နေပြည်တော် အောက်တိုဘာ ၇
လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်(၈) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ ပညာရေးဖောင်ဒေရှင်းတို့မှ ပုဂ္ဂိုလ်များ၊ အမျိုးသား အကြံပေးပညာရှင်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၊ ပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌-
♦ မိမိတို့ အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစပြီး ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး အတွက် သိသာထင်ရှားသော နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ် များ ချနိုင်ရန် ကြိုးစားအားထုတ်ခဲ့ပါကြောင်း၊ လိုအပ်သော အခြေခံအုတ်မြစ်များ ခိုင်ခိုင်မာမာ ချမှတ်နိုင်ရန်လည်း ပြုပြင်ပြောင်းလဲမှုများကို အစွမ်းရှိသမျှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများလည်း ပါဝင်ခဲ့ပါကြောင်း၊ မည်သည့် အတွက် ပြောင်းလဲသည်ဟုဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် လုံးဝ အမှီသဟဲပြုနေ၍ပင် ဖြစ်ပါကြောင်း၊ ထို့အတူ ပညာရေးသည် နိုင်ငံနှင့် လူမျိုး၏ အသက်ဝိဥာဉ်၊ ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်ငြိမ် အေးချမ်းမှု၏ ဗဟိုဖြစ်ကြောင်းကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် ခံယူထား၍ ဖြစ်ပါကြောင်း။
♦ ပညာရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍသာမက အဆင့်မြင့်ပညာကဏ္ဍမှာပါ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အခြေခံပညာရေးတွင် မသင်မနေရ မူလတန်း ပညာရေးအစီအစဉ်ကို အစပျိုးဆောင်ရွက်ခြင်း၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ခြင်း၊ ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ကျောင်းအဆင့်များ တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ပညာရေးမှူးရုံး ဖွဲ့စည်းပုံအင်အား တိုးချဲ့ခြင်း၊ ဆရာ၊ ဆရာမများအား ပညာရှင် အဆင့်တိုးမြှင့်ပေးခြင်း၊ ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှုပုံစံဖြင့် လေ့ကျင့် သင်ကြားပေးရန် ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် ပညာရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
♦ ထို့အတူ အဆင့်မြင့်ပညာကဏ္ဍတွင်လည်း နိုင်ငံတကာ အဆင့်မီစေမည့် Quality Assurance စနစ် တည်ထောင်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်သော ကွန်ရက်များ မြှင့်တင် ဆောင်ရွက်ခြင်း၊ သင်ကြားရေးမဟာဌာနများ ဖွဲ့စည်းခြင်း၊ အလယ်အလတ် ကျွမ်းကျင်သူ ပညာရှင်များကို အချိန်တိုအတွင်း မွေးထုတ်ရန် အခြားဝန်ကြီးဌာနများ၊ ပြင်ပလုပ်ငန်းရှင်များနှင့် တက္ကသိုလ်များ ပူးပေါင်း၍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု သင်တန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်း၊ ပညာသင်ဆုများ ချီးမြှင့်၍ ထူးချွန်ပညာရှင် မွေးထုတ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး စနစ်ပြင်ဆင်ရန် ဆောင်ရွက်နေခြင်း၊ တက္ကသိုလ်ပညာရပ် ဝန်းကျင်ကောင်း ဖန်တီးခြင်း၊ တက္ကသိုလ်ပညာရေးတွင် အကျုံးဝင်ကြသော စီမံခန့်ခွဲ သူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ၏ အရည်အသွေး မြှင့်တင်ခြင်း၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်လာနိုင်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် အင်္ဂလိပ်စာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေပညာနှင့် စီးပွားရေးပညာ ဘာသာရပ်များ သင်ကြားမှုမြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်နေပါကြောင်း။
♦ ထို့အတူ နိုင်ငံသားများ၏ စာရိတ္တကြံ့ခိုင်ရေးအတွက် စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ် ကိုလည်း အခြေခံပညာအတန်းအားလုံးတွင် သင်ကြားပေးနေပါကြောင်း၊ ထိုသို့ သင်ကြား ပေးရာတွင် သင်ကြားပေးသူ ဆရာ၊ ဆရာမများက ကျောင်းသူ၊ ကျောင်းသားများ အတုယူ စံထားလောက်သည့် ကိုယ်ကျင့်တရား ခိုင်မြဲရမည့်အပြင် ဝန်ထမ်းစည်းကမ်းကို လိုက်နာရာ တွင်လည်း စံနမူနာပြဖြစ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများတွင်လည်း ဆရာ၊ ဆရာမ များက အများစုဖြစ်သည့်အတွက် ကျန်ဝန်ထမ်းများအပေါ် ဆရာ၊ ဆရာမများ၏ နမူနာ ကောင်းများက ဖုံးလွှမ်းသွားလျင် ဝန်ထမ်းထုအတွင်း စည်းကမ်းဖောက်မှု၊ လာဘ်ပေး လာဘ်ယူပြုမှု စသည်တို့ ကင်းရှင်းသွားနိုင်ပါကြောင်း၊ ယနေ့ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားမှုကို ခံယူခဲ့ပြီး ဆရာ၊ ဆရာမများထံမှ ကောင်းမွန်သော အမူအကျင့်များ ရရှိမှသာ ၎င်းတို့တစ်တွေ နိုင်ငံတာဝန် ထမ်းဆောင်သည့်အခါ စည်းကမ်းပြည့်ဝပြီး လာဘ်ပေးလာဘ်ယူ ကင်းစင်သည့် နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာနိုင်မည် ဖြစ်ပါကြောင်း။
♦ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင် နိုင်ရေး အတွက် အငြိမ်းစားပညာရှင်ကြီးများ၏ အကြံဥာဏ်ကို ဆွေးနွေးပွဲများတွင် အကြိမ်ကြိမ် ကျင်းပရယူခဲ့သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစီးဌာနအဆင့်၊ ဒေသန္တရအဆင့်၊ အမျိုးသားအဆင့်စသဖြင့် အဆင့်အသီးသီးတွင် ပညာရေးကဏ္ဍမြှင့်တင်ရေး ဆွေးနွေးပွဲများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ပပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်များစသည့် နယ်ပယ်အသီးသီးက ပါဝင်ဆွေးနွေးခဲ့ကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့အတူ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး Comprehensive Education Sector Review (CESR) လုပ်ငန်းတွင် ပညာရေး ကဏ္ဍ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ရာ၌ အဆင့် (၂) ကို ရောက်ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။
♦ မိမိတို့အစိုးရလက်ထက်တွင် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အတွင်း အစိုးရ၊ လွှတ်တော်၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတ်ီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိဘပြည်သူများ အားလုံး တက်ကြွစွာ ပါဝင်ပြီး ပညာရေးဥပဒေများ ရေးဆွဲမှု၊ အကြံဥာဏ်ပြုမှု၊ အကူအညီ ပေးမှုများအား ဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် များစွာ နှစ်ထောင်းအားရ ဖြစ်မိပါကြောင်း။
♦ နိုင်ငံဖွံ့ဖြိုးမှု၏ အဓိကမဏ္ဍိုင်ဖြစ်သော ပညာရေးကို မိမိတို့ ယခုအခြေအနေလောက်နှင့် ကျေနပ်နေ၍ မဖြစ်ပါကြောင်း၊ နိုင်ငံတကာ စံမီပညာရေးဖြစ်ရေး စဉ်ဆက်မပြတ် ဆောင်ရွက် နေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့၏ တာဝန်ထမ်းဆောင်မှု သက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးသို့ ပြောကြားခဲ့သည့် မိန်ခွန်းတွင် မိမိတို့အစိုးရ မျှော်မှန်းသော အမျိုးသားဖွံ့ဖြိုးတိုးတက်မှုသည် Environmentally Sustainable ဖြစ်ရမည်။ Socially Sustainable ဖြစ်ရမည်။ Economically Sustainable ဖြစ်ရမည်ဆိုသော အခြေခံမူဝါဒကြီး (၃) ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်ဟု ထည့်သွင်းပြောကြားခဲ့ပါကြောင်း။
♦ ထိုအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မူဝါဒ (၃) ရပ်သည် နိုင်ငံတကာတွင် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော ပညာရေးမူဝါဒနှင့် တစ်ထပ်တည်း ဖြစ်ပါကြောင်း၊ အမျိုးသားဖွံ့ဖြိုး တိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာရေးဖြစ်ခြင်းကြောင့် ယနေ့မှစ၍ ရှေ့ဆက် ဖော်ဆောင်ရမည့် မြန်မာ့အမျိုးသား ပညာရေးသည် မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်နိုင်စွမ်းရှိသည့် ပညာရေး (Education for Sustainable Development) ဆိုသည့် နိုင်ငံတကာအဆင့် ခေတ်မီပညာရေး လမ်းကြောင်းပေါ် တက်ပြီး လျှောက်လှမ်းနိုင်မည့် ပညာရေး ဖြစ်ကိုဖြစ်ရမည် ဖြစ်ပါကြောင်း။
♦ ၎င်းနှင့်အတူ ထိုစဉ်က ဆက်လက်ပြောကြားခဲ့သည်မှာ Globalization နှင့် ပြတ်ကျန်ခဲ့သော မိမိတို့နိုင်ငံသည် ခေတ်သစ်စနစ်သစ်တွင် နိုင်ငံတကာနှင့် ပိုမိုပေါင်းစည်းရေး ကြိုးပမ်းရာ၌ မိမိတို့ ဘိုးဘွားဘီဘင်များ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော တိုင်းရင်းသား အားလုံး၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ထုံးထမ်းအစဉ်အလာ၊ အနုပညာ၊ သဘင်၊ စာပေ၊ ဂီတ၊ သုခုမ စသော မြန်မာ့တန်ဖိုးများ ပျောက်ပျက် မသွားစေရန် မိမိတို့ တိုင်းရင်းသားအားလုံးတွင် ရှိသည့် မြန်မာ့တန်ဖိုး Soft Power ကို ပိုမိုခိုင်မာအားကောင်းလာအောင် ဆောင်ရွက်ရန် ကြိုးပမ်း သွားရမည် ဖြစ်ပါကြောင်း၊
♦ ထို့ကြောင့် မိမိတို့၏ ဘိုးဘွားအမွေအနှစ် အစစ်ဖြစ်သော နိုင်ငံနှင့် လူမျိုးကိုချစ်ပြီး မြှင့်တင်လိုစိတ်ကြီးမားမှုနှင့် တန်ဖိုးကြီးမားသော ကိုယ်ပိုင်စကား၊ ကိုယ်ပိုင် စာပေနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုပညာတန်ဖိုးများကို အခြားယဉ်ကျေးမှုများက ကျူးကျော် ဝင်ရောက် ဖျက်ဆီးလာလျင် ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းသိမ်းမြှင့်တင်နိုင်သည့် မြန်မာ့ပညာရေးဖြစ်ရန် အရေးတကြီး လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း၊ မိမိ၏ ယင်းနှိုးဆော်ချက်သည် ကိုယ်၏ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းပြီး လက်ဆင့်ကမ်းခဲ့သော ဘိုးဘွားအမွေအစစ်များကို ဆက်လက်ထန်းသိမ်း ကာကွယ်မြှင့်တင်ရန်နှင့် တန်ဖိုး မြင့်မားသည့် ဘိုးဘွားအမွေအနှစ်များကို နောက်မျိုးဆက်များအား လက်ဆင့်ကမ်း ပေးရန်နှင့် လက်ဆင့်ကမ်းနိုင်စွမ်း ရှိသည့်သူများ မွေးထုတ်ရန် ဆိုသော သမိုင်းစဉ်ဆက် တည်တံ့လာသည့် ပညာရေး၏ အဓိက ရည်ရွယ်ချက် (၂) ချက်ကို ပေါက်မြောက်အောင် အကောင်အထည် ဖော်ရမည်ဟု ဆိုလိုခဲ့ခြင်း ဖြစ်ပါကြောင်း။
♦ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ခွန်အားသစ်များဖြစ်သော ကျောင်းသား ကျောင်းသူများ၏ ထိုးထွင်းကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ဆက်စပ်အသုံးချနိုင်မှု၊ ဝေဖန်သုံးသပ်ပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု၊ စနစ်တကျ ပြဿနာဖြေရှင်းနိုင်မှု စသည့် လူ့တန်ဖိုးများ ပြည့်ဝလာပြီး နေ့စဉ်လူမှုဘဝတွင် အသုံးချနိုင်ရေး၊ စာရိတ္တမြင့်မားမှုနှင့် ဥပဒေစည်းကမ်း လေးစား လိုက်နာရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စသည်တို့ကိုလည်း ပညာရေးက အလေးထား အကောင်အထည် ဖော်ကြရန် လိုအပ် ပါကြောင်း။
♦ ထို့အပြင် ခေတ်မီစီးပွားရေးလုပ်ငန်းများတွင် ဝါသနာပါရာ ကျွမ်းကျင်ရာ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေးတို့တွင် ပါဝင်ဆောင်ရွက်နိုင်ပြီး အနာဂတ် နိုင်ငံတော်ကို ပုံဖော်ရာတွင် ပါဝင်နိုင်သည့် စွမ်းအားစုဖြစ်သော အလယ်အလတ် စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွန်းရေးကိုလည်း လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့အတွက် ထိရောက်သော သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ အခြေခံ အဆောက်အအုံ များနှင့် ခေတ်မီအရည်အသွေး အကဲဖြတ်မှုများဖြင့် လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ လေ့ကျင့်ပေးရာတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေး မြင့်မားမှု အတွက်လည်း အဖက်ဖက်မှ ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင် များနှင့် နည်းပညာများကိုလည်း ပေါင်းစပ် အသုံးပြုသွားရန် ဖြစ်ပါကြောင်း။
♦ မိမိတို့ ပညာရေးမှ မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ်များသည် အနာဂတ် ဒီမိုကရေစီ မြန်မာ့လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ ဖြစ်မည့် နိုင်ငံကြီးသား ပီသသူ၊ ဗလငါးတန် ပြည့်ဝသူ များနှင့် ပညာရပ်တစ်ခုခုကို တတ်သိကျွမ်းကျင်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ပညာရေးကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များ များစွာရှိနေပါကြောင်း၊ မူကောင်းပြီး လူလည်းကောင်းအောင် ပြုပြင်ရပါမည်၊ ထို့ကြောင့် ပညာရေးတွင် အတွေ့အကြုံ ရှိသည့် ပညာရှင်များ၏ နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေး အခန်းကဏ္ဍကို လက်ရှိ အခြေအနေ ထက် ပိုကောင်းအောင် ဖော်ဆောင်နိုင်မည့် အကြံဉာဏ်များကို ယခု လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဖိတ်ခေါ်ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ပညာရှင်ကြီးများ အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် မိမိတို့၏ အတွေ့အကြုံများအား အခြေခံသည့် အမြင်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်၊ ပညာရှင်များ၏ အကြံဉာဏ်ကို စုစည်းပြီး ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ Action Plan များ ရေးဆွဲရန်အတွက် မြန်မာ့ပညာရေး မြှင့်တင်ရေးအဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းပြီး အမြန်ဆုံး အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။
♦ ပညာရေးသည် နိုင်ငံသားအားလုံး၏ လက်ရှိနှင့် အနာဂတ်အရေးဖြစ်သည့်အတွက် ယခု ဆွေးနွေးပွဲမှ ရရှိလာသော ရလာဒ်ကောင်းများကို အလေးအနက်ထားပြီး နိုင်ငံဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် ခေတ်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နေကြသူ အားလုံးကို ကျေးဇူတင်ရှိပါကြောင်း ပြောကြား လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြသည်။
ယနေ့ အခမ်းအနားတွင် စာတမ်းရှင် ဦးဇော်ဌေး (ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ အောက်မြန်မာပြည်) က ပညာရေးဆိုင်ရာ မူဝါဒစာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဦးသန်းဦး (ပညာရေးဖောင်ဒေးရှင်း အဖွဲ့ဝင်) က အမျိုးသားပညာရေး ဥပဒေနှင့် အခြေခံပညာရေးကဏ္ဍ စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဒေါက်တာမောင်သင်း (ပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်) က အမျိုးသား ပညာရေး ဥပဒေနှင့် အဆင့်မြင့် ပညာရေးကဏ္ဍ စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဦးညီလှငယ် (ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း၊ အမျိုးသားအကြံပေး) က အမျိုးသား ပညာရေး ဥပဒေနှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် နိုင်ငံတကာပညာရေးကဏ္ဍ စာတမ်းကို လည်းကောင်း၊ ဒေါက်တာအောင်ထွန်းသက် (နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်) က အမျိုးသား ပညာရေး ဥပဒေနှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် သန့်ရှင်းသော ပညာရေးစနစ်ဖြစ်ရေး စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဦးတင်ညို (မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့၊ အဖွဲ့ဝင်) က ပညာရေး အရည်အသွေး အာမခံချက် စာတမ်းကို လည်းကောင်း ဖတ်ကြားကြရာ ဒေါက်တာ တင့်ဆွေလတ်၊ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ ဒေါက်တာထူးထူးအောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ ဒေါ်မြမြဦး၊ ဒေါက်တာ တင်မောင်သန်း၊ ဒေါက်တာသန်းဇော်မြင့်၊ ဦးလူနီ၊ ဒေါက်တာဒေါ်ခင်မာထွန်း၊ ဒေါက်တာသက်လွင်၊ ဦးအောင်မျိုးမင်း၊ ဒေါက်တာမောင်သိန်း တို့က သက်ဆိုင်ရာ စာတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရသည်။