Thursday, October 10, 2013

•ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ သဘောတူညီချက်•

,

(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်)

တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရေးကို အာမခံနိုင်သည့် နိုင်ငံရေးအရ သဘောတူညီမှုများ ပေါ်ထွက်လာနိုင်ရေးကို ဦးတည်၍ နှစ်ဖက်ကိုယ်စားလှယ်များမှ အသိသက်သေများ ရှေ့မှောက်တွင် အောက်ပါအချက်များအား နှစ်ဦးနှစ်ဖက် သဘောတူ အတည်ပြုကြပါသည်-

♦ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ (Political Dialogue) ကျင်းပနိုင်ရန်အတွက် ပြင်ဆင်မှုဖြစ်သော တစ်နို်င်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ရန် ကေအိုင်အိုအား ဖိတ်ခေါ်သည်ဖြစ်သောကြောင့် ကြိုတင်ဆွေးနွေးညှိနှိုင်းသည့် လုပ်ငန်းစဉ်အနေဖြင့် အောက်ပါအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် သဘောတူသည်-

(၁) ပြည်ထောင်စုအစိုးရမှ စီမံချက်များကို ပေးပို့ခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်မည်။

(၂) ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့မှ တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ(Ethnic Armed Groups Conference) ကျင်းပမည်။

♦ ၂၀၁၃ ခုနှစ်၊ မေလ (၂၈-၃၀)ရက်နေ့အတွင်း ဆွေးနွေးပွဲရလဒ်များကြောင့် ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချနိုင်ခြင်း၊ နှစ်ဖက်ထိတွေ့ဆက်ဆံမှုများ တိုးတက် ဆောင်ရွက်နိုင်ခြင်းတို့အပေါ် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့မှ အသိ အမှတ် ပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပွားစေရေးကို ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

♦ နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွါ ရွှေ့ပြောင်းနေထိုင်ကြသော
ပြည်သူများ မူလနေထိုင်ရာ အရပ်သို့ ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အခြေခံရမည့် မူများနှင့် စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရန် နှစ်ဖက်အဖွဲ့များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့် သက်ဆိုင်ရာဌာနများက ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် အနည်းဆုံး ရွာ(၄)ရွာကို ရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်း အကောင်အထည်ဖော်သွားရန် သဘောတူသည်။

♦ စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee) အား ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူသည်။ ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ အခြေပြဇယား (Joint Monitoring Committee Structure) (ပူးတွဲ ၁)နှင့် ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန် ရှောင်ရန် အခြေခံမူ(၅)ချက်နှင့် စည်းကမ်းချက် (၁၈)ချက်တို့ ပါဝင်သည့် (ပူးတွဲ ၂) ကို အခြေခံ၍ အသေးစိတ်စီမံချက် (Operational Plan) ချမှတ်နိုင်ရန် နှစ်ဖက်နည်းပညာ အထောက်အကူပြုအဖွဲ့များအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်။

♦ ပဋိပက္ခကြောင့် ပုံမှန်သွားလာနိုင်မှု မရှိသော အများပြည်သူ အသုံးပြုသည့် လမ်းများနှင့် အရေးပါသောလမ်းများ ပုံမှန်ပြန်လည်သွားလာနိုင်ရေး နှစ်ဖက် ညှိနှိုင်း၍ အမြန် ဖွင့်လှစ်သွားရန် သဘောတူသည်။

♦ ကေအိုင်အိုအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူ များနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးတိုင်ပင်ခြင်းများ (Public Consultation) ပြုလုပ် ရန် သဘောတူသည်။

♦ ရှေ့လုပ်ငန်းစဉ်များနှင့် နှစ်ဖက်အလုပ်အဖွဲ့ (Technical Team)များက ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန်နှင့် နောင်ကျင်းပမည့် ဆွေးနွေးပွဲများကို အမြန်ဆုံး ကျင်းပနိုင်ရန် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

0 comments to “•ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ သဘောတူညီချက်•”

Post a Comment