Tuesday, October 8, 2013

အကြမ်းဖက်ဝါဒ၊ ဒီမိုကရေစီနှင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး

,

အီရတ် စစ်ပွဲတွင် အခြေအနေ မကောင်းသဖြင့် အကျပ် ရိုက်နေသော ဘုရှ် အစိုးရသည် အရှေ့ အလယ်ပိုင်း ဒေသ ဆိုင်ရာ အရေးကြီးသည့် နောက်ထပ် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ် ခဲ့ပြန်သည်။ ဘုရှ် အစိုးရက ဆော်ဒီ အာရေ ဘီးယားနှင့် ကျန်ပင်လယ်ကွေ့ ငါးနိုင်ငံသို့ ဒေါ်လာ ဘီလီယံ ၂ဝ တန်ဖိုးရှိ စစ်ပစ္စည်းများ ရောင်းချမည့် အစီအစဉ်ကို ထုတ်ဖော် ကြေညာ သကဲ့သို့ လာမည့် ဆယ်နှစ် အတွင်း အစ္စရေး နိုင်ငံသို ဒေါ်လာ ၃ဝ ဘီလီယံနှင့် အီဂျစ် နိုင်ငံသို့ ဒေါ်လာ ၁၃ ဘီလီယံ စစ်ရေး အကူအညီ ပေးမည့် သဘော တူညီချက် များကိုလည်း ထုတ်ပြန် ကြေညာ ခဲ့သည်ကို တွေ့ရသည်။
ဘုရှ်အစိုးရ တာဝန် ရှိသူ တစ်ဦးက ပင်လယ်ကွေ့ ဒေသရှိ အမေရိကန် တို့၏ အဓိက မဟာမိတ်များ ဖြစ်သည့် ဆော်ဒီ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာနှင့် ဘာရိန်းတို့ကို လက်နက်များ ရောင်းချ ပေးခြင်းသည် အီရန်၏ ရန်စ ကျူးကျော်မှုမှ ကာကွယ် နိုင်စွမ်းရှိရန် အတွက် ဖြစ်သည်ဟု ကာကွယ် ပြောကြား ခဲ့သည်ကို တွေ့ရ၏။ ထိုအရာရှိကြီး ကပင် လက်နက် ရောင်းချမှုနှင့် အစ္စရေးနှင့် အီဂျစ်သို့ စစ်ရေး အကူအညီ ပေးမှုသည် အမေရိကန် တို့၏ ဒေသ ဆိုင်ရာ လုံခြုံရေး မဟာဗျူဟာ၏ အစိတ် အပိုင်း တစ်ရပ် ဖြစ်သည်ဟု ဆိုခဲ့သည်။ သို့သော် အမေရိကန် တို့၏ လက်နက် ရောင်းချမှုနှင့် စစ်ရေး အကူအညီ ပေးမှုများသည် အမေရိကန်တို့ လိုချင် နေသည့် ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံမှုကို ရရှိအောင် အထောက်အကူ ပေးနိုင်ခြင်း ရှိမရှိမှာမူ မေးခွန်းထုတ် စရာပင် ဖြစ်သည်။

အရှေ့ အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး

သမ္မတ ဘုရှ် အစိုးရသည် အရှေ့ အလယ်ပိုင်းက ပါလက် စတိုင်း ပြဿနာသည် အစ္စလမ် ဝါဒီ အစွန်းရောက် အဖွဲ့များ အတွက် စည်းရုံးရေး လက်နက်ကောင်း ဖြစ်နေ သည်ကို သတိပြု မိခဲ့သည်။ ထို့ကြောင့်လည်း ၂ဝဝ၂ ခုနှစ် ကပင် ပါလက်စတိုင်း ပြဿနာ ဖြေရှင်း နိုင်ရေး အတွက် နှစ်နိုင်ငံမူဝါဒ (Two State Solution) ကို ချပြခဲ့သည်။ ထိုမူဝါဒ အရ အစ္စရေး အနေဖြင့် ပါလက် စတိုင်း နယ်မြေ များတွင် နောက်ထပ် မြို့သစ် ရွာသစ်များ တည်ထောင်ပြီး အစ္စရေး လူမျိုး များကို နေရာချ နေခြင်းကို ရပ်တန့် ရမည် ဖြစ်သကဲ့သို့ ဂျော်ဒန်မြစ် အနောက် ဘက်ကမ်းတွင် တရားမဝင် ဝင်ရောက် နေထိုင် သူများကိုလည်း ဖယ်ရှား ပေးရမည် ဖြစ်သည်။ အပြန်အလှန် အားဖြင့် ပါလက် စတိုင်းတို့က အစ္စရေး နိုင်ငံ၏ လုံခြုံရေးကို အာမခံ ရမည် ဖြစ်သည်။ ဤအဆိုပြု ချက်သည် အခြေခံ အားဖြင့် ကောင်းမွန် သော်လည်း ဘုရှ်အစိုးရ အနေဖြင့် ထိုသဘော တူညီချက်ကို အကောင် အထည်ဖော် နိုင်အောင် အစ္စရေး တို့အပေါ် လိုအပ်သော တွန်းအားပေး မှုများ ပြုလုပ်ရန် ပျက်ကွက် ခဲ့သကဲ့သို့ ပါလက်စတိုင်း ရွေးကောက်ပွဲ များတွင် အနိုင်ရခဲ့သော ဟာမားစ် အဖွဲ့ကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်အောင် သိမ်းသွင်းရန် ပျက်ကွက် ခဲ့သည်။
အထူးသဖြင့် ဂါဇာဒေသ အတွင်း တိုက်ခိုက်မှု များနှင့် လက်ဘနွန် စစ်ပွဲ အတွင်းတွင် အမေရိကန် နိုင်ငံက အစ္စရေး နိုင်ငံအပေါ် တစ်ဘက်သတ် မျက်စိ စုံမှိတ် ထောက်ခံ ခဲ့မှုများ ကြောင့် ပါလက်စတိုင်း ပြည်သူများ ကရော အာရပ်ကမ္ဘာ ကပါ အမေရိကန် တို့ကို အရှေ့ အလယ်ပိုင်း ပြဿနာတွင် သမာဓိ ဒိုင်လူကြီး အဖြစ် လက်မခံ နိုင်ဘဲ ဖြစ်နေခဲ့ ရသည်။
ယခု အချိန်တွင် ပါလက်စတိုင်း နယ်မြေသည် ဟားမာစ် အုပ်ချုပ်သော ဂါဇာ ဒေသနှင့် ဖာတာ အဖွဲ့ အုပ်ချုပ်သော အနောက်ဘက် ကမ်းဒေသဟု နှစ်ပိုင်း ကွဲနေပြီ ဖြစ်သည်။ ဟားမားစ် အဖွဲ့နှင့် အစ္စရေးကြား ရရှိ ထားသော အပစ်အခတ် ရပ်စဲရေး မှာလည်း ပျက်ပြား သွားပြီ ဖြစ်သည်။ ဘုရှ်ကမူ ၎င်း၏ အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းသည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး ရိုက်စ်ကို အရှေ့ အလယ်ပိုင်း ဒေသသို့ ပြန်လည် စေလွှတ်ပြီး နိုင်ငံတကာ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ လယ်က ကြေညာ ခဲ့သည်။ ဘုရှ်၏ အစီအစဉ်မှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဂါဇာေ ဒသကို ဘေးဖယ် ထားပြီး ဖာတာအဖွဲ့ အုပ်ချုပ်သည့် အနောက်ဘက် ကမ်းနှင့် အစ္စရေးကြား တွင်သာ ငြိမ်းချမ်းရေး အရင် ရရှိအောင် ရည်ရွယ် ဆောင်ရွက်ရန် ဖြစ်၏။ ဘုရှ်က ငြိမ်းချမ်းရေး အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် အနောက်ဘက် ကမ်းဒေသသို့ စီးပွားရေး အကူအညီ ဒေါ်လာ သန်းနှစ်ရာနှင့် သမ္မတ အဘားစ်၏ လုံခြုံရေး တပ်ဖွဲ့များသို့ ဒေါ်လာ သန်း ၈ဝ အကူအညီ ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်း ခဲ့သည်။ ဘုရှ် အနေဖြင့် အနောက်ဘက် ကမ်းတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ရအောင် လုပ်ပြ ခြင်းဖြင့် ဂါဇာ ဒေသ ပြည်သူ များက ဟားမားစ်တို့ကို ဖယ်ရှားပြီး အဘားစ်၏ အုပ်ချုပ်မှု အောက်သို့ ပြန်လာ လိမ့်မည်ဟု မျှော်မှန်း ထားပုံ ရသည်။
သို့သော် နိုင်ငံတကာ ကမူ ဘုရှ်၏ ငြိမ်းချမ်းရေး အဆိုပြုချက်ကို သံသယဖြင့် စောင့်ကြည့် နေသည်ကို တွေ့ရသည်။ အီတလီ နိုင်ငံခြားရေး ဝန်ကြီး မက်ဆီမို ဒီအလီမာက ဟားမားစ်တို့ကို အထီးကျန် ထား၍မရ နိုင်ကြောင်း၊ ဟားမားစ် တို့ကို ပါလက်စတိုင်း ပြည်သူတို့က ဒီမိုကရေစီ နည်းကျ ရွေးကောက် ထားသည်ကို ထည့်သွင်း စဉ်းစား ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဝါရှင်တန် အခြေစိုက် အာရပ် အမေရိကန် လေ့လာရေး အဖွဲ့မှ ဂျိမ်းဇိုဘီကမူ ဘုရှ် အစိုးရသည် လွန်ခဲ့သော ငါးနှစ်ခန့်က လုပ်သင့် သည်ကို အခုမှ လာလုပ် နေသဖြင့် နောက်ကျ သွားခဲ့ပြီ ဖြစ်ကြောင်း၊ အခြေအနေ မှန်ကို လျစ်လျူရှုပြီး ဝါဒစွဲ၊ ဆန္ဒစွဲဖြင့် လုပ်လေ့ ရှိသည့် ဘုရှ်အစိုးရ ၏ နောက်ထပ် အမှားတစ်ခုသာ ဖြစ်ကြောင်း ပြောဆို ခဲ့သည်ကို တွေ့ရသည်။

အာရပ်ကမ္ဘာအတွက် ဒီမိုကရေစီလက်ဆောင်

သမ္မတဘုရှ်၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် အဓိက သော့ချက်မှာ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ စနစ် ထွန်းကားအောင် အားပေးရန် ဖြစ်သည်ဟု ဘုရှ်၏ ၂ဝဝ၂ ခုနှစ် အမျိုးသား လုံခြုံရေး မဟာ ဗျူဟာတွင် ဖော်ပြ ထားခဲ့သည်။ ဘုရှ်က ဒီမို ကရေစီ နိုင်ငံတွင် အကြမ်းဖက် သမားများ အခြေခံ မခံ နိုင်ဟု ဆို၏ ထိုအယူအဆ အရပင် အာရပ် ကမ္ဘာတွင် ဒီမို ကရေစီ စနစ် ထွန်းကားအောင် ဆောင်ရွက် ပေးခြင်းဖြင့် အရှေ့ အလယ်ပိုင်းတွင် အကြမ်းဖက် ဝါဒ အခြေမခံ နိုင်အောင် လုပ်ဆောင် ရမည်ဟု ကောက်ချက် ဆွဲခဲ့ခြင်း ဖြစ်သည်။
ထိုကောက်ချက် ကြောင့်ပင် အီရတ် နိုင်ငံတွင် ဆဒမ်ကို ဖြုတ်ချပြီး အရှေ့ အလယ်ပိုင်းတွက် စံပြ ဒီမိုကရေစီ နိုင်ငံ အဖြစ် ထူထောင်ရန စီမံ ခဲ့ကြခြင်း ဖြစ်ပေသည်။ တစ်ချိန်တည်း၌ပင် ဘုရှ်အစိုးရသည် အီဂျစ်၊ ဆော်ဒီ အာရေဗီးယား နှင့် ဒေသတွင်းရှိ ပင်လယ်ကွေ့ နိုင်ငံ များတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်ရန် တိုက်တွန်း မှုများ ပြုလုပ် ခဲ့ကြသည်။ သို့သော် ထိုဒီမို ကရေစီ စိတ်ကူးယဉ် အိမ်မက်က အီရတ် နိုင်ငံတွင် အခြေအနေများ ယိုယွင်း ပျက်စီး လာမှုနှင့် အတူ လွင့်မျော ပျောက်ကွယ် သွားပြီ ဖြစ်သည်။ ၂ဝဝ၃၊ ၂ဝဝ၄ ခုနှစ်များ ဆီက ပြုပြင် ပြောင်းလဲရေး လုပ်တော့ မယောင် လေသံပစ် နေသော အာရပ် နိုင်ငံများ သည်လည်း ပိုနေမြဲ ကျားနေမြဲ ဘဝသို့ ရောက်သွား ပြီဖြစ်သည်။
ထို့အတူ အမေရိကန် တို့သည်လည်း အရှေ့ အလယ်ပိုင်းတွင် အမေရိကန်၏ အမျိုးသား အကျိုး စီးပွားကို အထောက် အကူ ပြုသည့် နိုင်ငံ အားလုံးကို မိတ်ရင်း ဆွေရင်းများ အဖြစ် သတ်မှတ်ပြီး အကူအညီ ပေးလျှက် ရှိနေပြီ ဖြစ်သည်။ ထို အကူအညီများ ပေးရာတွင် ဒီမို ကရေစီနှင့် လူ့အခွင့် အရေးတို့နှင့် ပတ်သက်သည့် စံချိန်၊ စံညွှန်းများ ကိုလည်း ထည့်သွင်း စဉ်းစားမှု အလျင်း မရှိတော့ပေ။
United States Institute for Peace သုတေသန အဖွဲ့မှ ထုတ်ဝေသည့် စာတမ်းတွင်မူ အမေရိကန် အနေဖြင့် သူပြောတာ လုပ်မယ့် မဟာမိတ် ဆိုရင် အဲဒီ အစိုးရ ဘာလုပ်နေနေ ထောက်ခံမှု ပေးသည့်မူကို ကျင့်သုံး နေခြင်း ကြောင့် အာရပ် ကမ္ဘာတွင် မကျေနပ် မှုများ၊ အစွန်းရောက် အတွေး အခေါ်များ ပိုမို တိုးပွား စေသည်ဟု ဆိုပါသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ နှစ်စဉ် ထုတ်ပြန်သည့် လူ့အခွင့်အရေး၊ ဘာသာရေး၊ လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ များတွင် အီဂျစ်၊ တူနီးရှား၊ အယ်ဂျီး ရီးယား၊ ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ယူအေအီး၊ ကူဝိတ် စသည့် နိုင်ငံများနှင့် ပတ်သက်သည့် ချိုးဖောက်မှု များကို မလွှဲ မရှောင်သာ ခပ်ပါး ပါးလေး ဖော်ပြလေ့ ရှိသော်လည်း အခြား နိုင်ငံများ အပေါ် ချမှတ်လေ့ ရှိသည့် ဒဏ်ခတ် ပိတ်ဆို့မှုများ၊ အရေးယူ မှုများကို ဆောင်ရွက်ရန် အတွက် လေသံမျှ မဟ ထားသည်ကို တွေ့ရသည်။ သို့သော် အမေရိကန်က ရန်သူအဖြစ် သတ်မှတ် ထားသော ဆီရီးယား၊ အီရန် စသော နိုင်ငံတွေ မှာမူ ဝေဖန်မှုရော ပြစ်ဒဏ် ချမှတ်ပါ ယှဉ်တွဲ ခံနေရ ပေသည်။
အဆိုးဆုံးမှာ အစ္စရေး နိုင်ငံနှင့် ပတ်သက်သည့် အမေရိကန် မူဝါဒ ဖြစ်သည်။ အစ္စရေး နိုင်ငံ၏ လူတစ်ဦးချင်း ဝင်ငွေ သည် စပိန်၊ တောင်ကိုရီးယား တို့နှင့် တန်းတူ ရှိသည့်တိုင် အစ္စရေး နိုင်ငံသည် အမေရိကန် ထံမှ အကူအညီ အများဆုံး ရရှိ နေသည့် နိုင်ငံ ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်နှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ဒေါ်လာ သုံး ဘီလီယံ အကူအညီ ရရှိလျှက် ရှိသည့် အပြင် အခြား ကုန်သွယ်မှု အခွင့်အရေး များကိုလည်း ရရှိ ခဲ့သည်။ ထို့ပြင် အမေရိကန် သည် အစ္စရေးတို့က ပါလက် စတိုင်းနှင့် လက်ဘနွန် တို့အပေါ် ပြုလုပ်ခဲ့သည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် ပတ်သက်ပြီး ကုလ သမဂ္ဂမှ အရေးယူ ဆောင်ရွက်ရန် မဆိုထားနှင့် ဝေဖန် ရှုံ့ချသည့် ဆုံးဖြတ်ချက် ကိုပင် ချမှတ်ခြင်း မပြုနိုင်အောင် ဗီတို အာဏာသုံးပြီး အကာကွယ် ပေးထား ခဲ့ပေသည်။
ထိုကဲ့သို့ အစ္စရေး နိုင်ငံနှင့် အာရပ် အာဏာရှင် နိုင်ငံများ၊ ပင်လယ်ကွေ့ သက်ဦး ဆံပိုင် ဘုရင့် နိုင်ငံများ အပေါ် တစ်ဘက်သတ် ထောက်ခံ နေခြင်းကြောင့် အမေရိကန် တို့သည် ဒီမို ကရေစီနှင့် လူ့အခွင့် အရေးနှင့် ပတ်သက် လာလျှင် လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒကို ကျင့်သုံး နေသည် ဆိုသည့် စွတ်စွဲချက် များလည်း ပေါ်ထွက်လာ ခြင်း ဖြစ်သည်။ အရှေ့ အလယ်ပိုင်း ဒေသ ဆိုင်ရာ ကျွမ်းကျင်သူ နီးလ်ဟစ်ခ်က အမေရိကန် တို့၏ မူဝါဒ ကြောင့် ပါလက်စတိုင်း ပြည်သူ များနှင့် အာရပ် ပြည်သူများ အတွင်း အပြောင်း အလဲများ ပေါ်ပေါက် စေရန် အတွက် အကြမ်းဖက် မှုကိုသာ ကျင့်သုံးရမည် ဆိုသည့် အစွန်းရောက် အတွေး အခေါ်များ ပေါ်လာ ခဲ့ကြောင်း၊ ထို့အပြင် အမေရိကန် တို့၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲနှင့် ဒီမို ကရေစီရေး လှုပ်ရှား မှုများကို အစ္စလမ် ဘာသာကို နှိပ်ကွပ်ရန် လှုပ်ရှားမှု အဖြစ် ရှုမြင်လာ စေကြောင်း၊ ထိုအချက် နှစ်ချက်သည် အယ်လ်ကေဒါ ကဲ့သို့သော အစွန်းရောက် အစ္စလာမ် အဖွဲ့အစည်း များအတွက် အကောင်းဆုံး စည်းရုံရေး လက်နက်ပင် ဖြစ်ကြောင်း ဝေဖန် သုံးသပ် ပြခဲ့သည်။ ထို့ကြောင့် ဘုရှ်၏ အာရပ် ကမ္ဘာတွင် ဒီမိုကရေစီ ထွန်းကား စေခြင်းဖြင့် အကြမ်းဖက် ဝါဒကို တိုက်ဖျက်မည် ဆိုသည့် အယူအဆ သည်လည်း ဆေးအတွက်လေး နေရသည့် အခြေအနေသို့ ရောက်နေပြီ ဟု ဆိုရပေမည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး

ဘုရှ် အနေဖြင့် အာရပ် ကမ္ဘာတွင် ဒီမိုကရေစီ ထွန်းကားရေးကို လက်တွေ့ ဆောင်ရွက် သည့်တိုင် နေ့ချင်း ညချင်း ဒီမို ကရေစီ စနစ် ခိုင်ခိုင် မာမာ ပေါ်ပေါက် လာမည်ဟု မျှော်လင့်ရန် မဖြစ်နိုင်ပေ၊ အုပ်စိုးသူ အစိုးရ တစ်ခုကို ဖြုတ်ချ ရုံဖြင့် ဒီမိုကရေစီ စနစ် ပေါ်ထွန်း မလာနိုင် သည်ကို အီရတ် နိုင်ငံက သင်ခန်းစာ ပေးခဲ့ပြီး ဖြစ်ရာ မည်သည့် အာရပ် ပြည်သူကမျှ ၎င်းတို့ နိုင်ငံကို နောက်ထပ် အီရတ် နိုင်ငံ အဖြစ် ခံလိုကြမည် မဟုတ်ပေ။ ထို့ကြောင့် အမေရိကန်တို့ အနေဖြင့် အာရပ် နိုင်ငံများတွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် တရားရေး ဆိုင်ရာ အခြေခံ အဆောက် အအုံများကို စွမ်းရည် မြင့်မား စေရန်နှင့် ခိုင်မာ စေရန်ကိုသာ ဦးစားပေး လုပ်ဆောင် ရမည် ဖြစ်သည်။ သို့မှသာ အာရပ် ပြည်သူများ အနေဖြင့် ငြိမ်းချမ်းစွာ တစ်ဆင့်ပြီး တစ်ဆင့် အသွင် ကူးပြောင်း နိုင်သည့် အခွင့်အရေး ကိုရရှိမည် ဖြစ်၏။ ထိုသို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် နိုင်မှသာ အာရပ် လူ့အဖွဲ့ အစည်းအတွင်း နှစ်ပေါင်း များစွာ ရှိနေခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အရ ကွဲပြား ခြားနားမှု များကို စေ့စပ် ဆွေးနွေး ဖြေရှင်း သွားနိုင်ခွင့် ရရှိမည် ဖြစ်သည်။
သမ္မတ ဘုရှ် မကြာခဏ ရည်ညွန်း ပြောဆိုခဲ့ သကဲ့သို့ပင် အကြမ်းဖက် ဝါဒီများ အခြေမခံ နိုင်ရန် အတွက် အရှေ့ အလယ်ပိုင်း ဒေသတွင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု ရှိအောင် ဆောင်ရွက် ရမည် ဆိုသည်မှာ မှန်ကန် ပေသည်။ သို့သော် ထိုရည်မှန်းချက် ရရှိစေရန် အတွက် ဘုရှ် ကျင့်သုံးခဲ့သည့် မူဝါဒ များမှာမူ ယခု အချိန်ထိ ခုတ်ရာ တစ်ခြား၊ ရှရာ တစ်ခြား ဖြစ်နေ ဆဲဟုပင် ဆိုရပေမည်။ ထိုကဲ့ သို့သော အချိန်တွင် သက်ဦး ဆံပိုင် စနစ်ဖြင့် အုပ်ချုပ် နေသော ပင်လယ်ကွေ့ နိုင်ငံများသို့ ဘီလီယံ နှင့်ချီသည့် စစ်ပစ္စည်းများ ရောင်းချခြင်း၊ အစ္စရေး နိုင်ငံသို့ ဘီလီယံနှင့် ချီသည့် စစ်ရေး အကူ အညီများေ ပးခြင်းသည် ဘုရှ် ဖြစ်စေခြင်သော အေးချမ်း တည်ငြိမ်သည့် အရှေ့ အလယ်ပိုင်း ဒေသ ဖြစ်ပေါ် စေရေးတွင် အထောက်အကူ ဖြစ်စေ လိမ့်မည် မဟုတ်သည်မှာ သေချာ လှပါသည်။ အကယ်၍ ထိုငွေပမာဏ၏ အစွန်းထက် မျှလောက် ကိုသာ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် အခြေခံ အဆောက် အအုံ တည်ဆောက်မှု တို့အတွက် အကူအညီ ပေးပြီး ပါလက်စတိုင်း ပြဿနာတွင် ဘက်မလိုက် ပဲ ဖြေရှင်း ပေးခြင်း ကသာ ဘုရှ်၏ ရည်မှန်းချက် အောင်မြင်ရေးကို အထောက်အကူ ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။
ထိုသို့ မဟုတ်လျှင်မူ အရှေ့ အလယ်ပိုင်း ပြဿနာ များသည် အမေရိကန် တို့၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲ အောင်မြင် ရေးတွင် အကြီးမား ဆုံးသော အခက်အခဲ အဖြစ်နှင့် ဆက်လက် ရှိနေမည်သာ ဖြစ်ပေသည်။
ရဲထွဋ်
International Eleven: 16-7-2007
မှီငြမ်းပြုစာစောင်များ
၁။
   
Democracy in the Arab World, a U.S. Goal, Falters By HASSAN M. FATTAH, New York Time, 10-4-2006
၂။
   
Islam and Democracy, United State Institute of Peace, 2006
၃။
   
New Bush Initiative Met with Scepticism, PS News, 16-7-2007
၎။
   
U.S. Plans New Arms Sales to Gulf Allies , Washington Post 28.7.2007

0 comments to “ အကြမ်းဖက်ဝါဒ၊ ဒီမိုကရေစီနှင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး”

Post a Comment