးပြုပါသည်။ ၎င်းတို့ ယခုလို အောင်ပွဲရခဲ့ခြင်းကိုလည်း ကျွန်တော်တို့ဂုဏ်ယူပါ သည်။ ဤအောင်ပွဲကို အာရှတိုက် ၏အောင်ပွဲအဖြစ်ဖြင့် ချီးကျူးကာ အာရှတိုက်နှင့် ကမ္ဘာလွတ်လပ်ရေး အတွက် ဂုဏ်ရောင် ပြောင်စွာ တိုက်ပွဲဝင်ခဲ့မှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါသည်။

ယခုအချိန်၌ ချောမောအောင်မြင်နေပြီဟု ကျွန်တော်တို့ယုံကြည်သော တရုတ်ပြည်ကြီး စုစည်း ညီညွတ်စေရေး လုပ် ငန်းကိုလည်း ကျွန်တော်တို့ ချီးကျူးပါသည်။ သို့ဖြစ်သည့်အတွက်ကြောင့်လည်း အကျယ်အဝန်း နှင့် လူ ဦးရေတို့တွင်သာမက အခြားအဘက်ဘက်မှပင် ကြီးမားလှသော ဤကမ္ဘာ့ နိုင်ငံကြီး သုံးနိုင်ငံသည် စု စည်းညီညွတ်ကြလိမ့်မည်ဟု ကျွန်တော်တို့မျှော်လင့်သည်။ နိုင်ငံပေါင်းစုံ အဖွဲ့ချုပ် ကဲ့သို့ ကိုယ့်တပည့်တပန်း နှင့် ကိုယ့်အချင်းချင်း နိုင်ငံရေးကစားခဲ့ကြသလို မလုပ်တော့ဟု မျှော်လင့် ပါသည်။ သို့မှသာ မညီမျှမှုများဖြင့် ပြွမ်းတီးသည့် ကမ္ဘာဟောင်းတစ်ခု ပြန်လည် တည်ဆောက်ရေး အားထုတ်မှုများကို တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်သည်။

အမှောင်ကွက်တစ်ကွက်မှမရှိဘဲ လွတ်လပ်မှု အလင်းရောင် လွှမ်းသော ကမ္ဘာသစ်တစ်ခုဖြစ်လာအောင် တစ်ဦးနှင့်တစ်ဦး အားကျမခံကြိုးစားကြလိမ့်မည်ဟု မျှော် လင့်သည်။ ကုလသမဂ္ဂကြီးသည် နိုင်ငံပေါင်းစုံအဖွဲ့ချုပ်ကြီးကဲ့သို့ အစိုးရများနှင့် ၎င်းတို့၏နောက်လိုက် များ၏ အဖွဲ့တစ်ဖွဲ့သာမဟုတ်ဘဲ ညီညွတ်သော နိုင်ငံအားလုံး၏အဖွဲ့ချုပ်ကြီးတစ်ခုဖြစ်လာအောင် နိုင် ငံကြီးသုံးနိုင်ငံက ဆောင်ရွက်ကြလိမ့် မည်ဟု ကျွန်တော်တို့မျှော်လင့်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များအား အစိုးရကကိုယ်စားလှယ်အဖြစ် မထင်ရှားသော ပုဂ္ဂိုလ်များကို အုပ်ချုပ်နေရာ ရွေးချယ်စေလွှတ် လိုက်သည်မျိုးမဖြစ်စေဘဲ တစ်တိုင်းလုံး တစ်ပြည်လုံး၏ ကိုယ်စားလှယ်အစစ်များကိုသာ ရွေးချယ်စေ လွှတ်ကြစေရန် စီစဉ်ဖို့လိုသည်။ ကမ္ဘာ့အဖွဲ့အစည်း များနှင့်အစည်းအဝေးတို့သို့ အိန္ဒိယပြည်၏ကိုယ်စား လှယ်အစစ်များကိုသာ ရွေးချယ် စေလွှတ်ကြစေရန် စီစဉ်ဖို့လိုသည်။ ကမ္ဘာ့အဖွဲ့အစည်းများနှင့် အစည်း အဝေးတို့သို့ အိန္ဒိယပြည်၏ ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ အရှေ့ဖျား ကော်မရှင်တွေ ဗမာပြည်၏ ကိုယ်စားလှယ် အဖြစ် လည်းကောင်း ဗြိတိသျှအစိုးရက ရွေးချယ်သူတို့အား စေလွှတ်ခြင်းကို ကျွန်တော် တို့ ပြင်းထန်စွာ ကန့်ကွက် သည်။

ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိရောက်စွာ ထိန်းသိမ်းနိုင်သည့် အဖွဲ့အစည်း တစ်ခု တကယ် ဖြစ်လာစေလိုလျှင် နိုင်ငံကြီးနိုင်ငံငယ်ဟု မတရားခွဲခြားထားမှုတို့ကို ပပျောက်အောင် ကြိုးစားကြ ရပေဦးမည်။ တကယ်ဆိုတော့ နိုင်ငံတစ်နိုင်ငံကို ကြီးသည်ငယ်သည်ဟူ၍ ကျွန်တော်တို့ ဘယ်လို ဆုံးဖြတ်နိုင်ပါမည်နည်း။ အကျယ်အဝန်းကိုပင် အဓိကထားရမည်လော၊ မဟုတ်ပါ။ အကယ်၍ အကျယ်အဝန်း ကိုသာ အဓိကထားရမည်ဆိုက အိန္ဒိယပြည်ကဲ့သို့သော နိုင်ငံတစ်နိုင်ငံသည် နိုင်ငံကြီး ဟူသော  နေရာကို ရထိုက်ခဲ့မည်ဖြစ်သည်။ သို့သော် ယနေ့ အိန္ဒိယပြည်၏အခြေအနေမှာ ကျွန်တော်တို့ သိသည့် အတိုင်းဖြစ်သည်။ ဂျပန်ကို မကြာသေးမီ အချိန်အထိနိုင်ငံကြီးဟု သတ်မှတ်ခဲ့ကြသည်။

သို့ သော် အကျယ်အဝန်းကြောင့်မဟုတ်ခဲ့သည်ကိုကား ကျွန်တော်တို့ တွေ့မြင်ခဲ့ကြသည့်အတိုင်းပင်ဖြစ် သည်။ သို့ဖြစ်လျှင် လူဦးရေကိုအဓိကထားရမည်လေ၊ မဟုတ်ပါဟုပင် ဖြေရပါမည်။ ဤမေးခွန်းအတွက် အိန္ဒိယပြည်သည်ပင် အကောင်းဆုံးအဖြေဖြစ်သည်။ သို့ဖြစ်လျှင် သဘာဝအင်အားများနှင့် ကုန်ကြမ်း များ ပိုင်ဆိုင်မှုကို အခြေခံ၍ နိုင်ငံတစ်နိုင်ငံကို နိုင်ငံကြီးဟု သတ်မှတ်ရမည်လော။ သို့သော် ဂျပန်နိုင်ငံ နှင့် အီတလီနိုင်ငံတို့သည် ထိုပိုင်ဆိုင်မှုများမရှိပါဘဲလျက် နိုင်ငံကြီးများဖြစ်ခဲ့ကြသည်ကို ကျွန်တော်တို့ တွေ့မြင်ခဲ့ကြရပြီ။ နိုင်ငံတစ်နိုင်ငံသည် ကြီးမားလာရခြင်းမှာ ၎င်းနိုင်ငံသည် အခြားနိုင်ငံများထက် သမိုင်းနှင့်အညီ ရှေ့သို့ချီတက်နိုင်သော အကြောင်းတစ်ကြောင်းကြောင့်သာလျှင်ဖြစ်သည်။ ရုရှားပြည် သည် တစ်ချိန်က နှစ်ပေါင်းနှစ်ရာသုံးရာခန့် တာတာတို့၏စိုးမိုးမှုအောက်တွင် အလူးအလှိမ့်ခံခဲ့ရဖူး သည်။

သို့သော် ယနေ့အဖို့တွင် ရုရှားပြည်သည် ပြိုင်ဘက်ကင်းစွာကြီးမားကြံ့ခိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်နေလေပြီ။ ထိုပြည်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော နိုင်ငံရေးအင်အား၊ စစ်အင်အားများရှိရုံ သာမကဘဲ၊ ဆိုရှယ်လစ်စနစ်တည်းဟူသော ယဉ်ကျေးမှုအသစ်ကို ဖွံ့ဖြိုးတိုးတက်နေစေသည့် တစ်ခု တည်းသော နိုင်ငံလည်းဖြစ်ပေသည်။ သို့ဖြစ်လျှင် စစ်ကြီးအပြီး ဗြိတိန်ပြည်၏အခြေအနေက မည်သို့ရှိ သနည်း။ ဗြိတိန်ပြည်သည် "ဂရိတ်ဗြိတိန်" "ကြီးမားသော ဗြိတိန်ပြည်"မဟုတ်တော့။ သူ့အင်ပါယာတွင် နေလုံးဝမကွယ်ပျောက်သေးသော်လည်း နေဝင်စပြုလေပြီ။ တစ်ချိန်က ဗြိတိန်ပြည်သည် ကမ္ဘာတွင် အင်အားအကြီးဆုံးသော နယ်ချဲ့သမားဖြစ်ခဲ့သည်မှာ နိုင်ငံရေးနှင့် စစ်ရေးတွင်သာမကထင်ရှားစွာမမြင် ခဲ့ရသည့်တိုင်အောင် စီးပွားရေး၊ ဘဏ္ဍာရေးတို့တွင်ပါဖြစ်ခဲ့သည်။

သူ၏မြင်သာသော အင်ပါယာအသိုင်း အဝိုင်းအပြင်ဘက်ရှိ နိုင်ငံတို့၏စီးပွားရေး၊ ဘဏ္ဍာရေးတို့ကိုပင် ကြိုးကိုင်ခဲ့လေသည်။ သို့သော် ယနေ့ ဤအခြေအနေမရှိတော့။ သူသည် သူ၏ကိုလိုနီနိုင်ငံများဖြစ်သည့် အိန္ဒိ္ဒယပြည်၊ အီဂျစ်ပြည်တို့ထံမှပင် ကြွေးတင်ခံနေရလေပြီ။ သမိုင်းဆိုင်ရာ သံသရာတရားအရ ကမ္ဘာ့ငွေရေး ကြေးရေးစနစ်၏ဗဟိုဌာနချုပ် ဖြစ်သော အမေရိကန်ပြည်ထောင်စုကိုပင် မကြာခဏ သွားရောက်ဖူးမျှော်နေရလေပြီ။ မကြာသေးမီက ဤနှစ်နိုင်ငံသည် တိတ်တိတ်ကြိတ်၍ ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိစ္စတို့တွင် ပြင်းထန်သောစစ်ပွဲ ဖြစ်ခဲ့ကြသေးသော်လည်း တစ်ချိန်က ဇွဲနပဲကြီးလှသည့် ဂျွန်ဘူးလ်(အင်္ဂလိပ်)သည် သူ့ကိုယ်သူ "မိုဟာ မဒ်"အဖြစ်ပြု၍လာသမျှ လူကိုဆီးကြိုနေသည့် လွတ်လပ်ရေး ကျောက်ရုပ်တည်ရှိရာ "တောင်ကြီး"ဆီသို့ မကြာခဏသွားခဲ့ရလေသည်။

ဗြိတိန်ပြည်မှာ အပြင်ဘန်းအားဖြင့် ကိုလိုနီနိုင်ငံများ ဆက်လက်ထားနေသော်လည်း သူ့ကို ကိုလိုနီနိုင်ငံ များမှာ ယုတ္တိတရားအရပင်လျှင် ပေးရန်ရှိသူများမဟုတ်တော့ဘဲ ယူရန်ရှိသူများသာ ဖြစ်နေတော့သော ကြောင့် သူ့အကျိုးကို အထိခိုက်ခံ၍ ဤကိုလိုနီများအား ကြာရှည်စွာထားနိုင်တော့မည်မဟုတ်။ ဗြိတိသျှ နယ်ချဲ့သမားသည် ကိုယ့်အခြေအနေကိုယ်သိကာ နယ်ချဲ့စနစ်ကို အပြောနှင့်သာမဟုတ်၊ အလုပ်နှင့် တကယ် စွန့်လွှတ်ပြီးနောက် သူ၏ကိုလိုနီနိုင်ငံများမှ ပြည်သူများ၏တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု ကိုရယူကာ ပြည်တွင်းပြည်ပရှိ ကုန်ထုတ်စွမ်းအားများကို အစွမ်းကုန်အသုံးချခြင်းဖြင့် သူ့နိုင်ငံနှင့် ကိုလို နီနိုင်ငံများ အား ပြန်လည်ပြုစုပျိုးထောင်မည်လား၊ သို့တည်းမဟုတ် အခြားသော အင်ပိုင်ယာများကဲ့သို့ ပင် လမ်းဟောင်း အတိုင်းလိုက်ကာ အဆုံး၌ယိုယွင်းပျက်စီးဆိတ်သုဉ်းမည်လား။ ဤပုစ္ဆာကို ဗြိတိန်ပြည် က ယခု ဆုံးဖြတ်လျှင် ဆုံးဖြတ်၊ မဆုံးဖြတ်လျှင် နောင်ဆုံးဖြတ်နိုင်တော့မည်မဟုတ်တော့ဘူး။

ဆက်ရန်

0 comments to “စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၃)”

Post a Comment