From :
..the voice
အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စသည် မြန်မာနိုင်ငံ၏ ရှေ့ရေး ကံကြမ္မာနှင့် များစွာဆက်စပ် ပတ်သက်လျက် ရှိသည်ဖြစ်ရာ နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်နှင့် ပါတီများဖြင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် စပ်ဆိုင်သော ကိစ္စတစ်ခုပင် ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်ရန် ကြိုးပမ်းနေသူတို့၏ စိတ်ဆန္ဒ အခံသက်သက်ဖြင့်သာ ပြင်ဆင်လိုက်မိမည်ကို စိုးရိမ်မိသည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ချို့ယွင်းချက်များ ရှိနေသည် ဆိုသော်လည်း သုံးမရသော အခြေခံဥပဒေ မဟုတ်ဟု နိုင်ငံရေးသိပ္ပံ ပညာရှင်များ၊ နိုင်ငံရေး လေ့လာသူများက ပြောကြသည်များ ရှိပါသည်။ နိုင်ငံရေးအဖွဲ့ အစည်း အချို့က ၂၀၀၈ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရမည်ဟု ထုတ်ဖော် ပြောဆိုကြသော်လည်း ပညာရှင်များ၊ လေ့လာသူများ အမြင်နှင့်မူ ၂၀၀၈ အခြေခံဥပဒေတွင် တန်ဖိုး တစ်စုံတစ်ရာ ရှိသည်၊ အသုံးချမည်ဆိုလျှင် အသုံးကျနိုင်သည်ဟု ထင်မြင်ယူဆကြသည်ကို တွေ့ မြင်ရပါသည်။ သို့သော်လည်း အများသဘော ဆန္ဒများကြားတွင် ယင်းပညာရှင်များ၏ အသံများ ပျောက်နေသည်။ ထို့ပြင် နောက်ထပ် အန္တရာယ်ကြီးသော အချက်တစ်ခုမှာ ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်သော မဏ္ဍိုင်သုံးရပ် အထိန်းအထေများကို ပျက်ယွင်းစေနိုင်သော ပြင်ဆင်ချက် များကို ပြုလုပ်သင့်သည်ဟူ၍ ထင်မြင် ယူဆနေမှုများ ရှိနေခြင်း ဖြစ်သည်။
အများသိပြီး ဖြစ်သည့်အတိုင်း ဒီမိုကရေစီ စနစ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်သုံးရပ်ရှိပြီး ယင်းမဏ္ဍိုင်များမှာ တစ်ခုနှင့်တစ်ခု အထိန်းအထေ (Check & Balance) လုပ်ကြရသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် မတရားမှုများကို အတတ်နိုင်ဆုံး တားဆီး နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုလက်ရှိ အခြေအနေအရ အုပ်ချုပ်ရေး တစ်နည်း အစိုးရနှင့် ဥပဒေပြုရေး တစ်နည်း လွှတ်တော်တို့ အကြားတွင် အထိန်းအထေများကို မြင်တွေ့နေရသော်လည်း (အရှိန်အနည်းငယ် ပြင်းသယောင်တော့ ရှိသည်) တရားစီရင်ရေး မဏ္ဍိုင်နှင့်မူ မည်သည့် အထိန်း အထေမှ ယခုတိုင် မတွေ့ရချေ။ ထို့ကြောင့် တရားရေး မဏ္ဍိုင်နှင့် ပတ်သက်၍ အခြေခံဥပဒေဆိုင်ရာ လေ့လာစရာ၊ သတိပြုစရာများကို အနည်းငယ် တင်ပြလိုပါသည်။
လက်ရှိ အခြေခံဥပဒေအရ တရားရေးမဏ္ဍိုင်၏ အဓိပတိဟု ဆိုအပ်သော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို သမ္မတမှ ခန့်အပ်ရန် အဆိုပြုရမည် ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုချက်ကို ရယူရမည် ဖြစ်သည်။ (အခြေခံဥပဒေပုဒ်မ ၂၉၉) ၎င်းတရားသူကြီးများ၏ ရာထူးသက်တမ်းမှာ အသက် ၇၀ အထိ ဖြစ်သည်။ (အခြေခံဥပဒေပုဒ်မ ၃၀၃) ၎င်းတရားသူကြီးများ၏ အရည်အချင်း သတ်မှတ်ချက်တွင် အသက်ကန့်သတ်ချက်မှာ ‘အသက် ၅၀ နှစ်ထက်မငယ်၊ ၇၀ နှစ်ထက်မကြီးသူ’ ဟု ဖော်ပြပါရှိသည်။ အကယ်၍ တရားသူကြီးချုပ်မှာ အသက် ၅၀ ကျော်တွင် ရာထူးခန့်အပ် ခံရမည်ဆိုလျှင် အသက် ၇၀ မပြည့်မချင်း ရာထူးတာဝန်ကို ထမ်းဆောင်နိုင်သည်။
နိုင်ငံတော်သမ္မတသက်တမ်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ သက်တမ်းမှာ ၅ နှစ်သာ ရှိသော်လည်း ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ သက်တမ်းမှာ အသက် ၇၀ မပြည့်မချင်း ဖြစ်သည်ကို ထင်ရှားစွာ မြင်တွေ့ရသည်။ အဘယ့်ကြောင့်နည်း။ တရားရေးမဏ္ဍိုင်ကို လွတ်လပ် စေချင်သောကြောင့် ဖြစ်သည်။ ၎င်းတရားသူကြီးများမှာ သမ္မတက ခန့်အပ်သူ ဖြစ်သောကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုများ မရှိနိုင်ပေဘူးလားဟူသော မေးခွန်း၏ အဖြေ ဖြစ်သည်။ ၎င်းကို ခန့်အပ်သော သမ္မတသက်တမ်း၊ ၎င်းကို အတည်ပြုပေးသော လွှတ်တော်သက်တမ်းများ ကုန်ဆုံးသွားပါသော်လည်း တရားသူကြီးချုပ်မှာမူ ဆက်လက်တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ တရားသူကြီးများ အနေနှင့် လွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်။ မည်သူ၏ လွှမ်းမိုးမှု၊ သြဇာ သက်ရောက်မှုကိုမျှ မခံစေရ။ သို့အတွက် ၎င်းတို့၏ သက်တမ်းကို အခြေခံဥပဒေတွင် ရှည်ကြာစွာ ခွင့်ပြုထားခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် တရားစီရင်ရေး မဏ္ဍိုင်၏ အထိန်းအထေမှာ မည်သည့်အရာ ဖြစ်မည်နည်း။ ပြည်ထောင်စု တရားသူကြီးများသည် သက်တမ်းရှည်ကြာစွာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သော်လည်း မတရားမှုများ ပြုလုပ်ပါက ၎င်းတို့ကို သမ္မတ သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲ ပြစ်တင်နိုင်သည်။ (အခြေခံဥပဒေ ပုဒ်မ ၃၀၂) သို့ရာတွင် ခက်ခဲမှု များစွာတော့ ရှိသည်။ သိက္ခာသမာဓိနှင့် ပြည့်စုံသော၊ အများလေးစားသော တရားသူကြီးများ ဖြစ်ပါမူ အကြောင်းရှာ စွပ်စွဲပြစ်တင်ခြင်းများ လုပ်၍ မရအောင် စီမံထားခြင်း ဖြစ်သည်။ အလွန်အင်မတန်မှ မတရားသော၊ အကျင့်သီလ ပျက်စီးသော၊ အဂတိ လိုက်စားသော တရားသူကြီးများ ဖြစ်လျှင်မူ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ် လွှတ်တော် အမတ်များက စွပ်စွဲပြစ်တင်ကာ ဖြုတ်ချပစ်နိုင်သည်။ ယင်းအချက်မှာ တရားစီရင်ရေး မဏ္ဍိုင်နှင့် ကျန်မဏ္ဍိုင် နှစ်ရပ်၏ အထိန်းအထေ (Check & Balance) ဖြစ်သည်။
အထက်ပါ ပြဋ္ဌာန်းချက်တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခု၏ အနှစ်သာရ သုံးခုဖြစ်သော ဖွဲ့စည်း တည်ဆောက်ပုံ (Structure)၊ အာဏာခွဲဝေပုံ (Power) နှင့် အခွင့်အရေး ရပိုင်ခွင့်များ (Right) တို့ အနက်မှ၂၀၀၈ အခြေခံဥပဒေ၏ တရားစီရင်ရေး မဏ္ဍိုင် အခြေပြုမဏ္ဍိုင် သုံးရပ်တို့၏ အထိန်းအထေဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ထားသော သဘောတရား ဖြစ်သည်။ သဘောတရားအရ မှန်ကန်သည်။ အမေရိကန်ပြည်ထောင်စု၏ တရားစီရင်ရေး မဏ္ဍိုင်မှာလည်း ဤသဘောတရားအတိုင်း ရေးဆွဲပြဋ္ဌာန်းထားသည်။ ကွာခြားချက် နှစ်ချက်တော့ ရှိသည်။ ပထမအချက်မှာ ပြည်ထောင်စု တရားသူကြီးချုပ်၏ သက်တမ်းမှာ အမေရိကန်ပြည်ထောင်စု၌ မကွယ်လွန်မချင်း ဖြစ်သည်။ အသက်ကန့်သတ်ချက် မရှိ။ ဒုတိယအချက်မှာ တရားသူကြီးချုပ်ကို ခန့်အပ်ရာတွင် သမ္မတ အဆိုပြုသူ ဖြစ်သော်လည်း လွှတ်တော် ကိုယ်စားလှယ်အများစုက မကျေနပ်လျှင် သတ်မှတ်ထားသည့် မဲခွဲဆုံးဖြတ်မှု အချိုးအတိုင်း မဲခွဲဆုံးဖြတ်ကာ သမ္မတ အဆိုပြုသူကို ပယ်ချခွင့်ရှိသည်။ မြန်မာနိုင်ငံတွင်မူ သမ္မတ အဆိုပြုသူမှာ အရည်အချင်းဆိုင်ရာ ချို့ယွင်းချက်မရှိပါက ကန့်ကွက်ပယ်ချခွင့် မရှိပေ။
ထို့ကြောင့် ဖွဲ့စည်းတည်ဆောက်ပုံ သဘောတရားအရဆိုလျှင် တရားစီရင်ရေး မဏ္ဍိုင်နှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေမှာ သုံး၍ရသည်၊ အဆင်ပြေသည်ဟု ဆိုနိုင်သည်။ အကယ်၍ တရားသူကြီးချုပ် သက်တမ်းမှာ သမ္မတ သက်တမ်းထက်ပင် ကျော်လွန်နေသဖြင့် အဓိပ္ပာယ် မရှိဟူ၍ ၎င်းတို့၏ သက်တမ်းကို သမ္မတများ၊ လွှတ်တော် ကိုယ်စားလှယ်များနည်းတူ ဖြစ်ရန် အခြေခံဥပဒေကို ပြင်ဆင်လိုက်ပါလျှင် မဏ္ဍိုင်သုံးရပ် အထိန်းအထေ (Check & Balance) မှာ ပျက်ယွင်းသွားမည် ဖြစ်သည်။ ဤသည်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အငြင်းပွားနိုင်ဖွယ် အချက် တစ်ချက်ကို ထုတ်နုတ်တင်ပြခြင်း ဖြစ်ပါသည်။
သို့ရာတွင် ယနေ့ တရားစီရင်ရေး မဏ္ဍိုင်မှာများစွာ ယိုင်နဲ့နေပြီး ယင်းမဏ္ဍိုင်၏ အထိန်းအထေ အသံမှာ ပျောက်ချင်း မလှ ပျောက်နေပါသည်။ ဖြစ်နိုင်သည်မှာ အခြေခံဥပဒေပါ ဖွဲ့စည်းပုံ နည်းလမ်း ပြဋ္ဌာန်းချက်များ ဓမ္မဓိဋ္ဌာန် ကျနေသော်လည်း ယင်းကို အသုံးပြုမည့်သူများ၏ ခေါက်ရိုးကျိုး အတွေးအခေါ်များကို မပြင်နိုင်သေးသောကြောင့်ပင်။ တရားသေဖြစ်ခဲ့သော အတိတ် ဖြစ်ရပ်များအရ တရားစီရင်ရေး ဆိုသည်မှာ အာဏာကြီးသူတို့၏ အဆုံးအဖြတ်တစ်ခုသာ ဖြစ်ခဲ့သည်။ တရားသူကြီးများ၏ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ကို အာဏာကြီးကြီးများက လွှမ်းမိုး ချုပ်ကိုင်ထားခဲ့သည်။ သို့သော် ယခုပြောင်းလဲလာသော ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်မူ မည်သူ့အာဏာက ပိုကြီး၍ မည်သူ့စကားအား နားထောင်ရမည်ကို တရားရေးမဏ္ဍိုင် မျက်စိလည်နေသလောဟု တွေးထင်မိပါသည်။ သို့မဟုတ်က ကြွပ်ဆတ် ထိရှလွယ်သော နိုင်ငံရေး အခြေအနေများတွင် တရားရေးမဏ္ဍိုင်၏ ပွင့်လင်းမြင်သာမှုကို ဖော်ထုတ်ပြရန် ဝန်လေးနေသလောဟုလည်း တွေးစရာ ရှိပါသည်။ သို့မဟုတ်ကလည်း တရားစီရင်ရေး အာဏာ၏ အမြင့်ဆုံး စီရင်ပိုင်ခွင့် အာဏာအား အသုံးချခွင့် မကြုံရလောက်အောင် အဆင့်ဆင့်သော တရားရုံးများက အချက်ပိုင်ပိုင် ဆုံးဖြတ်စီရင် နေသလောဟူသည်ကို စဉ်းစားရမည် ဖြစ်သည်။
အချုပ်ဆိုရသော် တရားစီရင်ရေးမဏ္ဍိုင် အသက်ဝင်လာစေရေး၊ တရားစီရင်ရေးအာဏာ သမာသမတ် ကျစေရေးနှင့် တရားရေးဝန်ထမ်းများ သိက္ခာသမာဓိ တည်စေရေးတို့အတွက် တရားစီရင်ရေး မဏ္ဍိုင်၏ အခေါင်အချုပ်များမှ ရဲဝံ့သတ္တိရှိစွာ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည့် အချိန်ကျ ရောက်လာပြီဟု ထင်ပါသည်။ ပြည်ထောင်စု တရားသူကြီးများမှာ မိမိရာထူးအတွက် မည်သူ့သြဇာကိုမျှ ခံစရာမလိုဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဖြစ်ရာ မည်သည့် မျက်နှာကိုမျှ မကြည့်ဘဲ ပြည်သူလူထုအကျိုး၊ နိုင်ငံအကျိုးကိုသာ ကြည့်ရှုကာ ပညာရှင် ပီသစွာဖြင့် အာဏာကို အကျိုးရှိရှိ အသုံးချရန် အရေးကြီးလှပါသည်။