သမ္မတ၏ လှူဒါန်းငွေ ပေးအပ်ပွဲတွင် စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်များနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူအချို့ကို တွေ့ရစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လှူဒါန်းသော အလှူငွေ ကျပ်သိန်း ၅၀၀ ကို
လက်ခံခဲ့သော်လည်း မီဒီယာ လွတ်လပ်ခွင့်အတွက် ပြန်ကြားရေး ၀န်ကြီးဌာနနှင့်
ဆက်လက်ရင်ဆိုင်သွားမည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
အတွင်းရေးမှူး ဦးကျော်မင်းဆွေက စက်တင်ဘာ ၄ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ နိုင်ငံတော်သမ္မတ
လှူဒါန်းသော ငွေကျပ် သိန်း ၅၀၀ ကို နိုင်ငံတော်သမ္မတကိုယ်စား
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက စက်တင်ဘာ ၄ ရက်တွင်
စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းသို့ လာရောက်လှူဒါန်းခဲ့သည်။
ယင်းအလှူငွေ ပေးအပ်ပွဲသို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
အဖွဲ့ဝင် ၂၆ ဦး ရှိသည့်အနက် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ
ဦးခင်မောင်လေး (ဖိုးသောကြာ)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ ဦးတင်လှိုင်
(လယ်တွင်းသားစောချစ်)၊ ဒေါက်တာမျိုးသန့်တင်နှင့် ဦးသောင်းစုငြိမ်း (7Day
သတင်းစာ၏ အယ်ဒီတာချုပ်) တို့သာ တက်ရောက်ပြီး လက်ခံရယူခဲ့ကြသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ယုံကြည်မှုများ မကြာခဏ
ချိုးဖောက်လေ့ရှိသည့် ပြန်ကြားရေး ၀န်ကြီးဌာနအပေါ် ယုံကြည်မှုမရှိဘဲ
နိုင်ငံတော်သမ္မတက အလှူငွေအဖြစ် ပေးအပ်သည့် ကျပ်သိန်း ၅၀၀ အား
လက်ခံခဲ့သော်လည်း လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များမှာ
ယိမ်းယိုင်မည်မဟုတ်ကြောင်း စာနယ်ဇင်းကောင်စီမှ အတွင်းရေးမှူးဖြစ်သူ
ဦးကျော်မင်းဆွေက ပြောကြားသည်။
"စာနယ်ဇင်းကောင်စီ စတင်ခဲ့တုန်းက ကျွန်တော်တို့လည်း ယုံကြည်မှု
မရှိခဲ့ဘူး။ ဒါ့ကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေကို
လက်မခံခဲ့ပါဘူး။ အခု နိုင်ငံတော်သမ္မတရဲ့ အလှူငွေ လက်ခံတယ် ဆိုတာကလည်း
သတင်းမီဒီယာ ဥပဒေကြမ်းမှာကို နှောင်ဖွဲ့မှုကင်းသော အလှူငွေ လက်ခံပြီး
ကောင်စီရေရှည် ရပ်တည်နိုင်အောင် လုပ်ဆောင်ဖို့ လက်ခံမယ်ဆိုတာ ထည့်ထားပါတယ်။
နောင်ဆိုလည်း စာနယ်ဇင်းကောင်စီကို ဆက်ခံမယ့်သူတွေ အနေနဲ့ အထွေထွေ
ကုန်ကျစရိတ်တွေအတွက် ငွေမရှိလို့ မဖြစ်ပါဘူး။ အခုလည်း
ထွန်းဖောင်ဒေးရှင်းဘဏ်နဲ့ CB ဘဏ်ဖောင်ဒေးရှင်းကနေ အလှူငွေ ကျပ်သိန်း ၁၀၀
လက်ခံထားတာ ရှိပါတယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏
အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးက သမ္မတ၏ လှူဒါန်းငွေကို ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးပိုက်ထွေးထံမှ လက်ခံရယူစဉ်
"ပွင့်ပွင့်လင်းလင်း ပြောရရင် ပြန်ကြားရေး ၀န်ကြီးဌာနကို
ကျွန်တော်တို့အနေနဲ့ ဒီနေ့အထိ လုံးဝမယုံကြည်ပါဘူး။ ဒီလို မယုံကြည်မှု
ဖြစ်အောင်လည်း သူတို့လုပ်ခဲ့တာပဲ။ အခုလို အလှူငွေ လက်ခံရတဲ့ အတွက်လည်း
ကျွန်တော်တို့အနေနဲ့ လိပ်ပြာလုံပါတယ်။ ဒီငွေအတွက် ကျွန်တော်တို့အနေနဲ့
မှန်မှန်ကန်ကန် အသုံးပြုပြီး ဒီငွေတွေကို ဘယ်နေရာမှာ ဘယ်လိုအကျိုးအတွက်
အသုံးပြုမယ်ဆိုတာ အမြဲတမ်း အစစ်ဆေး ခံသွားမှာပါ" ဟု ဦးကျော်မင်းဆွေက
ဆက်လက်ပြောကြားသည်။
လက်ရှိ အလှူခံရရှိထားသည့် ကျပ်သိန်း ၅၀၀ အား မည်သို့အသုံးချမည်ကို
ဆွေးနွေးရခြင်း မရှိသေးဘဲ စာနယ်ဇင်းကောင်စီက ထပ်မံလုပ်ဆောင်မည့်
သင်တန်းများ၊ သတင်းဓာတ်ပုံဆုများ အပါအ၀င် စာနယ်ဇင်းကောင်စီ (ယာယီ)
မှန်ကန်စွာ ရပ်တည်နိုင်မည့် ပြည်တွင်းမီဒီယာ ဖွံ့ဖြိုးရေး
လုပ်ငန်းစဉ်များတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကျော်မင်းဆွေက
ဆက်လက်ပြောကြားသည်။
ကိုယ့်ထမင်းကိုယ်စားကာ ရပ်တည်နေသည်ဟု အမြဲတစေ ကြွေးကြော်ခဲ့သည့်
စာနယ်ဇင်းကောင်စီ (ယာယီ) အနေနှင့် ထိုသို့ငွေယူခဲ့ခြင်းအတွက် ဝေဖန်မှုများ
ထွက်ပေါ်နေမှုအပေါ် အနာဂတ် လုပ်ရပ်များကိုသာ စောင့်ကြည့်စေလိုပြီး
နိုင်ငံတကာရှိ စာနယ်ဇင်း ကောင်စီများကဲ့သို့ သတင်းစာ လွတ်လပ်ခွင့်နှင့်
စာနယ်ဇင်းအကျိုး ဆောင်ရွက်နိုင်မှု မရှိချိန်တွင် ပြစ်တင်ရှုတ်ချ ဝေဖန်မှုများ
ပြုလုပ်နိုင်ပြီး လက်တွေ့လုပ်ရပ်များနှင့်သာ တိုင်းတာစေလိုကြောင်း
ဦးကျော်မင်းဆွေက ပြောကြားသည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာ ဥပဒေများနှင့် ပတ်သက်ပြီး အစိုးရ
ပြန်ကြားရေးဝန်ကြီးဌာနနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေချိန်တွင်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က သမ္မတက ဥပဒေအရ မဟုတ်ဘဲ
ပုဂ္ဂိုလ်ရေးအရ လှူဒါန်းသော ကျပ်သိန်း ၅၀၀ ကို လက်ခံခဲ့သည့်အတွက် အပြင်းအထန်
ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။
ထို့အတူ နိုင်ငံတော်သမ္မတ အနေဖြင့် ခရိုနီ လုပ်ငန်းရှင်များ လှူဒါန်းသော
အလှူငွေများကို ရေဘေးသင့် ပြည်သူများ အစရှိသည်တို့ကို လှူဒါန်းဖူးသော်လည်း
ပုဂ္ဂိုလ်ရေးအရ သမ္မတ၏ဘတ်ဂျက်မှ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့
ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ခြင်းမှာ အများဆုံးဖြစ်နိုင်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတသည် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်စဉ်က
ငွေကျပ်နှစ်သိန်းသာ လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
ကို ငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့မှာ အဆမတန် ကွာခြားမှုများ ရှိခဲ့သည်ကို
တွေ့ရှိရကြောင်းနှင့် ထိုအလှူငွေကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
က လက်ခံခဲ့ခြင်းသည် ကောင်စီ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကို
ကျဆင်းစေခဲ့ကြောင်း ဝေဖန်မှုများ ထွက်ခဲ့ပြီးနောက် စက်တင်ဘာ ၄ ရက်တွင်
နိုင်ငံတော်သမ္မတ၏ အလှူငွေကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က
တရားဝင် လက်ခံရယူခဲ့ခြင်း ဖြစ်သည်။