Tuesday, October 1, 2013

တောင်ကျချောင်းရေကြောင့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း ရေလျှံ

,


ကလေး၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် စက်တင်ဘာလ ၂၉ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ရုတ်တရက် ကျဆင်းလာပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းပေါ်ရှိ ကလေး-ကလေးဝသွား ကားလမ်းပေါ် မြစ်သာမြစ်ရေ လျှံတက်ကာ သွားလာ ဆက်သွယ်ရေးများ ခက်ခဲခဲ့ကြောင်း အဆိုပါလမ်းပေါ်ရှိ ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရရှိရသည်။
“မိုးက ဆက်တိုက်ရွာနေတာ တစ်ပတ်လောက်ရှိပြီ။ အရင်သြဂုတ်လတုန်းက တက်ခဲ့တဲ့ရေထက် အများကြီး ဆိုးတယ်။ အခုကလေးမြို့ကနေ ကားတွေ ဆိုင်ကယ်တွေ သွားလို့ မရတော့ဘူး” ဟု ယင်းဒေသခံများက ပြောကြားသည်။

ချင်းတောင်နှင့် ကလေးမြို့တွင် စက်တင်ဘာလ ၂၀ ရက်မှ စတင်ကာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တောင်ကျ ချောင်းရေများ စီးဆင်းပြီး ယခုကဲ့သို့ ရေလျှံမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“၂၉ ရက်နေ့ မနက်ဘက် သုံးနာရီလောက် ရေတွေက ဒလဟော ဆင်းလာပြီး ဘုံးချောင်း တစ်လျှောက်က အခင်းတဲတွေ အနည်းဆုံး အလုံး ၄၀ လောက် ရေထဲပါကုန်တယ်။ လူတွေကော၊ ကျွဲတွေ၊ နွားတွေကော ချောင်းရေနဲ့ မျောကုန်တယ်။ အခုထိ အရေအတွက် ဘယ်လောက်ဆိုတာ အတည်မပြုနိုင်သေးဘူး” ဟု နတ်ကြီးကုန်း ကျေးရွာရှိ ဘုံးချောင်း နံဘေးတွင် စိုက်ပျိုး လုပ်ကိုင်သူ ဦးသိန်းလင်းက ဆိုသည်။

ကလေးမြို့နယ် ကျီကုန်းကျေးရွာ၊ နတ်ကြီးကုန်းကျေးရွာ၊ ကျောက်ကာ ကျေးရွာတို့အတွင်း မြစ်သာမြစ်ရေများ ဝင်ရောက်နေပြီး ဒေသခံများမှာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် အချို့မှာ လမ်းမပေါ်တွင် တဲထိုးကာ နေထိုင်နေကြကြောင်း ယင်းနေထိုင်သူတို့ထံမှ သိရသည်။
“မနေ့ (၂၉ရက်နေ့) က မြေပြိုပြီး နေအိမ် ငါးလုံးလောက် ပိသွားတယ်။ ရွာနားတပ်က တပ်မတော်သားတွေ လာပြီး ကူညီပေးတယ်။ နောက် ဒီနေ့မနက်မှာ ရွာထဲက တံတားတွေ အကုန်ရေမြုပ်ကုန်ပြီး လမ်းပေါ် ရေကျော်ကုန်တယ်။ အိမ်ခြေ သုံးရာကျော်မှာ အားလုံးနီးပါး ရေဘေးသင့်တယ်” ဟု ကျီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဲထွေးက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားသည်။

ကလေးမြို့နယ်အတွင်း ဥပုသ်ချောင်း ရေတိုက်စားမှုကြောင့် ယင်းချောင်းပေါ်ရှိ တံတားသုံးစင်း ပျက်စီးခဲ့ပြီး ချောင်းနံဘေးမှ လူနေအိမ် ၁၀ အိမ်ခန့်လည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ နန်းကလိန် ချောင်းတံတား၊ စိုင်ဒူးတံတားတို့မှာလည်း ချောင်းရေကြောင့် ပျက်စီးခဲ့ကြောင်း ယင်း ဒေသခံများထံမှ သိရသည်။
“ရေကကြည့်နေရင်းကို တက်လာတာ။ အိမ်ကို မထိသေးပေမယ့် မနေရဲတော့ဘူး။ ဒါကြောင့် ဘုန်းကြီးကျောင်းကိုပဲ ရွှေ့လာလိုက်တာ။ အခါတိုင်းရေကြီးတာ ဒီလောက်ထိ မမြန်ဘူး။ အသီးအရွက် ရောင်းတဲ့ ဈေးဆိုင်ကယ်တွေလည်း မလာတော့ဘူး” ဟု ကျောက်ကာကျေးရွာမှ အသက် ၅၀ ကျော်အရွယ်ရှိ ဒေသခံတစ်ဦးက ဆိုသည်။

ကလေး-ကလေးဝ လမ်းတစ်လျှောက်ရှိ ကျောက်ခုပ်ကျေးရွာ ထိပ်၊ ကျောက်ကာနှင့် သစ်ချောက်ကျေးရွာကြား နေရာများ တွင် တောင်ပြိုမှုများရှိပြီး ဆိုင်ကယ်မှလွဲ၍ မည်သည့်ယာဉ်မှ ဖြတ်သန်း၍ မရကြောင်း ယင်းဒေသခံတို့က ပြောကြားသည်။
“ကျောက်ကာနဲ့ သစ်ချောက်ကြားမှာ ငါးနေရာ ပြိုနေတယ်။ ဆိုင်ကယ်တွေလည်း ဖြတ်ဖို့ မလွယ်ဘူး။ အထမ်းငှားထွက်ရတယ်။ တစ်စီးကို အနည်းဆုံး လမ်းအဝေးပေါ် မူတည်ပြီး နှစ်ထောင့်ငါးရာကနေ ရှစ်ထောင်အထိ ပေးရတယ်” ဟု အဆိုပါဒေသသို့ သွားရောက်ခဲ့သူ ကလေးမြို့ဒေသခံ ဦးအောင်သူထွန်းက ဆိုသည်။

ကလေးဝမြို့နယ် ချောင်းကျဉ်း ကျေးရွာအနီးရှိ ဝါးရဲချောင်း တံတားမှာလည်း စက်တင်ဘာလ ၂၉ ရက်နေ့ညတွင် တံတားထောက်တိုင်တစ်တိုင် ရေထဲ ပါသွားပြီး မော်တော်ယာဉ်ကြီးများ သွားလာခွင့် ပိတ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု ရေဘေးသင့်သူများအား စာရင်းပြုစုပြီး လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် ပြင်ဆင်နေကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ် အတွင်းကလည်း တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် နေရဉ္စရာနှင့် မြစ်သာမြစ်ရေတို့ တက်လာပြီး ကျေးရွာရှစ်ရွာမှ လူပေါင်း ၁၅၀၀ ကျော်ခန့် ရေဘေးသင့်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။

0 comments to “တောင်ကျချောင်းရေကြောင့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း ရေလျှံ”

Post a Comment