Tuesday, October 1, 2013

ငြိမ်းချမ်းရေးနှင့်တူသောငြိမ်း ချမ်းရေးနှင့် စစ်မှန်သော သန္နိဌာန် (မှူးဇော်)

,

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိဒါန်း
_____
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သမိုင်းတွင် စစ်အေးကာလနောက်ခံကားချပ်၌ စားပွဲခုံကို ရှူးဖိနပ် ဖြင့် ခေါက်၍ စကားပြောကြားခဲ့သော ဆိုဗီယက် ခေါင်းဆောင် ခရူးရှက်၏ လုပ်ဆောင်ချက်သည် ရာဇဝင် တွင်ရစ်ခဲ့ပြီ ဖြစ်သည့် မှတ်တမ်းပုံရိပ်တစ်ခု ဖြစ်သည်။

စစ်အေးကာလအထွဋ်အထိပ်မြင့်မားနေချိန်တွင် အနီရောင်နိုင်ငံများ၏ အကြီးအမှူးသဖွယ်ဖြစ်သော ဆိုဗီယက် ရွှေထီးဆောင်းခဲ့စဉ်က ကွန်ဖရင့်ဒစ်ပလို မေစီ ပုံရိပ်များသည် ယနေ့သော် နှောင်းတမြေ့မြေ့ မှတ်တိုင်ဟောင်းများအဖြစ် ထင်ကျန်ရစ်ခဲ့ပြီ ဖြစ် သည်။

ကွန်ဖရင့်ဒစ်ပလိုမေစီသမိုင်းတွင် မြန်မာနိုင်ငံ၏ ပုံရိပ်များ အညတရ မဟုတ်ခဲ့သည်ကိုလည်း မှတ် တမ်းများ အထင်အရှား တွေ့ရှိရသည်။

ကုလသမဂ္ဂနှင့် စားပွဲထုသံများ
_____________________
လုံခြုံရေးကောင်စီတွင် ခရူးရှက် ရှူးဖိနပ်ဖြင့် မခေါက်ခင် အချိန်စော၍ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ် ရပ် ကုလသမဂ္ဂသမိုင်းတွင် အထင်အရှားရှိခဲ့သည်။

တစ်ခုသော အထွေထွေညီလာခံအစည်းအဝေးတစ်ခု တွင် မြန်မာနိုင်ငံမှ သံတမန် ကိုယ်စားလှယ် ဘားမားတင်မောင်(အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေသော ဘားမားသတင်းစာပိုင်ရှင်)၏ စားပွဲထုသံပြင်းပြင်းကြောင့် နိုင်ငံတကာသံတမန်များ အံသြမင်တက်သွားခဲ့ရ သည်။ ဘားမားဦးတင်မောင်သည် မူလကတည်းက အစည်းအဝေးအစီအစဉ်ကို ကြိုတင်ကြည့်ရှုထားပြီး မြန်မာနိုင်ငံအလှည့် ရောက်မည့် အချိန်ကို မှတ်သားထားခဲ့သည်။

သို့သော် အခမ်းအနားမှူးက မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ မြန်မာနိုင်ငံကိုယ်စားလှယ် ပြောကြားရမည့် အလှည့်တွင် မြန်မာနိုင်ငံအမည်ကို ကြေညာခြင်းမပြုဘဲ အိန္ဒယနိုင်ငံကို အလှည့်ကျော်၍ ကြေညာခဲ့သည်။

အိန္ဒိယ သံအမတ်ကြီးက နေရာမှ ထကာ အစည်းအဝေးတက်ရောက်လာသူများအား နှုတ်ခွန်းဆက်လျက် နိဒါန်းပျိုးနေချိန်တွင် ဘားမား ဦးတင်မောင်၏ အစည်းအဝေး စားပွဲရှည်ကြီးကို ဆေးလိပ်ပြာခွက်နှင့် ပြင်းပြင်းထန်ထန် ခေါက်ခဲ့ရာ အစည်းအဝေးခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။

ဤတွင် ဘားမားဦးတင်မောင်က ယခုအစည်းအဝေး မစတင်မီတွင် သေချာစေရန် အခမ်းအနားအစီအစဉ်ကို စစ်ဆေးခဲ့ကြောင်း၊ ယခု အလှည့်မှာ မြန်မာနိုင်ငံကိုယ်စားလှယ်ပြောကြားရမည့် အစီအစဉ် ဖြစ်ကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်ကို အလှည့်ကျော်၍ ခေါ်ယူခြင်းမှာ မူလအစီအစဉ်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း စသည် ဖြင့် အသံမာမာထန်ထန်ဖြင့် ပြောကြားခဲ့သည်။

ထိုအခါ အိန္ဒိယနိုင်ငံကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံ ဆွေးနွေးပြောကြားနိုင်ပါကြောင်း ပြော၍ ပြန်ထိုင်သွားခဲ့သလို အခမ်းအနားမှူးကလည်း တောင်းပန်စကား ပြောကာ မြန်မာနိုင်ငံအလှည့်
ပေးခဲ့ရသည်။

ဤသည်မှာ ကုလသမဂ္ဂသမိုင်းတွင် ပထမဆုံးသော စားပွဲခုံကို ဆေးလိပ်ခွက်ဖြင့် ခေါက်ခဲ့သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ယင်းနောက် မကြာမီတွင် လုံခြုံရေးကောင်စီ၌ ခရူးရှက်က စားပွဲခုံကို ရှူးဖိနပ် ဖြင့် ခေါက်သည့် လုပ်ဆောင်ချက် ပေါ်ပေါက်လာရာ အချို့ကလည်း ဆိုဗီယက်ပြည်ထောင်စုသည် အထွေ ထွေညီလာခံ၌ မြန်မာနိုင်ငံ ဆောင်ရွက်ခဲ့သော လုပ်ဆောင်ပုံကို အတုယူ၍ ဆောင်ရွက်ခြင်း ဖြစ်သည် ဟု ယူဆခဲ့ကြသည်။

ထိုခေတ်ထိုအခါက မြန်မာသံအမတ်ကြီး ဦးသန့်နှင့် မြန်မာသံတမန်များသည် အာဖရိက ကိုလိုနီနိုင်ငံများ လွတ်လပ်ရေး ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ရသလို တရုတ်ဖြူကူမင်တန်များ ကျူးကျော်မှုနှင့်ပတ်သက်၍လည်း အမေရိကန်၊ တရုတ်(ထိုစဉ်က ချန်ကေရှတ်တရုတ်)နိုင်ငံများနှင့် စကား စစ်ထိုးခဲ့ရာ သံတမန်များ အတုယူခဲ့ရသည့် ကမ္ဘာကျော် သံခင်းတမန်ခင်း စကားလုံးစစ်ပွဲ တစ်ခု ဖြစ်ခဲ့ရ သည်။

မြန်မာ သံတမန်များသည် ကြားနေရေးမူဝါဒဖြင့် နိုင်ငံတကာအရေးကိစ္စများတွင် ပြတ်ပြတ်သား သား မှန်မှန်ကန်ကန် ရပ်တည်ခဲ့၍ ကုလသမဂ္ဂအစည်းအဝေးများတွင် မြန်မာ ပါမှ ပွဲစည်သည့် အနေ အထားမျိုး ဖြစ်ခဲ့ရသည်။ ဘက်မလိုက်နိုင်ငံများ အစုအဝေးကို စတင်ထူထောင်ခဲ့သည့်နိုင်ငံများ၊ WTO အဖွဲ့ စတင်ထူထောင်ခဲ့သည့်နိုင်ငံများ၊ IAEA စတင်ဖွဲ့စည်းခဲ့သည့်နိုင်ငံများ စသည်တို့တွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်ကို စတင်ခဲ့သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ် သည်။

ဆိုလိုရင်းမှာ မြန်မာနိုင်ငံသည် နိုင်ငံတကာ ကွန်ဖရင့်ဒစ်ပလိုမေစီတွင် တက်တက်ကြွကြွ ဆောင် ရွက်ခဲ့သလို ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သော ဦးဆောင် နိုင်ငံဖြစ်ခဲ့သည့် အတိတ်ဟောင်းက ရွှေထီးဆောင်းခဲ့သည့် အခြေအနေကို ပေါ်လွင်စေလိုခြင်း ဖြစ်သည်။

ပုံရိပ်အသစ် ပြန်လည်တည်ဆောက်ခြင်း
____________________________
မည်သို့ပင်ဆိုစေ အခြေအနေအရပ်ရပ်အရ နောက်ကျကျန်ရစ်ခဲ့ရပြီး ဦးဆောင်နိုင်ငံ မဟုတ်တော့ သည့် နောက်လိုက်နိုင်ငံတစ်နိုင်ငံဘဝ သက်ဆင်းခဲ့ရသည် ဆယ်စုနှစ်များကို ယနေ့ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံတကာက မျှော်လင့်မထားခဲ့သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် ဖြစ် ထွန်းပေါ်ပေါက်လာခဲ့ပြီးနောက် နိုင်ငံ့ဥပဓိ၊ နိုင်ငံ့ဂုဏ်သိက္ခာမှာ တဖြည်းဖြည်းချင်း ပြန်လည်ဦးမော့လာနိုင် ခဲ့သည်။ ဤသို့ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကြည့်မြင်သော မျက်လုံးအရောင်များ ပြောင်းလဲစေခဲ့သည့် နောက်ခံအကြောင်းတရားမှာ ဤနိုင်ငံ၊ ဤပြည်ထောင်စုမှ အမြော်အမြင်ပြည့်ဝသော ခေါင်းဆောင်များနှင့် ပြည်သူများ ဖြစ်ပေသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် မတန်သေး ဟူသော ထင်မြင်ယူဆချက်များကို ညီညွတ်မှုဖြင့် ချေဖျက်ခဲ့ရသည်။ မြန်မာနိုင်ငံ အာဆီယံကို ခေါင်းဆောင်ရန် မတန်သေး ဟူသော ကန့် ကွက်မှုများကို ဇာတိမာန်ဖြင့် ချေဖျက်ခဲ့ရသည်။ မြန်မာနိုင်ငံ လူရာဝင်လာစေရန်လည်း နိုင်ငံတော်သမ္မတ ကြီးနှင့် အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုများ၊ တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာများ စသည်တို့အားလုံး၏ ကြိုး ပမ်းမှုများဖြင့် တည်ဆောက်ခဲ့ရသည်။

မြန်မာ့နွေဦး ဟု တင်စားခေါ်တွင် စေရသည်အထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွေးထွက် သံယို မရှိ လှလှပပ ကူးပြောင်းနိုင်ခဲ့ပြီး နောက် Icon of Democracy ဟု သတ်မှတ်ထားသော ဒေါ်အောင် ဆန်းစုကြည်၊ Icon of Reform ဟု ခေါ်တွင်ကြသော နိုင်ငံတော်သမ္မတကြီး၊ တိုင်းရင်းသား ခေါင်း ဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ၊ ပြည်သူများ၏ အသွင်ကူးပြောင်းရေးပုံရိပ်များသည် မြန်မာ နိုင်ငံ၏ ပုံရိပ်အသစ်ကို တည်ဆောက်နိုင်စေခဲ့သည်။

ဖွံ့ဖြိုးရေး အရင်သွားမလား၊ ဒီမိုကရေစီအရင် သွားမလား၊ ရွေးရခက်သည့်ဤလမ်း(၂)သွယ်နှင့်ပတ်သက်၍ အငြင်းအခုန်များ မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံ ရွေးချယ်လိုက်သည့် လမ်းမှာ ဖွံ့ဖြိုးရေးရော ဒီမိုကရေစီပါ ဒွန်တွဲဖော်ဆောင်သည့် လမ်း ကြောင်း ပင် ဖြစ်နေသည်။ ဒီမိုကရေစီ ခရီးအစ သက်တမ်း(၂)နှစ်ခွဲတွင် မြန်မာ့စီးပွားရေးဦးမော့ရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေးတို့ကို အပြင်းအထန် ကြိုးစားနေရဆဲ ဖြစ်သည်။ မမျှော်လင့်ဘဲ ကြုံတွေ့ ခဲ့ရသော ပဋိပက္ခများမှာ စနစ်ဟောင်း ခေတ်ဟောင်းတွင် မီးခဲ ပြာဖုံး ဖြစ်နေခဲ့ပြီး လွတ်လပ် ပွင့်လင်း လာချိန်၌ တဟုန်းဟုန်း ပြန်လည်တောက်လောင်ခဲ့ရသည်မှာ တိုင်းပြည်၏ ကံကြမ္မာဟု ဆိုရပေမည်။

ပြန်လည်နိုးထလာသော အမျိုးသားရေးဝါဒကို နိုင်ငံတည်ဆောက်ရေး၌ ပုံအောလာစေရန် နိုင်ငံ ရေးခေါင်းဆောင်များက လမ်းပြပေးလျက် ရှိသည်။

သို့သော်လည်း နောက်ကြောင်းပြန်လှည့်လိုသော လူတစ်စုက ပြုပြင်ပြောင်းလဲရေးသမားများကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာခြင်း၊ အဆိုပါတိုက်ခိုက်မှု များနောက်တွင် လူထုကို လှုံ့ဆော်မှုပေးနိုင်သော မီဒီယာအချို့ ပါဝင်လာ ခြင်း၊ ဒီမိုကရေစီ ကြွေးကြော် သံများကြားတွင် ပြုပြင်ပြောင်းလဲရေးလား၊ နောက်ကြောင်းပြန်ရေးလား တိတိကျကျ မခွဲခြားနိုင်သည့် မိုးတိမ်လေလား၊ မြူနှင်းလေလား ဝိရောဓိများ ထွက်ပေါ်လာခြင်း၊ ဖန်ခွက်ထဲက ရေတစ်ဝက်ကို တစ်ဝက် သာ ရှိသည် ဟူသော အနှုတ်လက္ခဏာကိုသာ ကိုင်ဆောင်ထားခြင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးလက်နက်တပ်ဆင်ရေးသဖွယ် သဘောပိုက်၍ ထောင်ချောက်ဆင်နေခြင်း စသည်တို့မှာ စိတ် မကောင်းဖွယ်ရာပင် ဖြစ်နေသည်။

ပြုပြင် ပြောင်းလဲရေးအဆင့်တိုင်းနှင့် နေရာတိုင်းတွင် ပြုပြင် ပြောင်းလဲ ရေးသမားများ လိုအပ်သလို ယင်းပြုပြင်ပြောင်းလဲရေး အင်အား ကြီးမားကျယ်ပြန့်လာစေရန်အတွက် အသိအမှတ်ပြုသင့်သည်တို့ကိုလည်း အသိအမှတ်ပြုကြရပေလိမ့်မည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(၃)ရပ
______________________
ပြည်တွင်းစစ်မီး မငြိမ်းသတ်နိုင်သရွေ့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးပတ်ဝန်းကျင်တည်ငြိမ်မှု ရရှိ နိုင်မည် မဟုတ်သောကြောင့် နိုင်ငံတော်သမ္မတကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးသို့ လက်ဆွဲနှုတ်ဆက်နိုင်ရန် သံလွင်ခက် ကမ်းခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ တည်ဆောက်ခဲ့သော ယုံကြည်မှုတည်ဆောက်ရေးသည် ယနေ့အချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၄ ဖွဲ့တို့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူ စာချုပ်ပေါင်း (၃၇)ခု ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။ ကြိုတင်ကန့်သတ်ချက် မထားရှိသော ဒိုင်ယာလော့ကို အခြေခံ၍ ၂၁ ရာစု နေပြည်တော်ညီလာခံကြီးတွင် နိုင်ငံရေးစာရင်း အပြီးတိုင်ရှင်းလင်းရန် လျှောက်လှမ်း နေခြင်းလည်း ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်း ညှိနှိုင်းဆောင်ရွက်သည့် ဒိုင်ယာလော့ ဖြစ် သည်နှင့်အညီ အစိုးရနှင့် တပ်မတော်တို့က ဦးဆောင်ဆွေးနွေးရသော်လည်း သဘောတူညီချက်များ ခိုင်မာ၍ အရှည်သဖြင့် တည်တံ့စေရန် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းဆောင်ရွက် ခဲ့သည်။

နိုင်ငံတော်သမ္မတကြီး၏ ပြည်တွင်းငြိမ်းချမ်းရေးသို့ ချီရာလမ်းကို (၁) နိုင်ငံတစ်ဝှမ်းလုံး အပစ် အခတ်ရပ်စဲရေး National Ceasefire Accord/ National Ceasefire Agreement ၊ (၂) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကြီးအတွက် မူဘောင်ရေးဆွဲရေး Framework Agreement for Political Dialogue၊ (၃) အမျိုးသားနိုင်ငံရေးဆွေးနွေးရေးညီလာခံ National Political Dialogue စသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်(၃)ဆင့်ဖြင့် ဆက်လက်လျှောက်လှမ်းသွားမည် ဖြစ်သည်။

အဆင့်(၁)ကို အောက်တိုဘာလကုန်တွင် ကျင်းပပြုလုပ်နိုင်ရန် မျှော်မှန်းဆောင်ရွက်လျက် ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်သော သဘောတူညီချက်တစ်ရပ် ရရှိရန် ဦးတည် ထားသည်။ ယင်းသဘောတူညီချက်ကို ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်တွင် အတည် ပြု မှတ်တမ်းတင်ထားရှိရမည် ဖြစ်သည်။

အဆင့်(၂)ကို နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလအတွင်း ကျင်းပ ပြုလုပ်နိုင်ရန် မျှော်မှန်းထား သည်။ တိုင်းရင်းသားအဖွဲ့အစည်းများက နိုင်ငံတော် သမ္မတကြီး၊ တပ်မတော်ခေါင်းဆောင် များနှင့် ဝန်ကြီး ဦးအောင်မင်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲပြီး နောက် နိုင်ငံရေးဆွေးနွေးမှုများကို လွှတ်တော်သို့ မျက်နှာလွှဲခဲပစ် လွှဲပြောင်းပေးမည် ဟူသော ထင်မြင်ယူဆချက်များဖြင့် တောင်းဆိုမှုများ ပြုလုပ်လျက် ရှိနေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နည်းတူ ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စု တပ်မတော်တို့ကသာ ငြိမ်းချမ်းရေးစားပွဲဝိုင်းများကို တာဝန်ယူ ဆောင်ရွက်ရမည်သာ ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှု အတွက် အားလုံးပါဝင် ရေးဆွဲထားသော မူဘောင် ပေါ်ထွက်လာလျှင် ယင်းမူဘောင်ကို သမိုင်းဝင် မှတ်တမ်းတင်ရန် လွှတ်တော်တွင် ထားရှိရမည် ဖြစ်သည်။ ဤအဆင့်သည် နိုင်ငံရေးဆွေးနွေးမှုများအတွက် တိကျခိုင်မာသော မူဘောင်သတ်မှတ်ချက်များ ရရှိရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်သည်များ ပြင်ဆင်သည့်အဆင့်လည်း ဖြစ် သည်။

အဆင့်(၃)ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ရန် မျှော်မှန်းထားသည်။ အဆင့်(၂)မှ ရရှိခဲ့ သော Framework Agreement များကို ဤအဆင့်တွင် အပြီးအပြတ် ဆွေးနွေးကြရန်သာ ဖြစ်သည်။ ဤညီလာခံတွင် ပြည်ထောင်စုနှင့် အချုပ်အခြာအာဏာ ပြိုကွဲထိခိုက်စေနိုင်သော ကိစ္စရပ်များကလွဲ၍ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ သယံဇာတခွဲဝေမှု၊ အခွင့်အာဏာ လုပ်ပိုင်ခွင့် ခွဲဝေမှု၊ တန်းတူ ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် စသည်တို့ အားလုံး ဆွေးနွေးညှိနှိုင်းနိုင်မည် ဖြစ်သည်။ ဤအဆင့်သည် နိုင်ငံရေးအင်အား စုများ တောင်းဆိုနေသော ဒုတိယပင်လုံနှင့် တူညီသော အားလုံးပါဝင်သည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးမှု ညီလာခံ ဖြစ်လာပေမည်။ လွှတ်တော်တွင်း နိုင်ငံရေးအင်အားစုများရော လွှတ်တော်ပနိုင်ငံရေး အင်အားစုများသာမက အရပ်ဘက် လူ့အဖွဲ့အစည်းများလည်း ပါဝင်နိုင်မည့် All Inclusive Political Dialogue ဖြစ်လာပေမည်။

နိဂုံး
___
နိုင်ငံရေးစားပွဲဝိုင်းများကို ဖြတ်သန်းရာတွင် Agree-to-Disagree ကို လက်ခံနိုင်ရန် လိုအပ်သလို ဘက်တစ်ဘက်တည်း အမြင်ထက် သန်း(၆၀)အမြင်ကို မြင်ယောင်ကြည့်ကြရန်လည်း လိုအပ်ပေမည်။

စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းသည် နိုင်ငံတည်ဆောက်ခြင်း ဖြစ်သည်နှင့်အညီ ရန်-ငါ အစွဲနှင့် သူ့ဘက်-ကိုယ့်ဘက် ထည့်တွက်ခြင်းများ ရှောင်ရှားကြရန်လည်း အရေးကြီးပေသည်။ သမိုင်းနှင့် ချီသော အမုန်းတရားများကြောင့် သမိုင်းနှင့်ချီသော ဆုံးရှုံးမှုများ ရရှိခဲ့ပြီး ဖြစ်သလို သမိုင်းနှင့်ချီ၍လည်း ဆင်းရဲနွမ်းပါးမှုနွံအတွင်း သက်ဆင်းခဲ့ကြရသည်။

ဤနိုင်ငံ၏ အနာဂတ်ကို ချနင်း၍ စစ်ခင်းရာရောက်နေ သော ပြည်တွင်းစစ်သည် ယနေ့နိုင်ငံရေးယဉ်ကျေးမှုသစ်အရလည်း လိုက်လျောညီထွေ မရှိတော့သည့် အပြင် အဘက်ဘက် နောက်ကျကျန်ရစ်ခဲ့သော တိုင်းပြည်အတွက်လည်း များစွာ ရင်နာဖွယ်ရာ ကောင်းလှပေသည်။

အဆိုးဆုံးမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို နိုင်ငံရေးအမြတ်ထုတ်လိုသူ များက ကစားကွင်းအဖြစ် အသုံးချနိုင်ရန် ကြိုးပမ်းလာကြခြင်းပင် ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် အမြတ်ထုတ်ကောင်းသော နိုင်ငံရေးလက်နက် မဟုတ်သလို ၂၀၁၅ အိပ်မက်များဖြင့် ချိတ်ဆက်ထားရန် လည်း မသင့်ပေ။

စစ်တလင်းမှ တိုင်းရင်းသား ပြည်သူများမှာ နိုင်ငံရေးဟူသည် ဘာမှ မသိရှာကြပါ၊ တော် လှန်ရေးဟူသည်ကိုလည်း မကြည့်နိုင်အားပါ။ ဝဲ-ယာနိုင်ငံရေး အယူဝါဒ ကွဲလွဲမှုများ နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နွေဦးသည် တိုင်းရင်းသားအားလုံးအတွက် နွေဦး ဖြစ်သည်ကို တိုင်းရင်းသားအားလုံးက လက်ခံကြ ရန် အရေးကြီးနေပြီ ဖြစ်သည်။

လက်ရှိ Stakeholder များအနေဖြင့် ရှေ့တန်းတင်ထားသော အကျိုးစီးပွား များ၊ တောင်းဆိုမှုများမှာ မိမိတို့အကျိုးစီးပွားလား၊ သန်း(၆၀)အကျိုးစီးပွားလား ဟူသည်ကို ပြတ်ပြတ်သား သား စည်းခြားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း မီးမောင်းထိုးတင်ပြလိုပေသည်။

ဂျွန်-အက်ဖ်-ကနေဒီ၏ စကား တစ်ခွန်း ရှိပါသည်။“လူသားတို့ကြောင့် ဖြစ်ပွားရသောစစ်ပွဲများကို လူသားတို့ကပင် ငြိမ်းသတ်နိုင်ရမည်” ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ယနေ့ ခေါင်း ဆောင်များ၏ သန်း(၆၀)ကို မျက်နှာမူနိုင်မှု၊ ငြိမ်းချမ်းရေးနှင့်တူသော ငြိမ်းချမ်းရေး အမှန်တစ်ကယ်လိုလား မှုသာ လိုအပ်ပြီး ယင်းခေါင်းဆောင်များ၏ စစ်မှန်သော ငြိမ်းချမ်းရေး သံန္နိဌာန်သာ လိုအပ်ပေမည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Source : The Voice Weekly, Monday, Sept 30-Oct 6, 2013]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

0 comments to “ငြိမ်းချမ်းရေးနှင့်တူသောငြိမ်း ချမ်းရေးနှင့် စစ်မှန်သော သန္နိဌာန် (မှူးဇော်)”

Post a Comment