သြဂုတ်လ၂၉ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်ပါ ဆောင်းပါးရှင် စောမိုးဇက်ရေးသားထားသည့် “ငြိမ်းချမ်း ပြီးလျှင်လည်း စည်းလုံးကြရမည်” ဆိုတဲ့ ဆောင်းပါးကိုဖတ်ပြီး ကျွန်တော့်အတွက် အတွေး ပင်လယ်ဝေ ခဲ့ရတယ်။ ဆောင်းပါးက ဒုတိယ၀န်ကြီးအသစ်များ ကတိသစ္စာခံယူပွဲမှာ သမ္မတကြီး ပြောကြား ခဲ့သလိုမကြာမီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုး တော့မယ့်အတွက်ငြိမ်းချမ်းရေးရတော့မယ်။ငြိမ်းချမ်းလျှင်လည်းစည်းလုံးဖို့လိုတယ်။ဒါပေမယ့်ငြိမ်းချမ်းရေး ဆွေးနွေးဆဲကာလမှာပင် ရှေ့နောက်မညီတာတွေကို ဆောင်းပါးရှင်ကမီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။
တကယ်တော့နှစ်ပေါင်းများစွာပြည်တွင်းစစ်အနိဌာနရုံကိုခါးခါးသီးသီးခံစားခဲ့ရတဲ့ မြန်မာနိုင်ငံသားအားလုံးကဒီငြိမ်းချမ်းရေးကိုအာသာငန်းငန်း တောင့်တနေကြတာအားလုံးအသိပါ။သမိုင်းကြောင်းအရခံစားချက်ကိုယ်စီနဲ့လက်နက်ကိုင်လာခဲ့တဲ့တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေးအတွက်အမျိုးသားရင်ကြားစေ့ရေးကိစ္စဟာလက်ငင်းလိုအပ်ချက်ဖြစ်ပါတယ်။တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်တယ်ဆိုခဲ့ရင်တောင် ပြဿနာဖြေရှင်းခြင်းရဲ့နိဒါန်းပဲရှိပါသေးတယ်..။နိဒါန်းကောင်းနဲ့တိုင်းရင်းသားအချင်းချင်းယုံယုံကြည်ကြည်ပူးပေါင်းဆောင်ရွက်သွားကြမှသာပန်းတိုင်အစစ်ကို ရောက်ရှိနိုင်မယ်ဆိုတာ ငြင်းချက်ထုတ်ရန်အကြောင်းမရှိပါ….။
ပူးပေါင်းဆောင်ရွက်ရာမှာ ယုံကြည်မှု စက်ဝန်းကျယ်ပြန့်ဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု စက်ဝန်း ကျယ်ပြန့်လေလေ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှု ကျယ်ပြန့်လေလေ ဖြစ်ပါတယ်။ ဆရာကျော်ဝင်းက ယုံကြည်မှု အချင်းဝက် (radius of trust) ဆိုတဲ့ အယူအဆကို တင်ပြခဲ့ဖူးပါတယ်။ မြန်မာ့ဓလေ့မှာ ယုံကြည်မှု အချင်းဝက် တိုတောင်းမှုကြောင့် ဂိုဏ်းဂဏတွေ ကွဲခဲ့ဖူးတဲ့ သာဓကတွေ အများအပြားရှိ ခဲ့ပါတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတဲ့အချိန်မှာ ကိုယ့်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို ခေတ်မမီတဲ့အမူအကျင့်နှင့် မစဉ်းစားသင့်တော့ပါ။ အဓိကအကျဆုံးဖြစ်တဲ့ ပြည်သူလူထု၏ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ဖိအားပေးမှု ဆန္ဒထုတ်ဖော်မှုတွေကြောင့်လည်း ယခု အခြေအနေကို လျင်လျင်မြန်မြန် ရရှိခဲ့တာမဟုတ်ပါလား။
ယုံကြည်မှု တည်ဆောက်ခြင်း(Trust Building)ဆိုတာ လွယ်လွယ်ကူကူတော့ မဟုတ်မှန်း အားလုံး သိကြပါတယ်။ တစ်စုံတစ်ယောက်က အခြားတစ်ယောက်ကို ယုံကြည်မှု(Trust) ဆိုတာ ယုံကြည် လက်ခံစရာ အကြောင်းအချက်တွေရှိမှ တည်ဆောက်ယူနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ဆိုတာ တစ်ဘက် တည်း ပြောလို့တော့ မရပါဘူး။ နှစ်ဦးနှစ်ဖက်လုံးနှင့် ဆိုင်ပါတယ်။ နှစ်ဦးနှစ်ဖက်လုံးက ငြိမ်းချမ်းရေးကို အမှန်လို လားပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်ဖွယ်ဖြစ်အောင် နေထိုင်ပြုမှုကြဖို့လည်း လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး စကား ပြောနေချိန်မှာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တဲ့ လုပ်ရပ်တွေကို မလုပ်မိ ကြဖို့ အရေးကြီး ပါတယ်။ ဒါမှလည်း မိမိတို့လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့လမ်းကို ယုံကြည်မှု (Belief) ရှိလာပါမယ်။ ကိုယ့်လုပ်ရပ် အပေါ် ယုံကြည်မှု (Belief)ဟာ အရေးကြီးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု (Confidence) မရှိရင် Belief ဆိုတာမဖြစ်လာနိုင်ပါ။ ဒီလိုဆိုရင် သူတစ်ပါးကို ယုံကြည်မှု (Trust)ဟာ သိပ်ကိုခက်ခဲသွား ပါလိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးစဉ်မှာ စစ်အင်အား တိုးချဲ့တာတွေက ယုံကြည်မှု ပျက်ပြားစေ တဲ့အတွက် အပြန်အလှန်ယုံကြည်မှု အားနည်းနေကြ တာ တွေ့နေရပါတယ်။ အဓိကပြောင်း လဲမှု (Change)တိုင်းမှာ စွန့်စွားမှု (Risk) အနည်းအများပါရှိ စမြဲဖြစ်တယ် ဆိုပေမယ့် မိမိ သဘောထား ရပ်တည်မှု မှန်ကန် ရိုးဖြောင့်ရင် ရဲရဲတင်းတင်း လက်ဆွဲနှုတ် ဆက်လိုက်ယုံ ပါပဲ။ အောင်မြင်သွားမှာပါ။
ပြည်သူလူထုကြီးက အမှန်တကယ် လိုလားနေတာ ထာဝရငြိမ်းချမ်းရေးပါ။ ထာဝရ ငြိမ်းချမ်းရေးရမှသာ ရေရှည်ဖွံ့ဖြိုးရေးဆိုတဲ့ အာမခံချက်ကိုပေးနိုင်မှာ ဖြစ်တာနှင့် အညီ ပြည်သူလူထုက နှစ်ဘက် စလုံး ကို စောင့်ကြည့်နေတယ်ဆိုတာ ဂရုပြုသင့်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း က၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့တဲ့ ဖဆပလ အစည်း အဝေးမှာ လူထုကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပြောကြားခဲ့သော မှတ်သားစရာ စကားတစ်ခွန်း ဖြစ်တဲ့ “ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ၊ ရာဇ၀င်ထဲ အရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေ လား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်” ဆိုတဲ့စကားကို ငြိမ်းချမ်းရေး ကိုဖော်ဆောင်နေ ကြတဲ့ နှစ်ဘက်သော ပုဂ္ဂိုလ်ကြီးတွေ သတိချပ်ကြဖို့ အထူးလိုအပ် ပါလိမ့်မယ်။ ဗိုလ်ချုပ် ကို တစ်တိုင်း ပြည် လုံးက ကြည်ညိုလေးစားခဲ့ကြပေမယ့် ဗိုလ်ချုပ်ရဲ့ စကားကိုတော့ ခုထိနား မထောင် နိုင်ကြသေးတာ၊ ဗိုလ်ချုပ်လိုစိတ်ဓာတ် မမွေးနိုင်ကြသေးတာ အလွန်ဝမ်းနည်းစရာပါ။ ညီညွှတ်ရေး ရှိမှ ပြန်လည် ထူထောင်ရေး လုပ်နိုင်မယ်။ ဒါမှ ကိုယ့် တိုင်းပြည် အောက်ကျနောက်ကျ မဖြစ်မှာ လို့လည်း အခါခါပြောခဲ့ ဖူးတယ် ဆိုတာတွေ ကိုလည်း ပြန်လည်ဖော်ထုတ်ပေးပါရစေ။
ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အရှေ့အာရှနိုင်ငံများဟာ အရေးပါလာခဲ့ပါ တယ်။ Land Theory အရ မြန်မာနိုင်ငံဟာ မဟာဗျူဟာကျပြီး အရေးပါတဲ့နိုင်ငံဖြစ်တာနှင့်အညီ အာရှအင်အားကြီးနိုင်ငံ များနှင့်နီးကပ်ပြီး ဖွံ့ဖြိုးမှုအလျင်မြန်ဆုံး တံခါးပေါက် ဖြစ်နေတာဟာ မြန်မာနိုင်ငံကို အာရှအင်အား ကြီးနိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အခွင့်အလမ်းကောင်းတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် အာရှအင်အား ကြီး နိုင်ငံ တစ်ခု ထပ်မံပေါ်ပေါက်မလာအောင်နှင့် သူတို့အကျိုးစီးပွားကာကွယ်နိုင်ဖို့ အတွက် ၄င်းတို့အလို ကျလိုက် ပါနိုင်မယ့်နိုင်ငံငယ်တစ်ခုဖြစ်အောင်သာ အင်အားကြီးနိုင်ငံများကနည်းမျိုး စုံနဲ့ ချဉ်းကပ်နေတာဟာ “နွားကွဲရင် ကျားဆွဲမယ်” ဆိုတဲ့ စကားပုံကို အမှတ်ရပြီး သတိချပ်စရာပင် မဟုတ်ပါလော။
တိုင်းပြည်သာ အမှန်တကယ် တည်ငြိမ်အေးချမ်းမှုရရှိနေပြီး စနစ်ကျတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ကို လျှောက်လှမ်းနိုင်ပါက မြန်မာနိုင်ငံရဲ့ အနေအထားအရ အာရှမှာ အင်အားကြီးနိုင်ငံအဖြစ် အရှိန်အ ဟုန်နှင့် ဖြစ်ပေါ်လာနိုင်တာ ငြင်းနိုင်ဖွယ်ရာ အချက်မဟုတ်ပါ။ အဲ့ဒီလို တိုးတက်ဖြစ်ပေါ်လာ တဲ့ နိုင်ငံတော်ကြီးကို လုံခြုံစိတ်ချစွာကာကွယ်နိုင်ဖို့အတွက် ယှဉ်တွဲပြီး လိုအပ်နေတဲ့အချက်က တပ်မတော် ရဲ့ အခန်းကဏ္ဍပင် ဖြစ်ပါတယ်။ နိုင်ငံတကာစံနှုန်းများအရ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် တစ်ခုပဲရှိရမည် ဆိုတာ လက်ခံရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ တစ်ပါးသူကို ရန်စကျူးကျော်ရန် မရည်ရွယ်သော် လည်း နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားကို ထိပါး လာလျှင်မူ လိုအပ်သလိုတုံ့ပြန် ကာကွယ် သွားရန် တပ်မတော်အင်အားရှိဖို့ အရေးကြီးပါတယ်။ နိုင်ငံတော် ၏ အဆင့်နှင့် ပုံရိပ်ညီမျှသော အဆင့်မီ တပ်မတော်ရှိနေမှသာ ရန်စကျူးကျော် လိုသူများ အတွက် အဟန့် အတားတစ်ရပ်ဖြစ်ပေါ်စေသလို ကျရောက် လာသည့် ရန်ကိုလည်း ထိရောက်စွာ ကာကွယ် တွန်းလှန်နိုင် မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း က လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှ င့် ပြန်လည်ထူထောင်ရေး မိန့်ခွန်းတွေပြောတိုင်း စစ်တပ်ရဲ့ အခန်း ကဏ္ဍကို အမြဲထည့်ပြောလေ့ရှိတာကို မမေ့ပျောက်သင့်ကြပေ။ ထိုကြောင့် ပုဂ္ဂိုလ်စွဲ၊ အာဃာတစွဲတို့ကို ဘေးဖယ်ပြီး အမျိုးသား အကျိုးစီးပွားနှင့် ယှဉ်၍ သုံးသပ်နိုင်ကြ ရမှာဖြစ်ပါတယ်။
နိုင်ငံရေး၊လူမျိုးရေးခံစားချက်တွေနဲ့လက်နက်စွဲကိုင်လာခဲ့ကြတဲ့တိုင်းရင်းသားတပ်တွေဟာလည်းငြိမ်းချမ်းရေးရလျှင်ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင်တွေလုပ်တဲ့ နိုင်ငံတကာစံနှုန်းတွေအတိုင်းတပ်များ ဖျက်သိမ်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်းနှင့် ပြန်လည်နေရာချထားရေး(DDR) လုပ်ငန်းစဉ်တွေကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်ရေး မဖြစ်မနေ ဆောင်ရွက်ကြရပါဦးမယ်..။ သို့မှသာ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အမှန်တကယ် ငြိမ်းချမ်းရေးအခြေအနေ ရောက်ရှိနိုင်ပါလိမ့်မယ်။ ဤသို့မဟုတ်လျှင် အချိန်မရွေး ပေါက်ကွဲ နိုင်သော အခြေအနေတွင် တည်ရှိနေပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးခံစားခွင့်ကိုရရှိနိုင်မည် မဟုတ်ပါ။
နိုင်ငံတကာစံနှုန်းများအရ တရားဝင်မှု (Legitimacy)ရှိသော အာဏာရအစိုးရသည် အသာစီးရှိသည် မှန်သော်လည်း ပဋိပက္ခဖြေရှင်းနည်းအဆင့်များအတိုင်း ပဋိပက္ခကို ခွဲခြမ်းစိတ်ဖြာနားလည်ခြင်း၊ မဟာဗျူဟာ ရေးဆွဲခြင်းနှင့်ဆွေးနွေးညှိနှိုင်းခြင်း အဆင့်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သလိုတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ပြောကြားချက်များအတိုင်း လက်တွေ့လုပ်ဆောင် ချက် များနှင့် သက်သေပြနေရမှာဖြစ်ပါတယ်။
နိုင်ငံရေးအန္တိမရည်မှန်းချက် (political End)သည် ပြည်သူ များ၏ ဆန္ဒ(Public Opinion) ဖြစ်သော ထာဝရငြိမ်းချမ်းရေးဖြစ်သည့်အတွက် တွဲမည့်လက်များတွင် ယုံကြည်မှု အပြည့်ရှိရန် အရေးကြီးသည်နှင့် အညီ ယုံကြည်မှုသည်သာ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု တို့အတွက် အခြေခံဖြစ်သော စည်းလုံး ညီညွှတ်မှုကို ဆက်လက်ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်..။ အာဃာတတရားများ ဖြေဖျောက်ကာ သံသယ စိတ်များ ကင်းကွာမှ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးရလာဒ် လုပ်ငန်းစဉ် များကို ခံစားနိုင်မှာပါ။ သို့အတွက်ကြောင့် ပြည်သူ့ဆန္ဒရည်မှန်းချက်များ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် မှန်ကန်သော သဘောထား ရပ်တည်ချက်များနှင့် ထိရောက်သော လက်တွေ့ဆောင်ရွက်ချက်များ အကောင်အထည်ဖော်နိုင်ကြ ပါစေကြောင်း . . .။
လေးစားလျှက်
ထက်ယံ